01 December 2009

ရဲနှင့် စစ်တပ်ကိုလည်း ဆိုင်ကယ်စီးခွင့် ပိတ်ပင်

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ရဲ၊ စစ်တပ်နှင့် ဌာနဆိုင်ရာအချို့ကို ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း သုံးဘီးရောင် ဆိုင်ကယ်များ စီးနင်းခွင့်ပြုခဲ့သော်လည်း ယခုအခါ လုံးဝစီးနင်းခွင့် ပြုတော့မည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

ပန်းဆိုးတန်းလမ်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် တာဝန်ကျသည့် သတင်းတပ်ဖွဲ့ အရာရှိတဦးက “ကျနော်တို့ ဆိုင်ကယ်တွေက ဒီဇင်ဘာ (၁၅) ရက်နေ့အထိပဲ စီးခွင့်ရှိတော့တယ်။ အဲဒီနေ့နောက်ပိုင်း စီးခွင့်လုံးဝ မရှိတော့ဘူးလို့ စစ်ဒေသက ညွှန်ကြားတယ်။ အကြောင်းပြချက်တော့ လုံးဝမပေးဘူး” ဟု ပြောသည်။

နအဖစစ်အစိုးရသည် ၎င်းတို့၏ စစ်ဌာနချုပ်နှင့် ဝန်ကြီးရုံးများ ရန်ကုန်တွင် ရှိစဉ်ကတည်းက စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူ ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပင်ထားခဲ့သော်လည်း ရဲ၊ ထောက်လှမ်းရေးနှင့် ဌာနဆိုင်ရာအချို့ကို ဆက်လက် စီးနင်းခွင့်ပြုထားခဲ့ပြီးနောက်ပိုင်း ရယက အဆင့်သာမက အခြားနီးစပ်ရာများကပါ ရောစီးလာသည့်အတွက် စည်းကမ်းချက်အမျိုးမျိုး ထုတ်ပြန်ခဲ့သည်။

သို့သော် ဆိုင်ကယ်စီးခွင့်ရသူများသည် ရဲ၊ စစ်တပ်အပါအဝင် အာဏာပိုင်အဖွဲ့အစည်းက လူများသာဖြစ်ခြင်းကြောင့် ယာဉ်ထိန်းရဲများအနေဖြင့် စည်းကမ်းထိန်းသိမ်းရေးကို လုံးဝလုပ်ကိုင်၍ မရခဲ့ပေ။

ထိုသို့ ဆိုင်ကယ်များကို စည်းကမ်းထိန်းသိမ်းရန် ခက်ခဲလာခြင်းကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကစပြီး စည်းကမ်းချက်အသစ် ထပ်မံချမှတ်ခဲ့သည်။

အဆိုပါစည်းကမ်းချက်အရ ရဲ၊ စရဖနှင့် ဌာနဆိုင်ရာအလိုက် ဆိုင်ကယ်စီးခွင့်ရသည့်သူ အရေအတွက် သတ်မှတ်ပေးလိုက်ပြီး အဆိုပါ စီးခွင့်ရသူများသည် ကိုယ်စီးမည့်ဆိုင်ကယ်ကို လိမ္မော်ရောင် ဆေးမှုတ်ပြီးမှ စီးခွင့်ပေးခြင်းဖြစ်ပြီး အဆိုပါအချိန်က ဆိုင်ကယ် စုစုပေါင်း (၁,ဝ၁၂) စီးကို စီးခွင့်ပြုထားခဲ့သည်။

ထိုသို့ စီးခွင့်ပြုထားသည့် ဆိုင်ကယ်များအနက် ယခုအခါ လျှပ်စစ်ဝန်ထမ်းများစီးသည့် ဆိုင်ကယ် (၆၅) စီးမှလွဲပြီး ကျန် ဆိုင်ကယ် အားလုံးကို နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း အဆင့် (၃) ဆင့်ခွဲကာ လုံးဝတားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

သုံးဘီးရောင် သတ်မှတ်ပြီး ဆိုင်ကယ်စီးနင်းခွင့်ပြုထားခြင်းအားဖြင့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်တွင် ဆိုင်ကယ်စီးသူ မှန်ပါက အာဏာပိုင်အဖွဲ့အစည်းက လူများသာဖြစ်မည်ဟု ပြည်သူတို့က ထင်ထင်ရှားရှား မှတ်သားနိုင်သည့်အတွက် စိုးရိမ်ပြီး ယခုကဲ့သို့ ဆိုင်ကယ်စီးခွင့် ရုပ်သိမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း သတင်းတပ်ဖွဲ့ အရာရှိတဦးက ထင်မြင်ချက်ပေးသည်။

ရန်ကုန်မြို့ခံများကမူ အာဏာပိုင်အဖွဲ့အစည်းမှလူများ သုံးဘီးရောင်ဆိုင်ကယ် စီးခွင့်ရခြင်းကို မကျေနပ်နေသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်မည်ဆိုခြင်းကို ကျေနပ်နေကြကြောင်း သိရသည်။
  ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.