01 December 2009

မွန်တိုင်းရင်းသူ အမျိုးသမီးငယ် ၃၂ ယောက် ပြည့်တန်ဆာဘဝမှ ထပ်မံ လွတ်မြောက်ခဲ့

ထိုင်းနိုင်ငံ မြန်မာနယ်စပ် ရနောင်းဒေသရှိ ပြည့်တန်ဆာရုံ (၂) ရုံမှ မွန်တိုင်းရင်း သူအမျိုးသမီးငယ် ၃၂ ယောက်အား နိုဝင်ဘာလ ၂၈ ရက်ညပိုင်းတွင် ထပ်မံကယ်တင်နိုင်ခဲ့ကြောင်း စေတနာဝန် ထမ်းကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့မှ ပါဝင်လှုပ်ရှားနေသူ မွန်ဆရာတော်တစ်ပါးက မြွက်ကြားပြောဆိုခဲ့သည်။

“အဲဒီပြည်တန်ဆာရုံရှင်နဲ့ အပေးအယူလုပ်ပြီး ၂၈ ယောက်ကိုရခဲ့တယ်၊ အခြားရုံက ၄ ယောက်ကိုတော့ ခိုးထုတ်ခဲ့ ရတယ်” ဟု မွန်ဆရာတော်နှင့် ကောင်းဝါသတင်းဌာနတို့ တွေ့ဆုံစဉ် ရှင်းလင်းမြွက်ကြားခဲ့သည်။

အဆိုပါ စေတနာဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့သည် ပြန်လည်လွတ်မြောက်လာသော မိန်းခလေးများအား သက်ဆိုင် ရာမိဘဆွေမျိုးများထံ အဆက်အသွယ်ပြုလုပ်ပေးခဲ့ပြီး ကာယကံရှင်များဆန္ဒအရ သွားလိုသည့်နေရာများသို့ လုံခြုံမှု ရှိစေရန် လိုက်လံပို့ဆောင်ပေးခဲ့ကြပြီးဖြစ်သည်။

အရောင်းစားခံ မိန်းခလေးများစုမှာ မွန်ပြည်နယ်တောင်ပိုင်း မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်မှဖြစ်ကြပြီး ယခုလဆန်း ပိုင်း၌ ရနောင်းဖက်ရှိ လူပို့သည့် ထိုင်းလူမျိုးပွဲစားများက ပြည့်တန်ဆာရုံကို ရောင်းချခဲ့သည်ဟု မေးမြန်းချက်အရ သိရသည်။

ယခုကဲ့သို့အစုလိုက်အပြုံလိုက် အရောင်းစားခံနေခဲ့ရသည်ကို မွန်ပြည်နယ်ရှိ မိဘဆွေမျိုးများ မသိခဲ့ကြဟု ဆိုပါသည်။ အလားတူ မွန်ပြည်နယ်ရှိ ဒေသခံပွဲစားများလည်း သိရှိနိုင်မည်မဟုတ်ဟု ယူဆရသည်။

၎င်းကယ်တင်ရေးအဖွဲ့သည် လွန်ခဲ့တဲ့နိုင်ဝင်ဘာလ (၂၄) ရက်နေ့တွင်လည်း  မွန်အမျိုးသမီးငယ်(၅၈) ယောက် အား ကယ်တင်နိုင်ခဲ့ရာ (၁၂) ယောက်မှာ AIDS ရောဂါ အပြင်းအထန်ဝေဒနာခံစားနေကြရသူများ ဖြစ်နေသည်။

AIDS ရောဂါ အပြင်းအထန် ဝေဒနာခံစားနေကြရသူများအနက် ၅ ယောက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင် ဆေးရုံတစ်ရုံ၌ ဆေးကုသပေးနေစဉ် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။ ၄ ယောက်မှာ ဝေဒနာသက်သာသဖြင့် နယ်စပ်တစ်နေရာသို့ ပြောင်းရွေ့သွားပြီး ၃ ဦးမှာဆေးရုံတွင် ကုသခံနေရဆဲဟု ကယ်တင်ရေးအဖွဲ့ဝင် ကိုမင်းပိုင်က ကောင်းဝါသတင်းသို့ ပြောကြားခဲ့သည်။

အရောင်းစားခံ မိန်းခလေးငယ်များအား ကယ်တင်နေသော စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့သည်  ဗန်ကောက်မြို့ အနီးတဝိုက် မဟာချိုင်၊ ရနောင်း၊ ဟတ်ယိုင်ဒေသများတွင် လှုပ်ရှားနေကြပြီး ထိုင်းနိုင်ငံသားများက ဦးဆောင်နေ သည်ဟု သိရသည်။ ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မွန်ဘုန်းတော်ကြီးများလည်းပါဝင်သည်ဟု ၄င်းတို့ပြောပြချက်အရ သိရသည်။
ကောင်းဝါမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ကချင်ပြည်နယ် NLD ပါတီက ရွှေဂုံတိုင် နိုင်ငံရေးရပ်တည်ချက်ကိုပြသ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုမှထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေငြာချက်ကို ထောက်ခံကြောင်း အဖွဲ့ ချုပ်ပါတီ ကချင်ပြည်နယ် မြို့နယ် ၈ ခုမှ ပြည်နယ်နှင့်မြို့နယ် စည်းအဖွဲ့ဝင်များက လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၌ဆုံးဖြတ် လိုက်ကြသည်။

အဆိုပါအစည်းအဝေးကို နိုဝင်ဘာလ ၂၇ ရက်နေ့က မိုးညှင်းမြို့၌ ကျင်းပခဲ့ရာ အဖွဲ့ချုပ်မှ ချမှတ်ထားသော  မူဝါဒ လမ်းညွှန်ချက်များ အတိုင်း ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ကြကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူ  အဖွဲ့ချုပ်ပါတီ မိုးညှင်းမြို့နယ်စည်း ဒုဥက္ကဌ ဦးသန်းနိုင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၂၇ ရက်နေ့မှာ ပြည်နယ်အစည်းအဝေးပွဲ မိုးညှင်းမြို့မှာ လုပ်တယ် မြို့နယ် ၈ ခုက  မြို့နယ်စည်းတွေ ပြည်နယ် စည်းတွေ တက်တယ်ခင်ဗျ လိုက်နိုင်လို့လိုက်ခဲ့ကြသူတွေလည်း တက်တယ်အင်အားများပါတယ် ဗန်းမော် ရွှေကူ မိုးကောင်း မိုးညှင်း မြစ်ကြီးနား တနိုင်း ဖါးကန့် မြို့နယ်တွေပါတယ် တက်တာကတော့ ၈ မြို့နယ်ပါ ရွေဂုံတိုင် ကြေငြာချက်ကို ထောက်ခံတယ် ဒါပါပဲ အဖွဲ့ချုပ်ရဲ့ မူနဲ့ရပ်တည်ချက်တွေ ဒါတွေကိုပဲ ဆုံးဖြတ်ချက်ချသွားတာပါ ပဲ ” လို့ သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက် အဖွဲ့ချုပ်ပါတီ တိုးချဲ့ဖွဲ့စည်းနိုင်ရန်နှင့် အင်အားကျစ်လစ်ခိုင်မာလာစေရန်ကိစ္စများ ကိုလည်း အလေးထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“မိုးညှင်းမြို့နယ် အနေအထားကတော့ ရှင်သန်နေပါတယ် ဒီလိုရှင်သန်သလိုပဲ ကချင်ပြည်နယ်မှာ ဖွဲ့စည်းပြီး သားမြို့နယ် ၈ မြို့နယ်ပေါ့ဗျာ ရှင်သန်နေပါတယ် မပေါ်ပေါက်သေးတဲ့ မြို့နယ်တွေလည်း ပေါ်ပေါက်လာ အောင်အင်အားခိုင်မာ ကျစ်လစ်အောင် တောင့်တင်းအောင် ပြည်နယ်က ဆောင်ရွက်နေပါတယ် ဒါအဖွဲ့ချုပ်မူ အရပဲ ညွန်ကြားချက်နဲ့စည်းကမ်း အတိုင်း ကျနော်တို့လုပ်ဆောင်သွားမှာပါ ” သူက ဆိုသည်။

နိုဝင်ဘာ ၂၈ ရက်နေ့တွင် မိုးညှင်းမြို့နယ် ရပ်ကျေးအဖွဲ့ဝင်များ အစည်းအဝေးကို ဆက်တိုက်ပြုလုပ်ခဲ့ရာဒေသအာဏာပိုင် များက နှောက်ယှက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာပေါ့ဗျာ အောင်သပြေရပ်ကွက်ထဲက ရာအိမ်မှူး သက်ညွန့်က ခြောက်တာလှန့်တာတွေ ရှိတယ် ဒါကြောင့်တက်ရောက်သင့်သလောက် မတက်ရောက်တော့ဘူးပေါ့ဗျာ ကျနော်တို့ပါတီကတရားဝင်ပါတီဖြစ် တဲ့အတွက် ကော်မရှင်ကိုအသိပေးပြီး ဆောင်ရွက်တာ တရားဝင်မူလည်း အဖွဲ့ချုပ်မူအရဆောင်ရွက်တာ စောစောက ယာယီရာအိမ်မှူးက မသွားနဲ့ဖမ်းမယ်ဆီးမယ်ဆိုပြီး ခြောက်လှန့်တာတွေရှိပါတယ် ” လို့ ပြောသွားသည်။
သျှမ်းသံတော်ဆင့်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ထားသည့်စာကို အခြေခံကာ ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားတရပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၂၈) ရက်တွင် ပေးပို့ခဲ့သည်။

“အဓိကကတော့ အစိုးရအနေနဲ့ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ် အမြန်ဆုံးတက်လာဖို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ အနေနဲ့ ဆန္ဒရှိတယ်ဆိုတာကို ဖော်ပြလိုက်တာပါ” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသာဘန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသောပေးစာ နိုဝင်ဘာ (၁၁) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့ပြီး သူ့အနေဖြင့် နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါစာနှင့်စပ်လျဉ်း၍ နအဖစစ်အစိုးရဘက်မှ သီတင်း (၂) ပတ်ကျော်အကြာ တုံ့ပြန်မှုတစုံတရာ မရှိခဲ့သည့်နောက် ၀ါရင့်နိုင်ငံရေးသမားကြီးများက ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ကြခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏စာတွင် ၀ါရင့်အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကြံပေးခြင်း၊ ပန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပေးနိုင်မည့် စာတစောင်ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့်လည်း ဗုဒ္ဓအဆုံးအမများနှင့်အညီ မေတ္တာတရားရှေးရှုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်းတို့ကို ရေးသားထားကြောင်း ဦးသာဘန်းက ပြောသည်။

“၀ါရင့်အဖွဲ့အနေနဲ့ အစဉ်တစိုက် တိုက်တွန်းနေတာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပါပဲ။ လိုအပ်ရင် လိုအပ်သလို စာရေးသား တိုက်တွန်းနေတာပါ။ နအဖအစိုးရဘက်က တုံ့ပြန်မှုရှိတာ မရှိတာက သူ့အပိုင်းလေ။ တို့ လုပ်စရာရှိတာ၊ ပြောစရာရှိတာကို လုပ်တာပြောရမှာက တို့အပိုင်းလေ” ဟုလည်း ၎င်းက ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ကို လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော သခင်ဟောင်းများ၊ ပြည်သူ့ရဲဘော်ဟောင်းများက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က (၂၃) ဦး ပါဝင်သော်လည်း ယခုအခါ (၁၀) ဦးခန့် သာ ကျန်းမာရေးကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။

“ဗိုလ်မှူးအောင်တို့၊ သခင်သိန်းဖေတို့ စဖွဲ့ခဲ့တာပါ။ နောက်တော့ တချို့တွေလည်း ကွယ်လွန်ကုန်ကြ။ တချို့တွေလည်း ကျန်းမာရေး ညံ့ကုန်ကြနဲ့။ အခု သွားလာလှုပ်ရှား ပြောနိုင်ဆိုနိုင်တာက (၇) ဦး၊ (၈) ဦးလောက်ပဲ ရှိပါတော့တယ်” ဟု ဦးသာဘန်းက ပြောသည်။
ခေတ်ပြိုင်မှတဆင့်

ဆက်လက်ဖတ်ရှုရန်...

ဆားတောင်သူများအတွက် ချေးငွေအစီအစဉ် ဖျက်သိမ်း

နာဂစ်ဒဏ်သင့် ဧရာဝတီတိုင်း လပွတ္တာခရိုင်အတွင်းရှိ ဆားတောင်သူများအတွက် ပြန်လည်ထူထောင်ရေး ချေးငွေ (၂) နှစ် အစီအစဉ်ကို စစ်အစိုးရက ဖျက်သိမ်းလိုက်သည်။

ဆားတောင်သူများအတွက် ပြန်လည်ထူထောင်ရေး ချေးငွေအဖြစ် ဆားကွင်း တဧက ကျပ် (၃) သိန်း ချေးပေးသည့် အစီအစဉ်ကို (၂ ) နှစ် သက်တမ်း သတ်မှတ်ခဲ့သော်လည်း စစ်အစိုးရက ချေးငွေကို တနှစ်အတွင်း အကျေပြန်တောင်းပြီး ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

“အရင်နှစ်က နာဂစ်ဖြစ်လို့ ပေးတာ။ အခု မပေးတော့ဘူး။ ချေးငွေက ဆပ်ဖို့ (၃၀) ရာခိုင်နှုန်းလောက် ကျန်သေးတယ်။ ဒီလူတွေကို အရေးယူတာတော့ မလုပ်သေးဘူး။ ဒါပေမယ့် ပြန်ဆပ်ဖို့ တာဝန်ရှိသူတွေက တောင်းနေပါတယ်” လပွတ္တာခရိုင်မှ ဆားလုပ်ငန်းရှင်တဦးက ပြောသည်။

ချေးငွေအစီအစဉ် မရှိသည့်အတွက် ဆားတောင်သူများ ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရပြီး ယခု အောက်တိုဘာ၊ နိုဝင်ဘာတွင် စတင်ရမည့် ဆားလုပ်ငန်း မစတင်နိုင်သေးဘဲ လုပ်ငန်းရှင်အများစုမှာ အရင်းအနှီး ရှာဖွေနေရဆဲဖြစ်သည်။

“ငွေရှာရတာတော့ ရှိတဲ့ ပစ္စည်းထုတ်ရောင်းရတာပါ။ ကျွဲ (၄) ကောင်ရှိရင် (၂) ကောင် ထုတ်ရောင်း။ အင်ဂျင် (၂) လုံးရှိရင်
(၁) လုံး ထုတ်ရောင်း။ ပိုင်ဆိုင်မှုလေးတွေ ထုတ်ရောင်းပြီး နိုင်သလောက်လေးတွေ လုပ်နေကြတယ်” ဟု လပွတ္တာ သက္ကယ်သောင်မှ ဒေသခံ ဆားတောင်သူက ပြောသည်။

ဆားကွင်း တဧက အရင်းအနှီး ကျပ် (၃) သိန်းခန့် ကုန်ကျပြီး ဆားတောင်သူတဦးလျှင် အနည်းဆုံး ဆားကွင်း (၁၀) ဧကခန့် လုပ်ကိုင်ရာ အရင်းအနှီးများစွာ လိုအပ်လျက်ရှိသည်။

နာဂစ်ဒဏ်သင့် ဆားတောင်သူများမှာ ပြန်လည်ထူထောင်ရေးအတွက် စစ်အစိုးရက ယမန်နှစ်က ချေးငွေအစီအစဉ် လုပ်ပေးပြီး နိုင်ငံတကာနှင့် ပြည်တွင်းအန်ဂျီအိုများကမူ အရင်းအနှီးကြီးသည့်အတွက် ပရိုပိုဆယ်တင်ကာ လုပ်ပေးမည့်သူမရှိကြောင်း လပွတ္တာအခြေစိုက် နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းတဦးထံမှ သိရသည်။

လပွတ္တာခရိုင်အတွင်း ဆားလုပ်ငန်းရှင်ပေါင်း (၅၀၀) ခန့်ရှိပြီး ယခုနှစ် ရင်းနှီးငွေ အခက်အခဲကြောင့် မူလ ဆားလုပ်ကွင်း
ဧရိယာ၏ ထက်ဝက်ခန့်သာ လုပ်ကိုင်နိုင်မည်ဟု ခန့်မှန်းရကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

နာဂစ်ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ (၄၃.၇၅) သန်း၊ နိုင်ငံတကာမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၈၈) သန်း ထပ်မံလှူဒါန်းရန် ကတိပြုထားသည်။
ခေတ်ပြိုင်မှတဆင့်
 

ဆက်လက်ဖတ်ရှုရန်...

ခွဲစိတ်ခံပြီး သေဆုံးခဲ့သည့် ကျောင်းသူလေးကိစ္စ စုံစမ်းရေးအဖွဲ့က စုံစမ်းဖော်ထုတ်မည်

ရန်ကုန်တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နေ့က ရွှေ့ဂုံတိုင်ရှိ S S C အထူးကုဆေးခန်းတွင် အူအတက်ရောင်သည်ကို ခွဲစိတ်ပြီးနောက် ကွယ်လွန်သွားခဲ့သော အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူကလေး မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့ဖွဲ့ကာ တပတ်အတွင်း စုံစမ်းဖော်ထုတ်မည်ဟု ယနေ့ထုတ် ကျန်းမာရေးဂျာနယ်ဖြစ်သော Health Digest ဂျာနယ်တွင် ပါရှိသည်။

ယင်းစုံစမ်းရေးအဖွဲ့ကို မြန်မာနိုင်ငံဆေးကောင်စီက အရေးပေါ်ဖွဲ့လိုက်ခြင်းဖြစ်ပြီး သေဆုံးသွားသော ကျောင်းသူလေး၏ မိသားစုဝင်များကို နိုဝင်ဘာ (၂၆) ရက်နေ့တွင် ခေါ်ယူကာ အစည်းအဝေးတခုပြုလုပ်ခဲ့သေးကြောင်း ဆေးကောင်စီအဖွဲ့ဝင် ဆရာဝန်တဦးက ပြောသည်။

ယင်းစုံစမ်းရေးအဖွဲ့တွင် စီမံခန့်ခွဲမှုဆိုင်ရာ ဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် မှုခင်းဆိုင်ရာဆရာဝန်ကြီးများ ပါဝင်ကြောင်း အဆိုပါဂျာနယ်တွင် ပါရှိသည်။

ပြီးခဲ့သည့် တပတ်ကစ၍ အဆိုပါကျောင်းသူကလေးနှင့်ပတ်သက်သော သတင်းများအား ဂျာနယ်များတွင် ဖော်ပြခြင်းကို စာပေစိစစ်ရေးက တားမြစ်ထားကြောင်း ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သိရသည်။

အဆိုပါ ကျောင်းသူကလေး၏သတင်းမှာ ကျန်းမာရေးဂျာနယ်တစောင်ဖြစ်သော Health Digest ဂျာနယ်တွင် ပါရှိပြီးနောက် လျှပ်တပြက်သတင်းဂျာနယ်က အသေးစိတ်ရေးသားဖော်ပြခဲ့ကြောင်း၊ ထို့နောက် ၀ိကလီးအလဲဗင်းဂျာနယ်နှင့် မြန်မာတိုင်းမ်သတင်းဂျာနယ်တို့က ရေးသားသည့်သတင်းများကြောင့် ရန်ကုန်ပြည်သူများက ကျောင်းသူလေးနှင့်ပတ်သက်၍ သနားကရုဏာပိုကာ ခွဲစိတ်ဆရာဝန်ကြီးကို ဒေါသဖြစ်လျက်ရှိကြောင်း သိရသည်။

ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည်သည် ပြီးခဲ့သည့် အောက်တိုဘာ(၂၁) ရက်တွင် စတင်ဖျားပြီး (၂၅) ရက်တွင် S S C ဆေးခန်း သို့ သွားရောက်ပြသရာ ခွဲစိတ်ကုသမှုခံခဲ့ရကြောင်း၊ (၂၇) ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းဂျာနယ် များတွင် ဖော်ပြသည်။

မခိုင်ရွှန်းလဲ့ရည်အား အောက်တိုဘာ (၂၅) ရက်တွင် ခွဲစိတ်ပြီးနောက် အောက်တိုဘာ (၂၆) ရက်၊ နေ့လယ်အချိန် ဆေးခန်းတာဝန်ကျဆရာဝန်က လူနာတွင် သွေးလွန်တုပ်ကွေးရောဂါ ပါလာကြောင်း လာရောက်ပြောဆိုသည်ဟုလည်း ဂျာနယ်များတွင် ပါရှိသည်။

သေဆုံးသွားသော ကျောင်းသူလေးနှင့် နီးစပ်သည့်အသိုင်းအ၀န်းများ၏ ပြောပြချက်အရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေသည်ကို အူအတက်ရောင်သည်ဟု ယူဆကာ ခွဲစိတ်လိုက်ကြောင်း သိရသည်။

ခွဲစိတ်ပေးသည့်ဆရာဝန်မှာ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဆရာဝန် ဦးကြည်စိုးဖြစ်ပြီး S S C အထူးကုဆေးခန်း၏ ရှယ်ယာဝင်တဦးဖြစ်ကြောင်း သိရသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း မဖြစ်လာသေး

ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်ရန်ရှိကြောင်း စစ်အစိုးရက ပြောဆိုနေသော်လည်း အဆိုပါစခန်းမှာ ယခုအချိန်အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။

အဆိုပါစခန်းသစ် ဖွင့်လှစ်ရန်ရှိကြောင်း နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက အောက်တိုဘာ (၁၅) ရက်တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းသစ် ဖြစ်လာရန်လည်း အလှမ်းဝေးသေးကြောင်း၊ ကိုးကန့်ဒေသအတွင်းရှိ လက်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းပင်လျှင် နယ်မြေအခြေအနေ တည်ငြိမ်မှု မရှိသေးသည့်အတွက် ဆက်လက်လုပ်ကိုင်ရန်ပင် မဝံ့မရဲဖြစ်လာနေသည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

ကိုးကန့်နယ်မှ ကုန်သွယ်မှုတွင် ဂျူတီဆောင်ကာ တရားဝင်လုပ်နေသည့်ကုန်သည် အလွန်နည်းပြီး (၁၀) ဦးခန့်သာရှိကြောင်း၊ အများဆုံး လုပ်ကိုင်နေကြသည်မှာ မှောင်ခိုလိုင်းကသာ ဖြစ်သည့်အတွက် ကုန်သွယ်ရေးစခန်းထပ်ဖွင့်ရန် မလွယ်ကူသေးကြောင်း ယင်းကုန်သည်က ပြောသည်။

၎င်းက “ဖွင့်လို့တော့ရတာပေါ့။ လိုင်ဇာလို၊ ကန်ပိုက်တီးတို့လို နာမည်သာရှိပြီး ကုန်သည်မရှိတဲ့ ဟာမျိုး ဖြစ်မှာပေါ့။ အခုချိန်ထိတော့ ရန်လုံကျိုင်းကုန်သွယ်ရေးစခန်း အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ လက်ရှိ ဒီဒေသမှာတောင် ဘယ်နေ့ တိုက်ပွဲဖြစ်မလဲဆိုပြီး ရင်တထိတ်ထိတ်ဖြစ်နေတာ။ နယ်စပ်ဖြတ်ကျော်တဲ့ စာအုပ်တွေ အရန်သင့်လုပ်ထားရတာ။ ဖြစ်လာရင် တရုတ်ဘက်ကမ်း မုန်းတိန်းဘက် ပြေးရအောင်” ဟု ပြောသည်။

မူဆယ်ကုန်သွယ်ရေးဇုန်တွင် ခွင့်မပြုသည့်ကုန်စည်များနှင့် ဂျူတီခများသည့်အတွက်သာ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းတွင် လာရောက် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး အကယ်၍ ရန်လုံကျိုင်းစခန်း ထပ်ဖွင့်လျှင်လည်း ကုန်သည်တိုးလာရန် မရှိနိုင်ဘဲ လက်ရှိကုန်သည်များထဲမှ ပြောင်းပြီး လုပ်ကိုင်ရန်သာ ရှိသည်ဟု မူဆယ် နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “မူဆယ်ဘက်မှာ ကုန်သည် (၅ဝဝ) လောက်ရှိမယ်။ ဒီဘက်မှာ လုပ်ရခက်ရင်သာ အဲဒီဘက်ကို ရွှေ့ပြောင်းကောင်း ရွှေ့ပြောင်းနိုင်တယ်၊ ဒါကလည်း ဖြစ်နိုင်ခြေ သိပ်မရှိဘူး။ အမှန်ကတော့ ရှိတဲ့ကုန်သည်တွေကိုသာ တင်းကျပ်တဲ့ မူဝါဒတွေ လျှော့ပေါ့ပေး၊ နှစ်ဘက်ပြေလည်အောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ စခန်းသစ်တွေ ထပ်ဖွင့်နေတာထက် ရှိတဲ့စခန်းမှာ လုပ်နေတဲ့သူတွေကို မှောင်ခိုဘက် ရောက်မသွားနိုင်အောင် စည်းရုံးဖို့ပဲ အရေးကြီးပါတယ်” ဟု ပြောသည်။

ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် မြန်မာပြည်ဘက်မှ ဆန်၊ ရာဘာ၊ ပြောင်းတို့ကို တရားဝင်တင်ပို့နေပြီး မြေပဲ၊ နှမ်းတို့ကို မှောင်ခိုတင်ပို့ကာ တရုတ်ပြည်ဘက်မှ အချိုမှုန့်၊ ဖျော်ရည်ဘူး၊ ဘီယာများ မှောင်ခိုတင်သွင်းနေသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ရဲနှင့် စစ်တပ်ကိုလည်း ဆိုင်ကယ်စီးခွင့် ပိတ်ပင်

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ရဲ၊ စစ်တပ်နှင့် ဌာနဆိုင်ရာအချို့ကို ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း သုံးဘီးရောင် ဆိုင်ကယ်များ စီးနင်းခွင့်ပြုခဲ့သော်လည်း ယခုအခါ လုံးဝစီးနင်းခွင့် ပြုတော့မည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

ပန်းဆိုးတန်းလမ်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် တာဝန်ကျသည့် သတင်းတပ်ဖွဲ့ အရာရှိတဦးက “ကျနော်တို့ ဆိုင်ကယ်တွေက ဒီဇင်ဘာ (၁၅) ရက်နေ့အထိပဲ စီးခွင့်ရှိတော့တယ်။ အဲဒီနေ့နောက်ပိုင်း စီးခွင့်လုံးဝ မရှိတော့ဘူးလို့ စစ်ဒေသက ညွှန်ကြားတယ်။ အကြောင်းပြချက်တော့ လုံးဝမပေးဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရသည် ၎င်းတို့၏ စစ်ဌာနချုပ်နှင့် ဝန်ကြီးရုံးများ ရန်ကုန်တွင် ရှိစဉ်ကတည်းက စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူ ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပင်ထားခဲ့သော်လည်း ရဲ၊ ထောက်လှမ်းရေးနှင့် ဌာနဆိုင်ရာအချို့ကို ဆက်လက် စီးနင်းခွင့်ပြုထားခဲ့ပြီးနောက်ပိုင်း ရယက အဆင့်သာမက အခြားနီးစပ်ရာများကပါ ရောစီးလာသည့်အတွက် စည်းကမ်းချက်အမျိုးမျိုး ထုတ်ပြန်ခဲ့သည်။

သို့သော် ဆိုင်ကယ်စီးခွင့်ရသူများသည် ရဲ၊ စစ်တပ်အပါအဝင် အာဏာပိုင်အဖွဲ့အစည်းက လူများသာဖြစ်ခြင်းကြောင့် ယာဉ်ထိန်းရဲများအနေဖြင့် စည်းကမ်းထိန်းသိမ်းရေးကို လုံးဝလုပ်ကိုင်၍ မရခဲ့ပေ။

ထိုသို့ ဆိုင်ကယ်များကို စည်းကမ်းထိန်းသိမ်းရန် ခက်ခဲလာခြင်းကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကစပြီး စည်းကမ်းချက်အသစ် ထပ်မံချမှတ်ခဲ့သည်။

အဆိုပါစည်းကမ်းချက်အရ ရဲ၊ စရဖနှင့် ဌာနဆိုင်ရာအလိုက် ဆိုင်ကယ်စီးခွင့်ရသည့်သူ အရေအတွက် သတ်မှတ်ပေးလိုက်ပြီး အဆိုပါ စီးခွင့်ရသူများသည် ကိုယ်စီးမည့်ဆိုင်ကယ်ကို လိမ္မော်ရောင် ဆေးမှုတ်ပြီးမှ စီးခွင့်ပေးခြင်းဖြစ်ပြီး အဆိုပါအချိန်က ဆိုင်ကယ် စုစုပေါင်း (၁,ဝ၁၂) စီးကို စီးခွင့်ပြုထားခဲ့သည်။

ထိုသို့ စီးခွင့်ပြုထားသည့် ဆိုင်ကယ်များအနက် ယခုအခါ လျှပ်စစ်ဝန်ထမ်းများစီးသည့် ဆိုင်ကယ် (၆၅) စီးမှလွဲပြီး ကျန် ဆိုင်ကယ် အားလုံးကို နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း အဆင့် (၃) ဆင့်ခွဲကာ လုံးဝတားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

သုံးဘီးရောင် သတ်မှတ်ပြီး ဆိုင်ကယ်စီးနင်းခွင့်ပြုထားခြင်းအားဖြင့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်တွင် ဆိုင်ကယ်စီးသူ မှန်ပါက အာဏာပိုင်အဖွဲ့အစည်းက လူများသာဖြစ်မည်ဟု ပြည်သူတို့က ထင်ထင်ရှားရှား မှတ်သားနိုင်သည့်အတွက် စိုးရိမ်ပြီး ယခုကဲ့သို့ ဆိုင်ကယ်စီးခွင့် ရုပ်သိမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း သတင်းတပ်ဖွဲ့ အရာရှိတဦးက ထင်မြင်ချက်ပေးသည်။

ရန်ကုန်မြို့ခံများကမူ အာဏာပိုင်အဖွဲ့အစည်းမှလူများ သုံးဘီးရောင်ဆိုင်ကယ် စီးခွင့်ရခြင်းကို မကျေနပ်နေသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်မည်ဆိုခြင်းကို ကျေနပ်နေကြကြောင်း သိရသည်။
  ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.