21 June 2010

မန္တလေးတိုင်းအတွင်းရှိ ကြံ့ဖွံ့ဆိုင်းဘုတ်များဖြုတ်ချ

 မန္တလေးတိုင်းအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များအား သောကြာနေ့က ဖြုတ်ချလိုက်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ (၃၁) မြို့နယ်တွင် ယခင်တင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များအား ပါတီဆိုင်းဘုတ်အသွင်ပြောင်းရန်အတွက် သောကြာနေ့က တပြိုင်တည်း ဖြုတ်ချလိုက်သည်ဟု ဒေသခံတဦးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ယခုလ (၉) ရက်နေ့က နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုခဲ့သည့်နောက်ပိုင်း မန္တလေးဒေသနှင့် မြန်မာပြည်မြောက်ပိုင်းကို အဓိကထားစည်းရုံးမည့် စက်မှု (၁) ဝန်ကြီးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်သောင်း ရောက်ရှိခိုက် ယခုကဲ့သို့ ဖြုတ်ချလိုက်ခြင်းဖြစ်သည်။

ဒေသခံတဦးက “မန္တလေးတိုင်းရုံးဆိုင်ဘုတ်ပေါ့နော်၊ (၇၃) လမ်းထိပ်၊ (၂၇) နဲ့ (၂၈) လမ်းကြားမှာရှိတဲ့ တိုင်းရုံးဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တာ။ စနေနေ့ကတော့ မန္တလေးတိုင်း မြို့နယ်ပေါင်းစုံ အစည်းအဝေးခေါ်တယ်။ ဒီအပတ်အတွင်းတော့ ပါတီဆိုင်းဘုတ်အနေနဲ့ ပြန်တင်မယ်လို့တော့ပြောတယ်” ဟု ဆိုသည်။

အဆိုပါအစည်းအဝေးအား တိုင်းအတွင်းရေးမှူး ဦးလှသောင်းလည်း တက်ရောက်သည်ဟု သိရသည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း၊ စာတိုက်နှင့်ကြေးနန်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့သည် ကြာသပတေးနေ့ နေ့လယ်ပိုင်းကလည်း စည်းရုံးရေးသဘောဖြင့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သွားရောက်ခဲ့ကြသေးသည်။

တချိန်တည်းလိုပင် နိုင်ငံရေးပါတီတခုဖြစ်သော ပြည်ထောင်စုဒီမိုကရက်တစ်ပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် အစိုးရတို့ ကင်းကင်းရှင်းရှင်း ရှိရန်လိုကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း မိုးကုတ်မှတဆင့် မန္တလေးသို့ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ယခုအခါတွင် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခွင့်ပြုထားရာ ပါတီပေါင်း (၃၃) ပါတီသည် မှတ်ပုံတင်ခွင့်ကျခဲ့ပြီးဖြစ်သော်လည်း တိုင်းရင်းသားပါတီ (၃) ခုဖြစ်သော ကချင်ပါတီများမှာ ယခုအထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်မကျသေးပေ။ အဆိုပါ ပါတီများမှာ ကချင်ပြည် နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကချင် (UDP) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ဖြစ်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက်၍ ပါတီ တည်ထောင်ခွင့် လျှောက်ထားသော ပါတီပေါင်း (၄၂) ပါတီရှိပြီး၊ မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၃၅) ပါတီအနက် (၃၃) ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကာ ကျန်ပါတီများအား စိစစ်ဆောင်ရွက်နေကြောင်း သိရှိရသည်။
(ခေတ်ပြိုင်မှ)
ဆက်လက်ဖတ်ရှုရန်...

19 June 2010

ရွေးကောက်ပွဲ မပျက်ရေးနှင့် ကြံ့ဖွံ့ပါတီအား ၀န်းရံရေး နအဖ ချမှတ်

ပြီးခဲ့သည့်မေလအတွင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် တိုင်းမှူး၊ တပ်မမှူးများ၏ ၂ဝ၁ဝ ပထမ လေးလပတ်အစည်းဝေးတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျောထောက်နောက်ခံပြုသွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ပြည်သာယာ စစ်ဆင်ရေးညွှန်ကြားချက်ဟု အမည်ပေးထားသည့် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုင်းမှူး၊ တပ်မမှူးများသို့ ညွှန်ကြားချက်တွင် နိုင်ငံရေးတိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပသွားနိုင်ရေး၊ ကြံ့ဖွံ့ပါတီအား ကျောထောက်နောက်ခံပြု ဝန်းရံပေးရေးအတွက် ဖော်ပြထားသည်ဟု စစ်ဘက်သတင်း ရပ်ကွက်အရ သိရသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စများကိုလည်း ရပ်ဆိုင်းထားကာ နောင်တက်လာမည့် အစိုးရသစ်လက်ထက်၌ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း စစ်တိုင်းဒေသအတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် စီမံချက်များ ရေးဆွဲပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း စစ်ဘက်နှင့် နီးစပ်သူတဦးက ပြောသည်။

နအဖအနေဖြင့် ယခင် ဗိုလ်ချုပ်ကြီးနေဝင်း လမ်းစဉ်အတိုင်း ကျင့်သုံးနေပုံရပြီး ယခုကာလအတွင်း စစ်ရေးထက် နိုင်ငံရေးတိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပသွားရန်ရှိသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဗိုလ်နေဝင်းတုန်းကလည်း သန့်ရှင်းနဲ့ တည်မြဲကွဲတော့ တည်မြဲကို ကျောက်ထောက်နောက်ခံ ပြုခဲ့သေးတယ်၊ မဟန်တော့မှ ဖြုတ်ထုတ်တာတွေ လုပ်ခဲ့တာ။ ၁၉၇၄ တုန်းကလည်း စစ်ဗိုလ်ယူနီဖောင်းချွတ်ပြီး အာဏာယူခဲ့ကြတယ်။ အခုလည်း ဗိုလ်နေဝင်း လုပ်တဲ့အတိုင်း ဆက်လုပ်နေတာပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အာဏာရဖို့၊ အောင်မြင်စွာ ကျင်းပဖို့ လုပ်သွားမယ်။ ဒီကြားထဲ ငြိမ်းအဖွဲ့တွေကို ဖိအားပေးတာတွေ ဘာတွေ မလုပ်တော့ဘူး။ ကိုးကန့်ကို တိုက်ခဲ့တာ အခုချိန်အထိ တပ်မ (၃၃) ကို ပြန်မထုတ်နိုင်သေးဘူး။ တိုက်ပွဲဖြစ်ရင် ရွေးကောက်ပွဲနဲ့ အရမ်းကပ်နေပြီ။ ပြီးတော့ နိုင်ငံတကာနဲ့ တရုတ်ကြီးကလည်း နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်တာခိုက်တာကို မလိုလားဘူး” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နအဖစစစ်ခေါင်းဆောင်များနှင့် စစ်တိုင်းမှူးများက ထူထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ နာမည်ပြောင်းထားခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်အား လက်ရှိ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်က တာဝန်ယူထားသည်။
(ခေတ်ပြိုင်မှ)
ဆက်လက်ဖတ်ရှုရန်...

နိုင်ငံရေးဆိုင်ရာ ထုတ်ဝေခွင့်ကို အာမခံကြေးဖြင့် ထိန်းချုပ်မည်

နိုင်ငံရေးပါတီအချို့ကို ခွင့်ပြုလိုက်ပြီ ဖြစ်သည့် နိုင်ငံရေးပါတီ ထုတ်ဝေခွင့်ကို အာမခံကြေးစနစ်ဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “အခု မှတ်ပုံတင်ခွင့်ပြုချက် ချပေးပြီးတဲ့ နိုင်ငံရေးပါတီတွေထဲက (၅) ပါတီထက်မနည်းကို နိုင်ငံရေးပါတီ ထုတ်ဝေခွင့် ချပေးပြီးပြီ။ အဲဒီပါတီတွေဟာ စာပေစိစစ်ရေးကို တင်ပြီး ကြိုတင်ခွင့်ပြုချက် ရယူစရာမလိုဘဲ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ အဲဒီပါတီရဲ့မူဝါဒ သဘောထားရပ်တည်ချက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိတဲ့ စာရွက်စာတမ်း စာအုပ်နဲ့ လက်ကမ်းစာစောင်တွေကို ထုတ်ဝေခွင့်ရကြမှာဖြစ်တယ်။ ဒါပေမယ့် စာပေစိစစ်ရေးက မကြိုက်တာတွေ ရေးသားဖြန့်ဝေလာရင်တော့ အဲဒီပါတီတွေက ထုတ်ဝေခွင့်အတွက် အာမခံတင်ထားတဲ့ ကျပ်ငွေ (၅) သိန်းကို သိမ်းယူပြီး ထုတ်ဝေခွင့်ကို ရပ်ဆိုင်းမယ်၊ တကယ်လို့ ပြန်လည်ထုတ်ဝေခွင့် ရချင်တယ်ဆိုရင် အာမခံငွေ ပြန်တင်ရမယ်၊ ပြန်လည်လျှောက်ထားရမယ်။ ဒီနည်းနဲ့ ထိန်းချုပ်ဖို့ ပြင်ဆင်ထားတယ်” ဟု ပြောသည်။

ယခုလက်ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ အပါအဝင် ပါတီအချို့ နိုင်ငံရေးပါတီ ထုတ်ဝေခွင့် ရရှိပြီးဖြစ်ကြောင်း၊ ပါတီအချို့မှာမူ ငွေရေးကြေးရေး အခက်အခဲကြောင့် ထုတ်ဝေခွင့်လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။

ထုတ်ဝေခွင့်ရရှိပြီး ပါတီများ၏ အခက်အခဲနှင့်ပတ်သက်၍ ပါတီခေါင်းဆောင်တဦးက ထုတ်ဝေခွင့်သည် လက်ရှိ ပုဂ္ဂလိကဂျာနယ်များကို ခွင့်ပြုထားသကဲ့သို့ အထွေထွေ လိုင်စင် အမျိုးအစားမဟုတ်ဘဲ ပါတီနှင့်ပတ်သက်သည့် ပါတီ၏မူဝါဒ သဘောထားရပ်တည်ချက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များကိုသာ ရေးသား၊ ထုတ်ဝေခွင့်ရမည်ဖြစ်ကြောင်း ပြောသည်။

၎င်း “ကျယ်ကျယ်ပြန့်ပြန့် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ နောက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကလည်း အလွန်များတယ်။ ပုဂ္ဂလိက ဂျာနယ်တွေထက်တောင် များတယ်။ ဆိုတော့ ဝါဒဖြန့်ချိမှုကိုတောင် သိပ်ပြီးလုပ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ထုတ်လုပ်ဖြန့်ချိရေး ကုန်ကျစရိတ် ငွေရေးကြေးရေး အခက်အခဲကလည်း ရှိသေးတယ်” ဟု ရှင်းပြသည်။

အဆိုပါ ထုတ်ဝေခွင့်နှင့် ထုတ်ဝေမည့် နိုင်ငံရေးပါတီများသည် အချက် (၁၁) ချက်ပါ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး လိုက်နာခြင်းမပြုပါက အာမခံငွေကို သိမ်းယူခြင်းသာမက ပါတီကိုလည်း အရေးယူနိုင်သည်ဟု စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

စစ်အစိုးရသည် မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အတွင်း လွတ်လပ်သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများ ပြုလုပ်ပေးမည် ဆိုသော်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကိုမူ လုံးဝ ခွင့်ပြုပေးခြင်း မရှိသေးဘဲ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၏ ပြောဆိုချက်များ အပါအဝင် နိုင်ငံရေးဆိုင်ရာ ရေးသားချက်များကိုလည်း အကြီးအကျယ် စိစစ်ဖြတ်တောက်ပြီးမှ ဖော်ပြခွင့်ပြုနေကြောင်း သိရသည်။

စစ်အစိုးရက ယခုလက်ရှိ မှတ်ပုံတင်ခွင့်ပြုချက် ချထားပေးသည့် ပါတီ (၃၃) ပါတီအနက် ပါတီဟောင်းတခုဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကသာ တိုင်းရင်းသား သတင်းလွှာ ဆိုသည့်အမည်ဖြင့် (၈) မျက်နှာပါ တလ တကြိမ်ထုတ် စာစောင် ထုတ်ဝေလျက်ရှိသည်။

ရန်ကုန်မြို့မှ သတင်းဂျာနယ် အယ်ဒီတာများကမူ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် မပေးဘဲ လွတ်လပ်သည့် ရွေးကောက်ပွဲ လုံးဝဖြစ်နိုင်စရာ မရှိကြောင်း ဝေဖန်ပြောဆိုနေကြသည်။
(ခေတ်ပြိုင်မှ)
ဆက်လက်ဖတ်ရှုရန်...

11 June 2010

မှတ်ပုံတင်ခွင့်ရသည်ပါတီများ ပါတီဆိုင်းဘုတ် ထောင်နိုင်ရန် ပြင်ဆင်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပါတီ မှတ်ပုံ တင်ခွင့် ပြုပြီး ဖြစ်သော ၁၉၉ဝ ရွေးကောက်ပွဲဝင် တည်ဆဲ ပါတီ ငါးခု အပါအဝင် စုစုပေါင်း ပါတီ ၂၉ ပါတီ ရှိပြီ ဖြစ်ရာ ယင်း ပါတီများ သည် ပါတီဆိုင်းဘုတ် ထူထောင်ရန် စတင် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း တိုင်း ဒေသကြီးများ အခြေစိုက် ပါတီများ ထံမှ စုံစမ်း သိရှိ ရသည်။ ''ကျွန်တော်တို့ ပါတီက အခု ကျိုက္ကဆံလမ်းကို ပြောင်းသွား ပြီ။ အဲဒါ ဒီနေ့ (ဇွန်လ ၁ ရက်နေ့) ပါတီ ဆိုင်းဘုတ် တင်ဖို့စီစဉ် ထားတာ သတင်းစာ မှာတော့ ပါတီ မှတ်ပုံ တင်ခွင့် ပြုကြောင်း တရားဝင်ကြေညာ ထားပြီး ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဆီ တရားဝင် အကြောင်းကြားစာ မရောက် သေးတော့ မြို့နယ် ကော်မရှင် မှာ ဆိုင်းဘုတ် တင်လို့ ရမလား စုံစမ်းတော့ သူတို့ဆီ ညွှန်ကြားချက် မရောက် သေးလို့ မတင်ပါနဲ့ဦး ဆိုလို့ ဒီနေ့တော့ မတင်ဖြစ် ဘူး။ ခွင့်ပြုချက် ရတာနဲ့ တင်မှာပါ'' ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။

မှတ်ပုံ တင်ခွင့် ပြုသော ပါတီ များကို ဧပြီလ ၂၈ ရက်နေ့မှ စ၍ နိုင်ငံပိုင် မီဒီယာ များမှ တစ်ဆင့် တရားဝင် ထုတ်ပြန် ကြေညာ ထားပြီး ဖြစ်သည်။ ယင်းသို့ ထုတ်ပြန် ထားသည့်မှတ်ပုံ တင်ခွင့်ရ ပါတီများ စာရင်းတွင် ၁၉၉ဝ ရွေးကောက်ပွဲဝင် တည်ဆဲ ပါတီ ငါးခု ပါဝင်ပြီး ပါတီသစ် ၁၉ ပါတီ တွင် ကိုးပါတီ မှာ တိုင်းရင်းသား ပါတီများ ဖြစ်ကြောင်း တွေ့ရသည်။

''ကျွန်တော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စုံစမ်း ကြည့်တော့ အကြောင်း ကြားစာ ပို့လိုက်ပြီ။ မြို့နယ် ကော်မရှင်ဆီမှာ စုံစမ်းဖို့ ပြောတယ်။ အကြောင်း ကြားစာ ရောက်မှ ဆိုင်းဘုတ် ထောင်ခွင့် ရမယ်လို့ ပြောတယ်။ အခု ထိတော့ မြို့နယ် ကော်မရှင်ဆီကို စာ မရောက်သေးဘူး'' ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင် က ပါတီ ဆိုင်းဘုတ် ထူထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ဆက်သွယ် မေးမြန်း ထားသည်ကို ပြန်လည် ပြောကြား သည်။

ပြည်ထောင်စု ကော်မရှင် က မြို့နယ် ကော်မရှင် ခွဲများ စာရင်းကို ၂ဝ၁ဝ ပြည့်နှစ် မေလ ၆ရက်နေ့က နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် ကြေညာထား ပြီးဖြစ်သည်။ ''ကျွန်မတို့ ပါတီက ဆိုင်းဘုတ်ထောင်ဖို့ လုပ်နေ ပါပြီ။ အခု စာပေ စိစစ် နဲ့မှတ်ပုံတင် ဌာနမှာ မှတ်ပုံတင် လျှောက်ဖို့လုပ်နေတယ်'' ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူးချုပ်ဒေါ်သန်းသန်းနုက ဆိုသည်။၂ဝ၁ဝ ပြည့်နှစ် ဇွန်လ ၂ရက်နေ့ အထိ နိုင်ငံရေး ပါတီပေါင်း ၄၂ ပါတီ တည်ထောင် မှတ်ပုံ တင်ခွင့် လျှောက်ထား ခဲ့ပြီး တည်ထောင်ခွင့် လျှောက်ထားသော ပါတီ သစ် ၃၇ ပါတီ တွင် ၁၉၉ဝ ရွေးကောက် ပွဲဝင် တည်ဆဲ ပါတီ ငါးပါတီ နှင့် ပါတီ သစ်၂၇ ပါတီမှာ ပါတီ မှတ်ပုံ တင်ခွင့် လျှောက်ထား ခဲ့ပြီး ယင်း တို့မှ ၁၉၉ဝ ရွေးကောက်ပွဲဝင် တည်ဆဲ ပါတီ ငါးခု အပါ အဝင် ၂၉ ပါတီ ကို မှတ်ပုံ တင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ဇွန်လ ၁ ရက်နေ့ အထိ ထုတ်ပြန်ထား ချက်များ အရ သိရသည်။


၁၀ . ၆ . ၂၀၁၀ 
(ဟံသာဝတီမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

10 June 2010

ကြံ့ဖွံ့ ပါတီကို နိုင်ငံရေးပါတီ အဖြစ် ခွင့်ပြု

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)
“သူ့ ပါတီနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်တွေ ဇွန်လထဲမှာ ထုတ်မယ် ဆိုပြီး USDP ပါတီက ပြည်တွင်း ဂျာနယ် တွေကိုတော့ တလောက ခေါ်ယူ ပြောဆိုခဲ့ ဖူးတယ်”ဟု ပြည်တွင်း အခြေစိုက် ဂျာနယ် သတင်းထောက် တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားသော ပါတီပေါင်း ၄၂ ပါတီရှိပြီး ၄င်းတို့ အထဲကမှ ကော်မရှင်က ပါတီ တည်ထောင်ခွင့် ခွင့်ပြုချက် ချပေးလိုက်သော ပါတီပေါင်း ၃၃ ပါတီတွင် USDP ကို မှတ်ပုံ တင် အမှတ်စဉ် ၃၂ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဤအတောအတွင်း USDP ကိုမွေးဖွားပေးလိုက်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ဖွံ့)အသင်းသည် ရန်ကုန် တိုင်း ရှိ တချို့မြို့နယ် များတွင် ၎င်းတို့၏အသင်းဆိုင်းဘုတ် ဖြုတ်ချမှုများရှိခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အသင်းမှ ပါတီအသွင် လုံးဝ ပြောင်းလဲခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ကြန်လမ်းနှင့် စီ လမ်း
ထောင့် မြေကွက်အမှတ် ၅ တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားကြောင်းသိရသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အပေါင်းအပါ ၀န်ကြီးများ၊ အစိုးရ အရာရှိကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် USDPပါတီကို ဖွဲ့စည်းခဲ့သည်။  

ထိုသို့ စစ်အစိုးရက နိုင်ငံရေးပါတီ ထူထောင်လိုက်ခြင်းအပေါ် လက်ရှိ အစိုးရ ရာထူးတာဝန်များကို မစွန့်လွှတ်ဘဲ ပါတီ ထောင်ခြင်းသည် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ ဝေဖန် ထောက်ပြမှုများ ထွက်ပေါ်ခဲ့သည်။
(ဧရာဝတီမှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

တစညနှင့် ကြံ့ဖွံ့ ကချင်ပြည်နယ်တွင် အမတ်လောင်းရှာ

ကချင်နိုင်ငံရေးပါတီများ စည်းရုံးခွင့် မရှိနိုင်သေးသည့် ကချင်ပြည်နယ်တွင် တစညပါတီနှင့် ကြံ့ဖွံ့ပါတီတို့က ရွေးကောက်ပွဲဝင်မည့် အမတ်လောင်း ရှာဖွေစည်းရုံးမှုများ လုပ်နေကြောင်း မြစ်ကြီးနားမြို့နေ ကချင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “လက်ရှိ ကချင်ပြည်နယ်ထဲမှာ တစညရော ကြံ့ဖွံ့တို့ကပါ လူထု စည်းရုံးရေးထက် အမတ်လောင်း ရှာဖွေ စည်းရုံးရေးကို ပိုပြီး လုပ်နေကြတယ်။ ဒေသခံတွေက မဲပေး ရွေးချယ်နိုင်လောက်တဲ့ ကချင်လူမျိုး၊ ရှမ်းလူမျိုး သြဇာရှိသူတွေထံ ချဉ်းကပ်ပြီး သူတို့ပါတီတွေရဲ့ အမတ်လောင်းလုပ်ဖို့ စည်းရုံးကြတယ်။ နဂိုကတော့ ဒေသခံ ခေါင်းဆောင်တွေဟာ ကချင်ပါတီတွေမှာ ပါဝင်ဖို့၊ ကချင်ပါတီတခုခုရဲ့ အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ အားခဲထားကြတာ။ ဒါပေမယ့် စစ်အစိုးရက ကချင်ပါတီတွေကို ပါတီထူထောင်ခွင့်တောင် မပေးသေးတဲ့အောက်မှာ စိတ်ပျက်လာကြတယ်။ တချို့ ဒေသခေါင်းဆောင်တွေကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူထုကိုကိုယ် ဖြစ်တဲ့နည်းနဲ့ အကာအကွယ်ပေးရမယ်လို့ စဉ်းစားပြီး တစညနဲ့ ကြံ့ဖွံ့ပါတီက အမတ်လောင်းလုပ်ဖို့ ကမ်းလှမ်းတာကို လက်ခံလိုက်ကြတာတွေ ရှိလာတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အစိုးရ၏ လက်ကိုင်တုတ် ကြံ့ဖွံ့ပါတီမှာ နာမည်ပျက်နေပြီး အမတ်လောင်းစည်းရုံးရာတွင် တစည ပါတီက အသာစီးရနေကြောင်း၊ ကချင်ပြည်နယ် ဒေသခံများကလည်း ပါတီထက် လူပုဂ္ဂိုလ်ကိုကြည့်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်မည့် အနေအထား ရှိနေခြင်းကြောင့် အဆိုပါ ပါတီ (၂) ခု ယခုကဲ့သို့ အမတ်လောင်းရှာနေရခြင်းဖြစ်ကြောင်း ကချင်တိုင်းရင်းသားခေါင်းဆောင်က ပြောသည်။

ယခင် အန်ဒီအေ အဖွဲ့တွင် ခေါင်းဆောင်တာဝန်ယူခဲ့ပြီး ယခုအခါ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ထူထောင်ရာတွင် ပါဝင်သူတဦးက “ကျနော်တို့ပါတီ နေပြည်တော်မှာ ဧပြီ (၃ဝ) ကတည်းက ပါတီတည်ထောင်ခွင့် သွားလျှောက်ထားတယ်။ အခု ဇွန် (၈) ရက်အထိ ဘာမှ အကြောင်းပြန်တာ မရှိသေးဘူး။ ပါတီ တည်ထောင်ခွင့်တောင် မရတော့ ဘာစည်းရုံးရေးမှလည်း မလုပ်နိုင်သေးဘူး” ဟု ပြောသည်။

ကေအိုင်အို၊ အန်ဒီအေနှင့် ကချင်အတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ သည်လည်း ဧပြီ (၅) ရက်နေ့ကတည်းက ပါတီတည်ထောင်ခွင့် လျှောက်ထားသော်လည်း ပါတီတည်ထောင်ခွင့် မရရှိသေးပေ။

အဆိုပါ ပါတီသည် ရွေးကောက်ပွဲကော်မရှင် မဖွဲ့ခင်ကတည်းက ကချင်ပြည်နယ်အတွင်း မြို့နယ်၊ ကျေးရွာ အတော်များများကို စည်းရုံးရေးဆင်းခဲ့ပြီး ပြည်သူလူထု ထောက်ခံမှု ရရှိထားသည့် ပါတီဖြစ်သည်။

ဒေသခံ ကချင်ခေါင်းဆောင် အတော်များများကလည်း အဆိုပါ ပါတီတွင် ပါဝင်ပူးပေါင်းကြရန် အားခဲထားကြသော်လည်း ကချင်ပါတီများ တည်ထောင်ခွင့်မရသေးသည့်အတွက် တစညနှင့် ကြံ့ဖွံ့ပါတီ အခွင့်အရေး ပိုရသွားသကဲ့သို့ ဖြစ်နေသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီကြီးတခုမှ ခေါင်းဆောင်တဦးက “ဒီ ပြည်မကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ၊ မင်းကိုနိုင်တို့ အပါအဝင် နိုင်ငံရေးသမား အတော်များများ ပါဝင်ခွင့် မရကြဘူး။ ကချင်ပြည်နယ်လို နေရာမျိုးမှာလည်း ကချင်တိုင်းရင်းသားတွေ ပါဝင်ခွင့် မရဘူးဆိုရင် ဒီ ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတ လွတ်လပ်တယ် ဆိုပြီး မပြောနိုင်ပါဘူး” ဟု ဝေဖန်ပြောဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲရက်ကို ယခုတိုင်ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ ယခုအခါ ၂၀၁၀ နှစ်ဝက်ကျိုးလာပြီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် ပါတီအဖွဲ့အစည်းများအတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အချိန်လုံလောက်စွာ ရရှိလိမ့်မည်ဟု မထင်ကြောင်း ပြည်တွင်းမှ နိုင်ငံရေးအကဲခတ်တဦးက ပြောကြားသည်။
(ခေတ်ပြိုင်မှတဆင့်)
ဆက်လက်ဖတ်ရှုရန်...

09 June 2010

နိုင်ငံရေးပါတီများ အာဏာပိုင် အဖွဲ့အစည်းများ၏ ခွင့်ပြုချက် ဖြင့်သာ လှုပ်ရှားနေရ

 ‘နအဖ’ စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ပါတီလုပ်ငန်း စဉ်တွေကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းတွေရဲ့ ခွင့်ပြုချက်ရမှ လှုပ်ရှားခွင့်ရရှိ နေကြရတယ်လို့ သိရပါတယ်။ ပါတီဆိုင်းဘုတ်၊ ပါတီရုံးခန်း အပါအ၀င် ပါတီရဲ့ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ပတ် သက်ပြီး ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးတွေအပြင် မယက၊ ခရက နဲ့ တရက လို ‘နအဖ’ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကို အသိပေးပြီး မှ ပြုလုပ်နေကြရပါတယ်။
ဒီလိုပြုလုပ်နေရပုံကို ပါတီထူထောင်ခွင့်ရရှိပြီးဖြစ်တဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ဦးအုန်းလွင်က … “ကျနော်တို့အခု ဆိုင်းဘုတ်တင်ရင်လည်း တိုင်းကော်မရှင်၊ မြို့နယ်ကော်မ ရှင်၊ မယက ကျနော်တို့က စာတင်ပြီးမှ လုပ်ရတာ။ နောက်တခါ ကျနော်တို့ သတင်း စာရှင်းလင်းပွဲကို ခန်းမတွေ ဘာတွေငှားပြီးတော့ လုပ်ခွင့်မရှိဘူး။ ကိုယ့်ရုံးခန်းမှာပဲ ကိုယ်လုပ်ရမယ်ဆိုတာ၊ ဌာနချုပ်ဆိုင်းဘုတ် တင်ပြီးမှ မြို့နယ်ဆိုင်းဘုတ် တင်ရမယ် ဆိုတာတို့၊ နောက် မယက အသိအမှတ်ပြုဖို့ စာတင်ဖို့ လိုတယ်ဆိုတာတော့ ကျနော်တို့ သိပ်မကြိုက်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုရင် အစကတည်းက မကျေနပ် ရင် အချက်လက်နဲ့မညီရင် မှတ်ပုံတင်ခွင့် မပေးနဲ့လေဗျာ။ မှတ်ပုံတင်ခွင့်ပေးပြီးမှ ဆိုတဲ့အခါကျတော့ သိပ်မဟုတ်ဘူးလေဗျာ။”
ဒါအပြင် မဲဆွဲစည်းရုံးရေးတွေမှာ ဒေသခံ ထောက်လှမ်းရေးတွေကြောင့် စည်းရုံးရေး အခက်တွေ့ရပုံကိုလည်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက … “တိုင်းမှာတောင်မှပဲ မြို့နယ်တွေထဲမှာဆိုရင် ကျနော်တို့သွားရင် ထောက် လှမ်းရေးတွေက ရောက်နေပြီ။ ထောက်လှမ်းရေးတွေက သူတို့ရောက်နေတော့ တချို့လူတွေကတော့ ထောက်လှမ်းရေး မြင်တဲ့အခါကျတော့ လန့်တာပေါ့နော်၊ အဲဒါ တွေက ရှိတာပေါ့။ အစည်းအဝေး လာမတက်ရဲတာတို့၊ တချို့လူတွေ ပါတီမ၀င်ရဲ တာတို့ ဒါတွေကတော့ ရှိသွားတာပေါ့။ သူတို့ကိုပြောတာ ခင်ဗျားတို့ ဘာလို့လာ တာလဲဆိုတော့ သူတို့အကြောင်းပြတာက သတင်းလာယူတာပါ။ နောက်ပြီးတော့ သူတို့ကို ခိုင်းစရာရှိရင်၊ ကူညီစရာရှိရင် ကူညီရအောင် လာတာပါလို့ သူတို့က တော့ ပြောတာပေါ့။ ဒါပေမယ့် သူတို့ကို လူတွေကတော့ ကြောက်တာပေါ့။”
နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်စိန် ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ရေးပါတီ အပါအ၀င် တစညပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ပါတီသစ်တွေရဲ့ စည်းရုံးလှုပ်ရှားခွင့်ကတော့ ကွာခြားမှုများလွန်းတယ်လို့လည်း သိရပါတယ်။ လက်ရှိအခြေအနေတွေမှာတော့ ရွေးကောက်ပွဲပြီးကာလတွေမှာ ‘နအဖ’ စစ်အစိုးရအနေနဲ့ သူတို့မျှော်မှန်းထားတဲ့ ကြံ့ခိုင်ရေးနဲ့ တစည စတဲ့ ပါတီတွေ အနိုင် မရဘဲ အရပ်သားနိုင်ငံရေးပါတီတခုခုက အနိုင်ရခဲ့ရင် အာဏာလွဲပြောင်းပေးပါ့ မလားဆိုတဲ့ ဝေဖန်ချက်တွေလည်း နိုင်ငံရေးလောကအတွင်း ထွက်ပေါ်နေပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက သူ့အမြင်ကို အခုလို ပြောပါတယ်။ “၂၀၁၀ ရွေးကောက်ပွဲမှာက စစ်အစိုးရက သူတို့ရဲ့ အခြေခံနေရာတွေကို ယူထားပြီးသား ဖြစ်နေတယ်။ အခြေခံနေရာဆိုတာကတော့ လွှတ်တော်တွေမှာ လေးပုံတပုံကို ယူထားတယ်ပေါ့။ သူတို့အတွက်က သိပ်စိုးရိမ်စရာ မရှိတော့ဘူးထင် တယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကတော့ သူတို့ ရှုံးသွားတယ်ဆိုရင် အာဏာ များ လွှဲပေးလိုက်ရင် သူတို့အတွက် အန္တရာယ်ရှိတယ်လို့ သူတို့ တွက်တာပေါ့နော်။ “အခုတော့ သူတို့က အန္တရာယ်မှ မရှိပဲ။ ဒါကြောင့် ကျနော်ထင်တယ်ပေါ့ နော် ရွေးကောက်ပွဲလည်း တရားမျှတအောင် လုပ်လိမ့်မယ်၊ အာဏာကလည်း ဘယ်သူရသည် ဖြစ်စေ၊ သူတို့ကလည်း သူတို့ဟာသူတို့ ကြိုးစားတော့ သူတို့ လည်း ရချင်ရမှာပေါ့နော်။ မရပဲနဲ့ တခြားပါတီကရရင်လည်း လွှဲပေးလိမ့်မယ်လို့ ထင်တယ်ပေါ့။”
ဒါနဲ့ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်က ဦးအုန်း လွင်က လည်း သူ့အမြင်ကို အခုလိုပြောပါတယ်။ “ဟိုတုန်းကConstitution Proof (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း) မရှိဘူး။ ထင်ယောင်ထင်မှားနဲ့ ဝေေ၀၀ါးဝါးနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ရတယ်၊ အခု Constitution ရှိပြီဗျာ။ အဲဒီ Constitution  ကိုမှ ဖောက်လွဲဖောက်ပြန် လုပ်လို့ရှိရင် ဘယ်သူ့အပြစ်လဲဆိုတာ ကမ္ဘာမှာ ထင်ထင်ရှားရှားနဲ့ ပေါ်လာမှာပေါ့ဗျာ။ အဲဒါက ကျနော်တို့က No one is above law ဆိုတာကိုများ ဖောက်ပြန်ရင် ကျနော်တို့က အဲဒီစာအုပ်ကြီးကို မီးရှို့လိုက်ရုံပေါ့ဗျာ။” လက်ရှိအခြေအနေတွေမှာတော့ ‘နအဖ’ စစ်အစိုးရ ရွေးကောက်ပွဲကျင်းပ ရေးကော်မရှင်ရဲ့ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်စာရင်းအရ နိုင်ငံရေးပါတီ တည် ထောင်ခွင့်နဲ့ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၄၂ ပါတီရှိပြီဖြစ်ပြီး အဲ့ဒီထဲမှာ ပါတီသစ် ၃၂ ပါတီပါဝင်ပြီး၊ ၂၉ ပါတီကို မှတ်ပုံတင် ခွင့်ပြုပြီးဖြစ်ပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်ကိုတော့ အတိအကျ ထုတ် ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ဆက်လက်ဖတ်ရှုရန်...

ရခိုင် မြို့နယ်တချို့ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး

ဒါကာ (မဇ္ဈိမ)။      ။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ မြို့နယ်တွင် ၁၉၉ဝ ခုနှစ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဟောင်းနှင့် ဥပဒေကျွမ်းကျင်သူ ၂ ဦးက ရွေးကောက်ခြင်းဆိုင်ရာ တရက်တာ သင်တန်းကို ယခုလဆန်းတွင် ပေးခဲ့သည်။

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တွင် ရယက ဥက္ကဋ္ဌများနှင့် စာရေးများကို မဲရုံအား ထိန်းသိမ်းစောင့်ကြပ်နိုင်ရန် စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးစည်သူအောင်၊ ခရိုင်လဝကမှူး ဦးမြင့်ဝင်းနှင့် ဥပဒေအရာရှိ ဦးမြင့်သန်းက ရွေးကောက်ပွဲဥပဒေများအား လိုက်လံရှင်းလင်းတင်ပြကာ သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေနဲ့ ဥပဒေစာအုပ်ထဲမှာပါတဲ့ မဲရုံထိန်းသိမ်းရေး ပြဋ္ဌာန်းချက်တွေကို သေသေချာချာ နားလည်သဘောပေါက်အောင် ရှင်းပြတာပါ။ မဲရုံ၊ မဲပုံး၊ မဲထည့်တဲ့ လူတွေကို စနစ်တကျနဲ့၊ ဥပဒေနဲ့အညီ လုပ်တတ်အောင် သင်တာပါ” ဟု သင်တန်းတက်ရောက်ခဲ့သူ ဘူးသီးတောင်မြို့မှ ရယက ဥက္ကဋ္ဌ တဦးက မဇ္ဈိမကို ပြောသည်။

ယင်းသင်တန်းများကို ယခုလ ၁ ရက်နေ့တွင် ရသေ့တောင်မြို့ မြို့တော်ခန်းမတွင်လည်းကောင်း၊ ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့ မယကရုံးနှင့် ၆ ရက်နေ့တွင် မောင်တောမြို့၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းများ ပို့ချခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်များကို ယခုသင်တန်းပေးထားသည့် ရယက ဥက္ကဋ္ဌနှင့်  ရယက ရုံး စာရေးများထဲမှ ရွေးချယ်ဖွဲ့စည်းသွားဖွယ်ရှိကြောင်း မောင်တောမြို့ မယကရုံးမှ စာရေးတဦးက ပြောသည်။
(မဇ္ဈိမမှတဆင့် ကူးယူသည်)
ဆက်လက်ဖတ်ရှုရန်...

02 February 2010

စစ်အုပ်စု ရွေးကောက်ပွဲ ပြင်ဆင်၊ သို့သော် လူထုကို အမှောင်ချ

ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မသတ်မှတ်သေးသော်လည်း စစ်အုပ်စုကို ထောက်ခံသူများကမူ စည်းရုံးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်လျက်ရှိသည်။

''မြန်မာ့အလင်း သတင်းစာမှာ ဒေသခံ ခေါင်းဆောင်တွေကို စစ်အစိုးရ ဝန်ကြီးတွေက လက်ဆွဲနှုတ်ဆက်နေတာတွေ၊ ငွေကြေးအကူအညီ ပေးနေတာတွေနဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေ၊ ဒေသခံတွေကို မိန့်ခွန်းပြောနေတဲ့ ပုံတွေ၊ သတင်းတွေ အပြည့်ဖော်ပြနေတာ တွေ့ရတယ်'' ဟု မြန်မာနိုင်ငံက မကြာခင်သေးခင်က ပြန်ရောက်လာသည့် အနောက်တိုင်း သံတမန်တဦးက မဇ္ဈိမကို ပြောပြသည်။

''ဒါတွေက တကယ်တော့ မဲဆွယ်စည်းရုံးခြင်း တမျိုးပါပဲ။ စစ်တပ်ဟာ ဒေသခံတွေရဲ့ နှလုံးသားကို ဖမ်းစားဖို့ ကြိုးစားနေတာပါ'' ဟု သူက ဆက်ပြောခဲ့သည်။
thanshwe
''ဒီနေ့ မြန်မာနိုင်ငံက ဒီမိုကရေစီဟာ နုနယ်သေးတယ်။ ပြီးတော့ ဂရုတစိုက် စိတ်ရှည်ဖို့နဲ့ အာရုံစူးစိုက်ဖို့လည်း လိုပါတယ်'' ဟု မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ ပြီးခဲ့သည့်နှစ် တပ်မတော်နေ့ မိန့်ခွန်းတွင် ပြောသွားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ လွဲ၍ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ရှားရှားပါးပါး ပြောဆိုခဲ့သော်လည်း သူ့အနေနှင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကို အာဏာမမက်ကြရန်နှင့် စည်းကမ်းလိုက်နာကြရန် အလိုရှိနေလေသည်။

''ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ စနစ်တကျ ကျင်းပဖို့ အစီအစဉ်တွေ ဆွဲနေတုန်းပဲ။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ရလိမ့်မယ်'' ဟု သူက သတိပေးခဲ့သည်။
သို့သော် ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီ အက်ဥပဒေတို့ အတည်မပြုရသေးသော်လည်း ထိုရွေးကောက်ပွဲ အစီအစဉ်များက မြန်မာနိုင်ရှိ အရာအားလုံးကို လွှမ်းမိုးလျက်ရှိသည်။ ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုလည်း အတိအကျ မကြေညာရသေးချေ။

သို့သော် မြန်မာပြည်တဝှန်းတွင် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် တိတ်တဆိတ် ပြင်ဆင်မှုများကို ပြုနေကြသည်။ အစိုးရ အုပ်ချုပ်ရေး ယန္တယားမှာ ယာယီရပ်ဆိုင်းထားပြီး အစိုးရ ဝန်ကြီးများ၊ အရာရှိကြီးများမှာ နိုင်ငံရေး စည်းရုံးမှုများကိုသာ ဦးစားပေး လုပ်ဆောင်နေကြသည်။
''ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ မဆိုင်တဲ့ အစိုးရဆုံးဖြတ်ချက်တွေ ဘာကိုမှ မလုပ်တော့ဘူး'' ဟု အမည်မဖော်လိုသော ထိပ်တန်း ကုလသမဂ္ဂ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ အရေးကြီးသည့် စီမံကိန်းများကို ရွေးကောက်ပွဲများ ပြီးမှသာ စတင်နိုင်မည်ဟု အစိုးရဝန်ကြီးများက အခြား ကုလသမဂ္ဂ အကူအညီပေးရေး အရာရှိတဦးသို့လည်း ပြောပြသည်။

အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးကိုလည်း ဗုဒ္ဓဟူးနေ့သို့ ရွေ့ပြောင်းလိုက်ခြင်းအားဖြင့် ဝန်ကြီးများကို ကြာသပတေးမှ တနင်္ဂနွေအထိ တပတ်လျှင် ၄ ရက်၊ ၎င်းတို့ စည်းရုံးရေးအတွက် တာဝန်ကျရာ အရပ်ဒေသများတွင် လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ခွင့်ပြုခဲ့သည်ဟု ထိပ်တန်း စစ်တပ်အသိုင်းအဝိုင်း အဆိုအရ သိရသည်။ ထိုဆောင်ရွက်ချက်များတွင် သတ်မှတ်ထားသည့် ဒေသခံ လူထုကို လက်ဆောင်ပစ္စည်းနှင့် ငွေကြေးများ ပေးအပ်သည်သာမကဘဲ ရွေးကောက်ပွဲရက် ကြေညာသည့်အခါ စည်းရုံးရေးလုပ်ငန်းများ အမှန်တကယ် လုပ်ဆောင်ရန်အတွက် ငွေကြေးကောက်ခံသည့် လုပ်ငန်းများလည်း ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ သြဇာကြီးပြီး အဂတိလိုက်စားသော ဝန်ကြီးဦးအောင်သောင်းကို ရွေးကောက်ပွဲ စည်းရုံးရေးများ ကြီးကြပ်ရန်နှင့် စစ်အုပ်စုထောက်ခံသော ကိုယ်စားလှယ်များကို ငွေကြေးထောက်ပံ့ရန် တာဝန်ပေးထားသည်ဟု ဗိုလ်ချုပ်မှူးကြီးနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။
thein-sein
သူက ''အဘိုးကြီးရဲ့ လူယုံဖြစ်နေတယ်'' ဟု စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ကုမ္ပဏီတခုမှ အကြီးတန်း မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။ ''သူ့ရဲ့ လျှို့ဝှက်ရည်မှန်းချက်က စစ်အုပ်စုသဘောကျတဲ့ ကိုယ်စားလှယ်တွေကို ရိုဟင်ဂျာတွေက ထောက်ခံလာအောင်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကို လူထုရဲ့ ထောက်ခံမဲတွေရလာအောင် သေသေချာချာ လုပ်ဆောင်ဖို့ပဲ'' ဟု စစ်အစိုးရ အရာရှိတဦးက ပြောသည်။ 

၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့သည်။ သို့သော် မြန်မာစစ်တပ်က ၎င်းတို့ကို အရပ်သားအစိုးရ ဖွဲ့စည်းရန် မည်သို့မှ ခွင့်မပြုခဲ့ချေ။ ဒီတခါ စစ်ဗိုလ်ချုပ်ကြီးများက ထိုစဉ်က အမှားမျိုး ဆက်လက်မကျူးလွန်ရန် စီစဉ်နေပြီး ဤတကြိမ်တွင် သူတို့ မရှုံးရန် အရာအားလုံးကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ တချိန်တည်းမှာပင် ၎င်းတို့က လူတိုင်းကို အမှောင်ထဲမှာ ရှိနေစေခဲ့သည်။

''ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေက အခုဆိုရင် ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီ'' ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက အင်ဒိုနီးရှားဝန်ကြီး မာတီ နာတလီဂါဝါကို ဟနွိုင်းရှိ အာဆီယံဒေသဆိုင်ရာ အစည်းအဝေး တခုတွင် ပြောကြားခဲ့သည်။ ''၁ဝဝ ရာခိုင်နှုန်းပြီးဖို့ နောက်ထပ် ၂ လ ဒါမှမဟုတ် ၃ လ ထပ်စောင့်ရလိမ့်မယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဒီနှစ် ဒုတိယ ခြောက်လပတ်ထဲမှာမှ ဖြစ်လိမ့်မယ်'' ဟု သူက ပြောဆိုကြောင်း သိရသည်။

မြန်မာနှင့် အနီးစပ်ဆုံး မဟာမိတ် တရုတ်နိုင်ငံကလည်း ရွေးကောက်ပွဲသည် ယခုနှစ် နောက်ဆုံး ၃ လ အတွင်း ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း တရုတ်သံတမန်များ အဆိုအရ သိရသည်။ ၎င်းရွေးကောက်ပွဲမှာ ၁ဝ ရက် ၁ဝ လ ၂ဝ၁ဝ ခုနှစ်တွင် ဖြစ်လိမ့်မည်ဟု မြို့တော်သစ် နေပြည်တော်ရှိ ထိပ်တန်း စစ်တပ် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။ နိုင်ငံရေးပါတီ ၁ဝ ခုသာ ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်သိန်းစိန်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဟွာဟင်း၌ ကျင်းပသည့်  အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း အခြား အာရှခေါင်းဆောင်များကို ပြောကြား
ခဲ့ကြောင်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အင်ဒိုနီးရှား သံတမန်တဦးက ပြန်ပြောပြသည်။

သို့သော် အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်ကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်၍လည်းကောင်း တစုံတရာ ရည်ညွှန်းသွားခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ကိန်းဂဏန်းများအပေါ် သက်ဝင်ယုံကြည်လွန်းသော စစ်အုပ်စု၏ အမူအကျင့်အရ ၁ဝ ရက်၊ ၁ဝ လ၊ ၂ဝ၁ဝ မှာ ပိုမိုဖြစ်နိုင်ကြောင်း လူအများက ခန့်မှန်းနေကြသည်။ အတိတ်တုန်းက စစ်တပ်သည် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ နေ့ရက်နှင့် မြို့တော်သစ်သို့ အလုံးအရင်းဖြင့် ပြောင်းရွေ့သည့်နေ့ အပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်တိုင်း ဗေဒင်ဆရာများ၏ တွက်ချက်မှုအပေါ် အခြေခံ၍သော်လည်ကောင်း၊ ထူးခြားသည့် နေ့ရက်များကို အခြေခံ၍သော်လည်ကောင်း ပြုလုပ်လေ့ရှိသည်။ ယခုအခါ ရွေးကောက်ပွဲမှာ ယခုနှစ် မိုးရာသီ ကုန်လွန်ပြီးနောက် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပရန် သေချာနေပြီး လောလောဆယ် ပြောဆိုနေသော နေ့ရက်မှာ လှည့်စားခြင်းသက်သက်သာ ဖြစ်ကြောင်းလည်း ဖြစ်နိုင်လေသည်။ ရွေးကောက်ပွဲကို လူတိုင်း ပုံမှန်အလုပ်နားရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဆိုသည်ကတော့ သေချာနေသည်။

ရွေးကောက်ပွဲဥပဒေ ကြေညာသည့် အချိန်အထိ ဖြစ်နိုင်ချေရှိသော နိုင်ငံရေးသမားများ ပါဝင်လှုပ်ရှားရန် အနည်းအကျဉ်းသာရှိပြီး သူတို့၏ အချိန်ကို စောင့်ဆိုင်းနေရန်သာ ရှိသည်။ ထိုအချိန်ထိ ရွေးကောက်ပွဲ များကို မည်သို့မည်ပုံ ကျင်းပမည်ကို မည်သူမျှ မသိရှိနိုင်သလို ပိုမိုအရေးကြီးသည့် မည်သူများ ပါဝင်ယှဉ်ပြိုင်မည်ကိုလည်း မသိနိုင်ဘဲ ရှိနေသည်။ တရားဝင်အားဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် မရှိသေးဘဲ ထိုသို့ ပြုလုပ်ရန် နိုင်ငံရေး ပါတီများ မှတ်ပုံတင်သည့် ဥပဒေများ ထုတ်ပြန်ပြီး ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးမှုများကို ကြီးကြပ်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပြီးမှသာ ဖြစ်နိုင်လေသည်။

''နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲ ဥပဒေများကို နောက်ဆုံးအချိန်အထိ လျှို့ဝှက်ထားလိမ့်မယ်'' ဟု ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောသည်။ ''ဖြစ်နိုင်ချေရှိတဲ့ အတိုက်အခံတွေ အားလုံးကို ခြေလှမ်းမှားအောင်နဲ့ စုစည်းချိန်မရအောင် သူတို့ လုပ်ထားလိမ့်မယ်'' ဟု ဆက်လက်ပြောသည်။

ပြီးခဲ့သည့် နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့သည့် ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့ မတိုင်မီ လပေါင်း ၂ဝ စောပြီး ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စုခေါင်းဆောင်များက ထိုအမှားမျိုး ထပ်မံမကျူးလွန်ရန် သတိကြီးစွာ ထားနေသည်။ သို့သော် ထိုစဉ်ကထက်စာလျှင် နှစ်ပေါင်း ၂ဝ ဖြတ်ကျော်ပြီးသော ယနေ့ မြန်မာပြည်မှာ လွန်စွာ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှု၊ စော်ကားမော်ကားပြုမှုနှင့် စီးပွားရေး ချွတ်ခြုံကျမှုတို့က မြန်မာလူမျိုး အများအပြားမှာ စစ်တပ်အပေါ် စိတ်ရှုပ်ထွေးစေပြီး ပိုမိုဒေါသထွက်လာစေသည်။ သို့သော် ၎င်းမှာ ရွေးကောက်ပွဲတွင် စစ်အစိုးရ ဆန့်ကျင်သော ခိုင်မာသည့် ဆန္ဒမဲများအဖြစ် ပြောင်းလဲသွားမည်၊ မသွားမည်ကတော့ စောင့်ကြည့်ရဦးမည့် သဘောရှိသည်။ ဒီမိုကရေစီလိုလားသူများအတွင်း ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲလျက်ရှိသည်။

''စစ်တပ်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားမယ့် ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ဘာကြောင့် ဝင်ပြိုင်ရမှာလဲ'' ဟု ပြည်ပရောက် မြန်မာများ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။

''ကျနော်တို့ရဲ့ ခေါင်းဆောင် တော်တော်များများဟာ သူတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေကြောင့် အကျဉ်းထောင်တွေထဲ ရောက်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်မှာလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  သူတို့ဘာသာ ရေးဆွဲပြီး လူတိုင်းကို ပြည်သူ့ဆန္ဒခံယူပွဲမှာ အတင်းအကျပ် ထောက်ခံမဲပေးအောင် လုပ်ပြီး (၂ဝဝ၈ ခု မေလမှာ) ပြဋ္ဌာန်းခဲ့တယ်'' ဟု သူက ဆက်ပြောသည်။

ရွေးကောက်ပွဲများသည် စစ်အစိုးရအတွက် ဒီမိုကရေစီကျသည့် အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲသည်ဟု ထင်ယောင်ထင်မှားဖြစ်ရန် အသုံးချခြင်းသက်သက်သာ ဖြစ်ကြောင်း အကဲခတ်အများက ယုံကြည်နေကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်နေရာ၏ လေးပုံတပုံကို စစ်တပ် အရာရှိများအတွက် သီးခြားဖယ်ထားသည်။ ပြီးခဲ့သည့်နှစ်က အငယ်တန်း အရာရှိများကို စစ်တပ်၏ လွှတ်တော်အမတ်များအဖြစ် ထမ်းဆောင်ရန် နိုင်ငံရေး၊ စီးပွားရေးပညာရပ်များနှင့် ပတ်သက်၍ ၎င်းတို့အတွက် အဆင့်မြင့် အရာရှိသင်တန်းများ၏ တစိတ်တပိုင်းအဖြစ် အထူး သင်တန်းများ ပို့ချခဲ့သည်ဟု စစ်အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။  အမျိုးသား ကာကွယ်ရေးကောလိပ်ဟု အမည်ရသည့် ထိပ်တန်း စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ရသည့် အရာရှိတော်တော်များများမှာ လွှတ်တော်သစ်ရှိ နေရာများအတွက် လျာထားလျက်ရှိသည်။

''၂ဝ၁ဝ မှာ ရွေးကောက်ပွဲဟာ အာဏာရှင်တွေအတွက်ပဲ ဖြစ်လိမ့်မယ်။ သူတို့ကိုယ် သူတို့ စစ်ဝတ်စုံချွတ်ပြီး အရပ်သားပုံစံနဲ့ အာဏာဆက်ယူဖို့ ဖြစ်မယ်'' ဟု ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီ လိုလားသည့် အတိုက်အခံ ဦးစိုးအောင်က ပြောသည်။ စစ်အစိုးရ အရာရှိတော်တော်များများက ယခုဖြစ်စဉ်မှာ ရွေးကောက်ပွဲမဟုတ်ဘဲ ရွေးချယ်ပွဲသာ ဖြစ်လိမ့်မည်ဟု သီးခြား ဝန်ခံလေသည်။

''ဒီနှစ်မှာ ရွေးကောက်ပွဲ ရှိတယ်ဆိုပေမယ့် အောင်ဆန်းစုကြည် ဒါမှမဟုတ် သူမရဲ့ ပါတီ ဝင်ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ အာဏာလွှဲပြောင်းရေးကတော့ ဖြစ်လာစရာ မရှိပါဘူး'' ဟု မြန်မာ့အရေးကို အနီးကပ် လေ့လာနေသော တရုတ်သံတမန်တဦးက ဆိုသည်။  ''အားလုံး အရင်အတိုင်းပဲ။ နိုင်ငံရေး အပြောင်းအလဲ ရှိမှာမဟုတ်ဘူး'' ဟု ထိပ်တန်း တရုတ်အစိုးရ အရာရှိတဦးကလည်း မဇ္ဈိမကို ပြောပြသည်။

၂ဝ၁ဝ အတွက် အာဏာရယူရန် ပါတီများ ဖွဲ့စည်းခြင်းမရှိဘဲ တရားဝင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးရန်အတွက် စစ်အစိုးရက ပြင်ဆင် နေခဲ့သည်။ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများကို စစ်အစိုးရ ကိုယ်စားလှယ်လောင်းကိုသာ ထောက်ခံရန်နှင့် ရန်ပုံငွေ ပံ့ပိုးပေးရန် ညွှန်ကြားထားသည်။ ထို့ကြောင့် အချို့မဲဆန္ဒနယ်များတွင် စီးပွားရေးသမား အချို့အတွက် လျာထားပြီး ငွေကြေး အထောက်အပံ့ကိုလည်း ရယူရန် စီစဉ်ထားသည်။

''ဒီရွေးကောက်ပွဲမှာ ရှုံးလို့မရဘူး'' ဟု မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိပ်တန်း စီးပွားရေးသမား တချို့ကို ပြီးခဲ့သည့်နှစ်က ပြောဆိုခဲ့သည်။ ''တကယ်လို့ ရှုံးခဲ့ရင် လွန်ခဲ့တဲ့ နှစ် ၂ဝ ကြိုးပမ်းခဲ့တာတွေ အလကားဖြစ်သွားမယ်'' ဟု ပြောကြောင်း မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အနောက်တိုင်း သံတမန်များ၏ အဆိုအရ သိရသည်။

ဖြစ်ချင်သောရလဒ် ထွက်ပေါ်လာရေးအတွက် ရွေးကောက်ပွဲများကို အတည်ပြုရန်မှာ စစ်ခေါင်းဆောင်များအတွက် အကြီးမားဆုံး ပြဿနာများဖြစ်သည်။ ရွေးကောက်ပွဲများသာ လွတ်လပ်ပြီး တရားမျှတခဲ့လျှင် ရွေးကောက်ပွဲဝင်မည့်သူများ ထောက်ခံမဲရရန်မှာ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်နိုင်ချေ နည်းနေသည်။ အနည်းဆုံး လက်ရှိ ဝန်ကြီး တဒါဇင်ခန့်ကို ရွေးကောက်ပွဲဝင်ပြိုင်ရန် ဗိုလ်ချုပ်မှူးကြီးက ရွေးချယ်ထားသည်။ ၎င်းတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အစိုးရရာထူးမှ နုတ်ထွက်ရလိမ့်မည်။

အဆိုပါ ဝန်ကြီးများမှာ ၎င်းတို့၏ ဝန်ကြီးဌာနများ အဆင်ပြေချောမွေ့နေစေရန် ယခု ဘဏ္ဍာရေးနှစ်၏ အဆုံးဖြစ်သော ဧပြီလအထိ လက်ရှိရာထူးတွင် ရှိနေရမည်ဖြစ်သည်။ ၎င်းတို့ကို စစ်အစိုးရ၏ လက်ရှိ နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးခြင်းကို သွက်လက်မြန်ဆန်ရန်နှင့် ဝန်ကြီးဌာနများ၏ ငွေစာရင်းများ မှန်ကန်မှုရှိစေရန် ညွှန်ကြားထားသည်။ ရန်ကုန်ရှိ စစ်အစိုးရ ဝန်ကြီးဌာနများမှ ပိုင်ဆိုင်သော ဧက ၁၁ ဝဝဝ ကျော်ရှိသည့် မြေကွက်များနှင့် အဆောက်အဦးများကို ရောင်းချရန်ရှိကြောင်း မြန်မာခေါင်းဆောင်များနှင့် နီးစပ်သည့် အနောက်တိုင်း စီးပွားရေးသမား တဦး၏ အဆိုအရ သိရသည်။

ထိုကာလအတွက် အုပ်ချုပ်ရေးအာဏာသာရှိပြီး ဥပဒေပြုအာဏာမရှိသော ကြားဖြတ်အစိုးရ တရပ်ကို ဖွဲ့စည်းကာ ရွေးကောက်ပွဲ ကျင်းပချိန်အထိ ၆ လတာ အချိန်အတောအတွင်း အုပ်ချုပ်လိမ့်မည်ဖြစ်ပြီး ၎င်းနောက် ရွေးကောက်ခံ လွှတ်တော်သစ် အစည်းအဝေး မစတင်မီ နောက်ထပ် ၆ လခန့်အတွက်လည်း ဖြစ်လိမ့်မည်။ ''အစိုးရအတွက် တနိုင်ငံလုံးက မဲတွေ ရေတွက်ဖို့နဲ့ နောက်ဆုံး ရလဒ်ကို အတည်ပြုဖို့ သီတင်းပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာ ကြာလိမ့်မယ်'' ဟု မြန်မာပြည်တွင်းရှိ မြန်မာပညာရှင်တဦးက ဆိုသည်။ ထိုကာလမှ မလုံလောက်သေးလျှင် လွှတ်တော်သစ်မှာ အနည်းဆုံး တနှစ်အထိ ကြာမြင့်နိုင်သည်ဟု (လွှတ်တော် ဆောက်လုပ်ရေး) စီမံကိန်းအတွက် အလုပ်လုပ်နေသော မြန်မာဆောက်လုပ်ရေး မန်နေဂျာ ဦးဖေထွန်းက မဇ္ဈိမကို ပြောသည်။

လာမည့် လအနည်းငယ်အတွင်း အစိုးရနှင့် စစ်တပ်အတွင်း အဓိက အပြောင်းအလဲမှာ ဖြစ်ထွန်းလိမ့်မည်။ အစိုးရ အုပ်ချုပ်ရေးယန္တယားကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရဝန်ထမ်း အများအပြားမှာလည်း ပင်စင်ယူလိမ့်မည်။ ဝန်ကြီးဌာနများကိုလည်း ခွဲခြမ်းပစ်ပြီး ဝန်ကြီး ၁၇ ဦးသာ ကျန်ရှိလိမ့်မည်ဖြစ်သည်။ နိုင်ငံရေးသမား လုပ်ရန်အတွက် ဝန်ကြီး ၂ ဦးမှာ ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်းတို့၏ ဝန်ကြီးဌာနများကို အခြားဌာနများနှင့် ပူးပေါင်းပစ်ခဲ့သည်။ ကျန်ဝန်ကြီးများမှာ မြန်မာနှစ်သစ်ကူးကာလ (သင်္ကြန်) အပြီး ဧပြီလ အလယ်ပိုင်းလောက်တွင် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံရေးသမား ဖြစ်သွားလိမ့်မည်။ ၎င်းတို့အားလုံးမှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် မှတ်ပုံမတင်မီ ပိုင်ဆိုင်သမျှကို ကြေညာရလိမ့်မည်ဟု မြန်မာနိုင်ငံရှိ အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။

နိုင်ငံရေးပါတီ ဥပဒေကြေညာပြီးနောက် လအနည်းငယ်အတွင်း အခြေခံ လူတန်းစားများအတွင်း စစ်အစိုးရကို ထောက်ခံရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လွန်ခဲ့တဲ့ ၁၅ နှစ်က ဖွဲ့စည်းခဲ့သော လူထုအဖွဲ့အစည်းဖြစ်သည့် ကြံ့ဖွံ့မှာ ယခုနှစ် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန် ပါတီတရပ်အဖြစ် ဖွဲ့စည်းကြောင်း ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

လွန်ခဲ့သည့် နှစ်အနည်းက ပါတီ ၃ ရပ် ဖွဲ့စည်းမည်ဟု စီစဉ်ခဲ့သေးသော်လည်း ယခုအခါ ကြံ့ဖွံ့ လက်အောက်တွင် ပါတီတရပ်သာ ဖွဲ့စည်းမည်ဟု စိတ်ချရသည့် မြန်မာသတင်းရပ်ကွက် အဆိုအရ သိရသည်။ စစ်တပ် အသိုင်းအဝိုင်းအဆိုအရ နိုင်ငံရေးလောကသို့ မဖြစ်မနေ ဝင်ရောက်ရမည့် လက်ရှိဝန်ကြီးများမှာ အဆိုပါ ပါတီသို့ ဝင်ရောက်ရလိမ့်မည်။ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ) မှာလည်း ခေတ်သစ်၏ အစိတ်အပိုင်း တရပ်အဖြစ် တည်ရှိလိမ့်မည်။ ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးက စစ်သားနှင့် အစိုးရ ဝန်ထမ်းများကို တစညသည် စစ်တပ်၏ ညီနောင်ပါတီအဖြစ် သဘောထားရန် ညွှန်ကြားထားကြောင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

လာမည့် လများအတွင်း စစ်တပ်နှင့် အစိုးရအတွင်း အပြောင်းအလဲများ ပေါ်ပေါက်လိမ့်မည်။ အသက် ၆ဝ ပြည့် ပင်စင်ယူရန် ဦးသန်းရွှေက အတင်းအကျပ် စည်းမျဉ်းထုတ်ပြန်သည့်အတိုင်း ထောင်ပေါင်းများစွာ မဟုတ်ခဲ့လျှင် ရာပေါင်းများစွာသော အကြီးတန်း စစ်အရာရှိများကို အနားယူစေပြီး အငယ်တန်း အရာရှိများအတွက် အဆင့်မြင့်ရာထူးများ ရယူရန် စစ်တပ်အတွင်း အပြောင်းအလဲကြီးများ ဖြစ်ပေါ်လိမ့်မည်။ ထိုအချင်းအရာသည် ရွေးကောက်ပွဲများပြီးနောက် ပေါ်ပေါက်လာမည့် ဆက်ဆံရေးသစ်အတွက် အကြီးမားဆုံး ပြင်ဆင်မှု ဖြစ်သည်။

ထုံးစံအားဖြင့် စစ်တိုင်းမှူးများမှာ ဒေသဆိုင်ရာ အရပ်သားအာဏာပိုင်များကို တာဝန်ခံရသည်ဆိုသော်လည်း လွန်ခဲ့သည့် နှစ် ၂ဝ အတွင်း စစ်တပ်၏ အမူအကျင့်မှာ ၎င်းနှင့် ပြောင်းပြန်ဖြစ်သည်။ တချို့ဧရိယာများတွင် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့အကြား လုပ်အားပေးခိုင်းစေမှုနှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး၏ လုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနှင့်နေပြီဖြစ်သည်။

အဓမ္မ သိမ်းပိုက်ထားသည့် မြေယာများကို ပြန်ပေးရန် အာဏာတည်သည့် အမိန့်ကို ဆန့်ကျင်၍ ဒေသဆိုင်ရာ တရားရုံးတို့က ဆုံးဖြတ်ပြီး မြေယာ ပြန်လည်အပ်နှင်းခံရသည့် လယ်သမားများကို ပိုင်နက်ကျူးလွန်မှုနှင့် တရားစွဲဆိုခြင်းများ ရှိနေသည်။ ဒေသတခုတွင် ဗဟိုအာဏာပိုင်တို့က တရားမဝင် သိမ်းယူမှုအဖြစ် လက်ခံထားပြီး မြေယာ ပိုင်ဆိုင်ခွင့် ရရှိသည့် လယ်သမား ၆ဝ ကျော်မှာ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ ထိုအချင်းအရာများမှာ နောက်လာမည့် ပြဿနာများ၏ အစအဦးသာဖြစ်သည်။
ယခုနှစ် ရွေးကောက်ပွဲဖြစ်စဉ်မှာ ပဋိပက္ခ္ခနှင့် စိုးရိမ်ပူပန်မှုများ တိုးမြင့်လာမည့်သဘော ရှိလေသည်။ မြန်မာဆရာဝန်များ၏ အဆိုအရ အထူးသဖြင့် ရန်ကုန်တွင် ပြည်သူလူထုအကြား လာမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ မသေချာမရေရာမှုကြောင့် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့စိတ်များ တိုးပွားလျက်ရှိနေသည်ဟု သိရသည်။

အာရှသံတမန်တချို့၏ အဆိုအရ ရွေးကောက်ပွဲရလဒ်ကို ခန့်မှန်းရန် အလှမ်းဝေးလျက်ရှိသည်။ ''ရွေးကောက်ပွဲ အစီအစဉ်က ရှိနေတုန်းဖြစ်ပေမယ့် သတင်းပတ် ကြာလာတာနဲ့အမျှ စစ်အစိုးရအတွက် ရလဒ်ကို မထိန်းချုပ်နိုင်မှာကို ပိုပိုပြီး စိုးရိမ်နေတယ်'' ဟု ရန်ကုန်အခြေစိုက် အာရှ သံတမန်တဦးက ဆိုသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ထိန်းချုပ်မှုနှင့် ကန့်သတ်မှုများ တိုးပွားလာမည့်သဘော ရှိနေသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများမှာ တနေ့ထက်တနေ့ ပြည်ဝင်ခွင့်ဗီဇာ ရရန်နှင့် ရန်ကုန်မြို့ပြင်သို့ ခရီးထွက်ခွင့် ရရန်မှာ ခက်ခဲလျက်ရှိသည်။ အကြိမ်ကြိမ် ဝင်ထွက်ခွင့် ဗီဇာမှာ အတိတ်တုန်းက အရာသာဖြစ်ကြောင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုမှ ဝန်ထမ်းတဦးက ဆိုသည်။

ဆင်ဆာဖြတ်တောက်မှုနှင့် သတင်းမီဒီယာကို ထိန်းချုပ်မှုမှာလည်း တင်းကျပ်လျက်ရှိသည်။ ပြည်တွင်း စာစောင်များတွင် ရွေးကောက်ပွဲအကြောင်းကို ဖော်ပြခွင့် ရရှိနေသော်လည်း ပါတီများ ဖွဲ့စည်းသည့် အကြောင်းအရာနှင့် ပတ်သက်၍ ပိတ်ပင်ထားသည်ဟု လွတ်လပ်သည့် သတင်းစာစောင်များမှာ အယ်ဒီတာ အများအပြားက ဆိုသည်။

ရွေးကောက်ပွဲမှာ စစ်အစိုးရအတွက် တကယ့် စမ်းသပ်မှုဖြစ်သည်။ သို့သော် အဓိကကျသည့် ကိစ္စရပ်မှာ မြန်မာလူမျိုးများက ရွေးကောက်ပွဲဖြစ်စဉ်ကို မည်သို့ ယူဆသနည်း ဆိုသည့်အပေါ် မူတည်လေသည်။ ''ဒီစစ်အစိုးရ (လူတွေကို)  ကြောက်ရွံ့အောင် အုပ်ချုပ်ထားပေမယ့် (ရွေးကောက်ပွဲ) ရလဒ်ကို စစ်တပ်က အလွန်အကျွံ လှည့်စားတယ်လို့ ယူဆကြရင် အီရန်လို တုံ့ပြန်မှုမျိုး မဖြစ်ဘူးလို့ မပြောနိုင်ဘူး'' ဟု ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော လူငယ်နိုင်ငံရေးသမား တဦးက ဆိုသည်။ သို့သော် ဖမ်းဆီးခံရမည့် အရေးကြောင့် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရင် ငြင်းဆန်ခဲ့သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

31 January 2010

တန်းတူရေး လက်ခံလျှင် တော်လှန်ရေး စွန့်မည်ဟု KIO ထပ်ပြော


တိုင်းရင်းသားလူမျိုးများ တန်းတူရေးကို စစ်အစိုးရဘက်က လက်ခံလျှင် လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်မည်ဟု ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KIO က နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ယနေ့ တွေ့ဆုံရာတွင် ထပ်မံပြောဆိုလိုက်ပြန်သည်။

နအဖ အနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ တန်းတူအခွင့်အရေးကို လက်ခံပါက KIO သည် စစ်အစိုးရ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မလိုအပ်ဘဲ တော်လှန်ရေးကိုပင် စွန့်လွှတ်မည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ ရုံးတွင် တွေ့ဆုံကြရာ၌ KIO က ယခုလို ထပ်မံပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤပြောဆိုချက်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှ အခွင့်အရေး အာမခံသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ရည်ညွှန်း၍ ပြောဆိုခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် KIO အဖွဲ့ ဥက္ကဋ္ဌ ဦးဇောင်းခရား၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂေါင်ရီဇော်ဆိုင်း၊ အဖွဲ့ဝင် ၇ ဦးတို့ ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ တနာရီခန့်ကြာ ဆွေးနွေးခဲ့ကြသည်။

“ဒီနေ့ တနာရီလောက် ကြာပါတယ်။ ဗိုလ်ချုပ်ရဲမြင့်တို့ တိုင်းမှူးတို့နဲ့ သွားတွေ့ပါတယ်။ KIO က ၉ ယောက်ပါ” ဟု မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ်ထဲတွင် ၎င်းတို့အကြား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း KIO ရုံးက ဆိုသည်။

တွေ့ဆုံပွဲတွင် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကမူ နယ်ခြားစောင့်တပ် BGF ပြောင်းလဲဖွဲ့စည်းရန်ကိုသာ ပြန်လည်ပြောဆိုခဲ့သည်။

မြောက်ပိုင်းတိုင်း - မပခ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် KIO ကိုယ်စားလှယ်တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၁ဝ ကြိမ်မြောက် တွေ့ဆုံခဲ့စဉ်ကလည်း နယ်ခြားစောင့်တပ်အရေး မည်သည့်အဖြေမျှ မရရှိခဲ့သဖြင့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ယခုလို ထပ်မံဆွေးနွေးခြင်းလည်း ဖြစ်သည်။

KIO က တိုင်းရင်းသား လူမျိုးများ တန်းတူရေး တောင်းဆိုချက်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တင်ပြခဲ့သော်လည်း ယနေ့ထိ တုံ့ပြန်ခြင်း မရှိသေးကြောင်း ကချင်အရာရှိက ဆိုသည်။

ထို့ပြင် KIO အဖွဲ့အတွင်းရှိ ဌာနတချို့ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KIO က တင်ပြခဲ့သည်ကိုလည်း တိုင်းမှူးက မည်သည့် တုံ့ပြန်ချက်မှ မပေးခဲ့ကြောင်း သိရသည်။

KIO က အဖွဲ့၏ လက်နက်ကိုင်တပ် KIA ကို ကချင်ဒေသလုံခြုံရေးတပ် - KRGF အဖြစ် ပြည်နယ်အစိုးရ လက်အောက်တွင် ဖွဲ့စည်းလိုကြောင်းလည်း တင်ပြထားသည်။

နှစ်ဖက်ကိုယ်စားလှယ်များအကြား ယခုကဲ့သို့ သဘောတူညီမှုမရသေးသည့် အချိန်တွင် ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲနှင့် ကချင်ရိုးရာ မနောပွဲတော်ကို မြစ်ကြီးနားမြို့နယ် အင်ဂျန်းယန် နယ်မြေရှိ KIA တပ်မဟာ ၁ နယ်မြေတွင် လာမည့်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဟု KIO က ထုတ်ဖော်ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ် နမ္မတီးဒေသရှိ KIA တပ်ရင်း ၁၁ တွင်လည်း စစ်အစိုးရနှင့် KIO အဖွဲ့က အပစ်ခတ်ရပ်စဲခဲ့သည့် ၁၆ နှစ်ပြည့် အခမ်းအနားနှင့် တိုင်းရင်းသားပေါင်စုံ ပါဝင်သည့် ချစ်ကြည်ရေး မနောပွဲကို လာမည့်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည်ဟုလည်း ဆိုသည်။

အဆိုပါ ချစ်ကြည်ရေး မနောပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်မြို့မှ တိုင်းရင်းသားများ၊ ကချင်ယဉ်ကျေးမှုအဖွဲ့များသာမက ပြည်နယ်တွင်းရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် KIO က နအဖ စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

23 January 2010

ကြံ့ဖွံ့က အစ္စလာမ် ဘာသာဝင်များကို စည်းရုံး

မြစ်ကြီးနားမြို့ရှိ အစ္စလာမ်ဘာသာဝင်များထံမှ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲရရှိရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက ယခုလဆန်းမှစ၍ ကြိုးပမ်းဆောင်ရွက်နေသည်။

ခရစ်ယာန်ဘာသာဝင် အများဆုံး ကိုးကွယ်ကြသော ကချင်ပြည်နယ်တွင် ဝင်ရောက်ရွေးချယ်ခံရန် လျာထားသူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်ကို မဲထည့်ကြရန် သူ၏အကိုဖြစ်သူ ဦးခင်မောင်လတ် ဦးဆောင်သည့် အဖွဲ့က ဗလီဝတ်ကျောင်းများ၌ စည်းရုံးနေသည်။

“ငြိမ်းချမ်းမှု၊ ဘာသာပေါင်းစုံ အခွင့်အရေး တန်းတူညီမှုကို လက်ရှိ စစ်အစိုးရ လက်ထက်မှာပဲ ရခဲ့တယ်။ အဲဒီအတွက် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အခု စစ်အစိုးရကနေပြီးမှ ရွေးကောက်ပွဲကိုဝင်ဖို့ တင်မြှောက်လိုက်တဲ့ ကြံ့ခိုင်ရေး ကိုယ်စားပြုထားတဲ့ ဗိုလ်မှူးချုပ် သိန်းဇော်ကို မဲထည့်ဖို့ ဆွယ်တရားပေါ့” ဟု ဗလီကျောင်းတွင် နားထောင်ခဲ့ရသူတဦးက မဇ္ဈိမကို ပြောသည်။
USDA_flag
မြစ်ကြီးနားဇာတိဖြစ်သူ ဦးခင်မောင်လတ် (မဆလ - မြို့နယ်ကောင်စီ အတွင်းရေးမှူးဟောင်း) နှင့်အတူ ကချင်ပြည်နယ် ကြံ့ဖွံ့အမှုဆောင် ဒေါက်တာခင်မောင်ထွန်း၊ ဗိုလ်မှူးဟောင်း မြင့်ဆွေ၊ အငြိမ်းစား ဒုဗိုလ်မှူးကြီး မျိုးဆွေတို့ အဖွဲ့က လူနည်းစု အစ္စလာမ်ဘာသာဝင်များကို ဟောပြော စည်းရုံးသည်။

မြစ်ကြီးနားမြို့တွင် တရားဝင် ခွင့်ပြုထားသော ရပ်ကွက် ၇ ခုရှိ ဗလီဝတ်ကျောင်း ၇ ခုအနက် ရပ်ကွက် ၃ ခုတွင် ဟောပြောခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဗလီ ၃ ခုပေါင်းလျှင် ပုံမှန်အားဖြင့် ဝတ်တက်သူ ၇၀၀ ဦးခန့်ရှိကြောင်း၊ ဝတ်ပြုခြင်း ပြီးဆုံးသည်အထိ စောင့်ဆိုင်း၍ ဟောပြောခြင်းဖြစ်ပြီး မဖြစ်မနေ နားထောင်ကြရကြောင်း သိရသည်။

‘အောင်နန်း’ ရပ်ကွက်တွင် ယခုလ ၁ ရက်နေ့၊ ‘ကျွန်းပင်သာ’ တွင် ၈ ရက်နေ့၊ ‘ခေမာသီရိ’ တွင် ၁၅ ရက်နေ့ အသီးသီးဖြစ်သည်။ ‘မင်းရပ်’ ရပ်ကွက်တွင် ယနေ့ ဟောပြောရန် ရှိသော်လည်း အစီအစဉ် ပျက်သွားကြောင်း ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်တဦးက ပြောသည်။

ဗိုလ်မှူးချုပ်သိန်းဇော်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဒူကထောင်ရပ်ကွက်၊ နောင်နန်းကျေးရွာ၊ ရွှေစက်ကျေးရွာ၊ ရှဒေါင်ကျေးရွာ စသည့် ရပ်ကွက်-ကျေးရွာ ၁၈ နေရာတွင် ‘စေတနာပြည့်ဖြိုး’ အခမဲ့ ဆေးခန်းများနှင့် ‘ပါရမီ’ အခမဲ့ ဆေးပေးခန်းများ  ဖွင့်လှစ်ထားကြောင်း မြို့ခံက ပြောသည်။

စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကြံ့ဖွံ့အပါအဝင် နိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့အချို့မှာမူ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ရနေသည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ Kachin State Progressive Party (KSPP) ကလည်း ကချင်ပြည်နယ် အတွင်း ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ ခု သို့ စည်းရုံးရေးခရီး လှည့်လည်သွားရောက်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ၄၆ သန်း၊ ခရစ်ယာန်ဘာသာ ၃ သန်း၊ အစ္စလမ်ဘာသာဝင် ၂ သန်း၊ ဟိန္ဒူ ဘာသာဝင် ၃ သန်း ရှိသည်ဟု စစ်အစိုးရ ထုတ်ပြန်သည့် စာရင်းများက ဆိုသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

21 January 2010

အကြမ်းဖက်မှု ဥပဒေသစ် စစ်အစိုးရ အကျိုးစီးပွားအတွက်ဖြစ်

အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၂၀၁၀ ခုနှစ်တွင် ပြဌာန်းမည့် ဥပဒေသစ်သည် စစ်အစိုးရ အကျိုးစီးပွား အတွက်သာ ဖြစ်နိုင်ကြောင်း ရှေ့နေများက ဆိုသည်။

မြန်မာ နိုင်ငံတွင် အကြမ်းဖက် လုပ်ငန်းများနှင့် ဆက်နွယ် ပတ်သက်သူများကို အရေးယူနိုင်မည့် အကြမ်းဖက်မှု ဥပဒေမူကြမ်းမှာ ပြီးစီးနေပြီဖြစ်၍ အတည်ပြုရန်သာ လိုအပ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှ ရဲမှူးကြီး စစ်အေး၏ အဆိုကို ကိုးကား၍  မြန်မာတိုင်း(မ်) သတင်းတွင် ရေးသားထားသည်။

"အကြမ်းဖက်မှုမှာ ငွေကြေး သော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း ထောက်ပံ့တာတွေ ပါလာခဲ့ရင် အဲဒါတွေကို အရေးယူ နိုင်မယ့် အဆင့် တွေပါလာမှာပါ၊ ဒါဟာပြည်သူ့လုံခြုံ ရေးအတွက် အင်မတန်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါပဲ၊ နောက်တစ်ခုက နိုင်ငံတကာ အကြမ်းဖက်မှုကို အရေးတကြီး နှိပ်ကွပ်နိုင်မယ့် အနေအထားရှိပါတယ်"ဟူသော ရဲမှူးကြီး၏ ပြောဆိုချက်ကို သတင်း က ကိုးကားထားသည်။

အစိုးရ ဆန့်ကျင်ရေးလုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရာတွင် ယင်းဥပဒေကို စစ်ခေါင်းဆောင်များက အသုံးပြုနိုင်ကြောင်း သုံးသပ် လေ့လာသူများနှင့် ရှေ့နေများက ဆိုသည်။

ရှေ့နေတဦးဖြစ်သူ စောကျော်ကျော်မင်းက“တကယ်လို့သာ အဲဒီဥပဒေကို ထုတ်ပြန်မယ်ဆိုရင်လည်း ဒီဥပဒေကိုခုတုံးလုပ်ပြီးတော့ အာဏာရှင် တည်မြဲရေး အတွက်ကို အသုံးချပြီးလုပ်ဆောင်မယ်လို့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။

ဒီမိုကရေစီ အပြောင်းအလဲအတွက် အတိုက်အခံများကို ငွေကြေးထောက်ပံ့ခြင်းများသည် အကြမ်းဖက်မှု မမြောက်ကြောင်း၊ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လက်နက်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မိုင်းထောင်ခြင်းများကို အကြမ်းဖက်လုပ်ရပ်ဟု သတ်မှတ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့မှ ဥပဒေ အတိုင်ပင်ခံ တဦးက“ငွေကြေးယူရုံနဲ့  ပြစ်ဒဏ်မြောက်တယ်ဆိုတာကလည်း အကြမ်းဖက် အဖွဲ့အစည်းမှန်း သိပါလျက်နဲ့ အဲဒီအဖွဲ့ရဲ့ အကျိုးစီးပွား အတွက်ပေါ့ တခုခုလုပ်ဆောင်ရန် တာဝန်ကို လက်ခံတာတို့၊  ဆက်သွယ်တာတို့ အကူ အညီပေးတာတွေနဲ့ ပတ်သက်လာရင်  ငွေကြေးဟာလည်း လက်နက်တခုလို့ ပါဝင်လာတာပေါ့”ဟု ဆိုသည်။

မြန်မာပြည်မှာ အကြမ်းဖက် အဖွဲ့နှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ် ဥပဒေ ထုတ်ပြန်ထားခြင်း မရှိဘဲ မတရားအသင်း အဖြစ် သတ်မှတ်ချက်သာရှိကြောင်း၊ အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းတို့မှာ ကွာခြားမှုရှိပြီး မတရားအသင်းများနှင့် ဆက်သွယ်ပါက ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲ ဆိုနေသည်ကို တွေ့ရကြောင်း၊ ထွက်ပေါ်လာမည့် ဥပဒေတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ပတ်သက်၍ သီးခြား ဖွင့်ဆိုချက် ထုတ်နိုင်ကြောင်း ၎င်းက ပြောသည်။

“လက်နက်ကိုင် ပုန်ကန်နေတဲ့သူတွေကို မတရားအသင်းလို့ သတ်မှတ်ထားရုံက လွဲပြီးတော့ အကြမ်းဖက် လုပ်ရပ်ကို လုပ်တယ် ဆိုတာ စကားလုံးအားဖြင့် သတင်းစာတွေမှာ ဖော်ပြထားတာ တော့ရှိတယ်၊ မတရား အသင်းလား အကြမ်းဖက် အဖွဲ့လား ရှင်းရှင်း လင်းလင်း ဥပဒေထုတ်ပြန်ထားတာ မရှိသေးတော့ အခုမှ ဥပဒေထုတ်ပြန်တယ်ဆိုတဲ့ သဘောပါပဲ” ဟု ယင်း ဥပဒေ အတိုင်ပင်ခံ က ဆိုသည်။

မတရားအသင်းများထံမှ ငွေကြေး ထောက်ပံ့မှုနှင့် အကြမ်းဖက်အဖွဲ့များထံမှ ငွေကြေး ထောက်ပံ့ ရယူခြင်းတို့သည် မတူညီ ကြောင်း၊ မတရား အသင်းနှင့် ဆက်သွယ်သည်ထက် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုက ပိုမို  ပြစ်ဒဏ် ကြီးမား နိုင်ကြောင်း သိရသည်။

အဆိုပါသတင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အကြမ်းဖက်မှုအဖြစ် စွပ်စွဲထားသည်။

KNU အထွေထွေ အတွင်းရေးမှူး  နော်စီဖိုးရာစိန်က“ရွေးကောက်ပွဲ ကျင်းပမယ့်နှစ်မှာ စစ်အစိုးရ ဆန့်ကျင်ရေး မလုပ်ဆောင် နိုင်အောင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊  ထောက်ခံသူတွေ၊ နိုင်ငံသားတွေကို တင်းကျပ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လက ထိန်းသိမ်းထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ၃ ဦးတို့ကို အင်းစိန်ထောင်တွင်း တရားရုံးက ထိုင်းနိုင်ငံမှ ပေးပို့သည့် ငွေကြေးကို လက်ခံရယူခဲ့သည်ဟူသော စွဲချက်နှင့် မတရား အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

19 January 2010

ရွေးကောက်ပွဲဥပဒေ နှောင့်နှေးနေ၍ မချင့်မရဲဖြစ်



ရွေးကောက်ပွဲဥပဒေ မကြေညာသေးဘဲ နှောင့်နှေးနေခြင်းကြောင့် မိမိတို့အနေဖြင့် မည်သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ရမှန်းမသိ ဖြစ်နေသည်ဟု စစ်အစိုးရကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စိုင်းပြင်းနေသော ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတခုက ယနေ့ မချင့်မရဲ ပြောကြားလိုက်သည်။

ရွေးကောက်ပွဲဥပဒေကို မကြေညာသေးသဖြင့် မိမိတို့ ဒီမိုကရက်တစ်ပါတီအနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပါ့မလားဟုပင် ပါတီခေါင်းဆောင်ပိုင်းအနေဖြင့် မရေမရာ ဖြစ်နေရကြောင်းနှင့် ပါတီဖွဲ့စည်းတည်ထောင်ရာ၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်အကန့်အသတ်ဖြင့်သာ ရှိနေမည့်အတွက်ကြောင့်ဖြစ်ကြောင်း ဒီမိုကရက်တစ် ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

''ကျမတို့ကြားတာက ရွေးကောက်ပွဲဥပဒေကို ရွေးကောက်ပွဲနေ့မတိုင်ခင် ၃ လအလိုလောက်မှ ကြေညာမယ်လို့ ကြားတယ်။ ဒါတကယ်မှန်ရင် ဝင်ပြိုင်ဖို့ ခက်မှာပါ။ ဒါကြောင့် ကျမတို့ရပ်တည်ချက်ကို ပြန်သုံးသပ်၊ ပြန်စဉ်းစားနေရပါတယ်'' ဟု သူက ပြောသည်။

ဒီမိုကရက်တစ်ပါတီကို ယခင်ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီး ဒေါ်နေရီဗဆွေတို့ အပါအဝင် ဝါရင့်နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။

ဤအမျိုးသမီး ၃ ဦးသည် အထိန်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ ခေတ်ပြိုင်များဖြစ်ကြပြီး သူတို့၏ ဖခင်များသည်လည်း အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်နှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။

ပထမအကြိမ် ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ဆယ်စုနှစ် ၂ ခုအကြာတွင် နောက်ထပ် အထွေထွေ ရွေးကောက်ပွဲတရပ်ကို ထပ်မံကျင်းပပါမည်ဟု စစ်အစိုးရက ကြေညာထားသော်လည်း ယခုအချိန်ထိ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် ရွေးကောက်ပွဲဥပဒေများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ အဆိုပါ ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်မည့် ကိုယ်စားလှယ်လောင်းနှင့် ပတ်သက်သည့် လမ်းညွှန်မှုများ ပါဝင်မည်ဖြစ်သည်။

''အမှန်တကယ် ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ၃ လပဲ ကြိုပြီး ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန် ကြေညာမယ်ဆိုတဲ့ကိစ္စ ပြန်လည်သုံးသပ်ပေးဖို့ ကျမတို့ဥက္ကဋ္ဌ ဦးသုဝေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မေတ္တာရပ်ခံထားပါတယ်။ အခုထိတော့ ဘာတုံ့ပြန်ချက်မှ ပြန်မရသေးပါဘူး'' ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ထုတ်ဖော်ပြောဆိုသည်။

အခြားနိုင်ငံရေးပါတီများကဲ့သို့ပင် ဒီမိုကရက်တစ်ပါတီသည်လည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် အနည်းဆုံး ၆ လမှ တနှစ်အထိ လိုအပ်သည်ဟု သူက ပြောသည်။ သူတို့တွင် မည်သူ့ကို ပါတီကိုယ်စားပြု ယှဉ်ပြိုင်စေမည်ဆိုသည်ကို ရှာဖွေရွေးချယ်ရန် လိုအပ်ပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း ပြင်ဆင်ချိန် လိုအပ်သည်ဟု ပြောသည်။

''အခုအချိန်မှာတော့ ဘယ်သူက ကိုယ်စားလှယ်လောင်းအဖြစ် အရည်အချင်းပြည့်မီတယ်ဆိုတာတောင် ကျမတို့မှာ မသေချာသေးဘူး။ အားလုံးက ဘာမှမသေချာသေးပါဘူး'' ဟု သူက ပြောသည်။

''ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ဖို့တောင် ကျမတို့စိတ်ထဲမှာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျမတို့ထဲက တချို့က ဝင်ပြိုင်ဖို့ ဖြစ်နိုင်သေးတယ်လို့ ထင်နေသေးတာကြောင့် အခု ကျမတို့ရဲ့ အခြေအနေကို ပြန်သုံးသပ်တာတွေ လုပ်နေပါတယ်'' ဟု သူက ဆက်ပြောသည်။

သူတို့ရရှိထားသည့် သတင်းအရဆိုလျှင် ရွေးကောက်ပွဲဥပဒေကို ဧပြီလအတွင်း ကြေညာမည်ဖြစ်ပြီး ၃ လအကြာတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု ဆိုသည်။ သို့သော် စစ်အစိုးရ၏ လျှို့ဝှက်တတ်လွန်းသည့် သဘောသဘာဝကြောင့် သူရရှိထားသော သတင်းကို သီးခြားလွတ်လပ်စွာ အတည်မပြုနိုင်ပါ။

ဒီမိုကရက်တစ်ပါတီကို ၂ဝဝ၉ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကာ ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည်။

ဤသို့ စစ်အစိုးရက ရွေးကောက်ပွဲရက်ကို မကြေညာသေးသော်လည်း အခြားသတင်းရပ်ကွက်များ၏ အပြောအရ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသော အရပ်သားအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) သည် မကြာသေးခင်ကာလအတွင်း ရပ်ရွာအတွင်း လူထုအကျိုးပြု လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်ဟု ဆိုသည်။ ဤသို့လုပ်ဆောင်ခြင်းသည် ရွေးကောက်ပွဲ မတိုင်မီ လူထု ယုံကြည်မှုနှင့် ထောက်ခံမှုကို ရရှိရန် ပြုလုပ်ခြင်းဖြစ်သည်ဟု အများက ယုံကြည်ကြသည်။
မဇ္ဈိမမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

18 January 2010

လွှတ်တော် ဆောက်လုပ်ရေး အဆုံးမသတ်နိုင်သေး

စစ်အစိုးရက မကြာမီ ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဆိုသော်လည်း နေပြည်တော်တွင် တည်ဆောက် နေသည့် လွှတ်တော် အဆောက် အအုံကြီးမှာ ပြီးစီးခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ဧရာဝတီမှ ရရှိသည့် ဓာတ်ပုံတပုံတွင် ရှေးဟောင်းလက်ရာ စုလစ်မွန်းချွန်များနှင့် လွှတ်တော် အဆောက်အအုံကို ငြမ်းများ တပ်ဆင်ထားပြီး အလုပ်သမား ရာပေါင်းများစွာဖြင့် တည်ဆောက်ဆဲဖြစ်ကြောင်း တွေ့ရသည်။


မကြာသေးမီက တွေ့ရသော နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်အအုံ တည်ဆောက်ရေး မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
မကြာသေးမီက နေပြည်တော်သို့ ရောက်ရှိခဲ့သည့် Reuters သတင်းထောက် ပေးပို့သည့် သတင်းတပုဒ်တွင်လည်း “လုပ်ငန်းတွေ ပြီးဆုံးဖို့ အများကြီး လိုသေးတယ်၊ လမ်းတွေလည်း မပြီးသေးဘူး၊ ဆေးတွေလည်း သုတ်ရအုံးမယ်” ဟု ဖော်ပြထားသည်။

ယခုနှစ်တွင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပေးရေးအတွက် စီမံဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး၏ ၆၂နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

သို့သော်လည်း ရွေးကောက်ပွဲ အချိန်ဇယား အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။  မကြာသေးမီက ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာတွင် စစ်အစိုးရက ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပမည် ဖြစ်ပြီး၊ ၎င်းရက်သည် ၁၀- ၁၀- ၁၀ ရက်နေ့တွင် ကျရောက်ကြောင်း အမည်မဖော်လိုသူ စစ်တပ် အရာရှိကြီး တဦးကို ကိုးကား၍ ရေးသားထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းကလည်း ရွေးကောက်ပွဲ ဥပဒေ ရေးဆွဲမှုသည် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ဒုတိယ နှစ်လယ်ပိုင်း၌ ပြုလုပ်နိုင်ဖွယ် ရှိကြောင်း မကြာသေးမီက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ သူက စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ကိုးကားပြီး ပြန်လည် ဖောက်သည်ချခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရေး အကဲခတ်များကမူ ရွေးကောက်ပွဲ ဥပဒေသည် ရေးဆွဲ ပြီးစီးနေပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်ဟု ယူဆကြသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကက်ဆုရာ အိုကာဒါနှင့် တွေ့ဆုံရာတွင် ယခု ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ပါတီပေါင်းစုံနှင့် ပြည်သူများ ပါဝင်နိုင်စေရန် လမ်းဖွင့်ပေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေးဌာန အရာရှိများက ဆိုသည်။

သို့ရာတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများ မပြီးစီးသေးသည့် အတွက်  စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အနိုင်ရရှိသည့် လူထုကိုယ်စားလှယ်များထံ အာဏာလွှဲပြောင်းရေး၊ လွှတ်တော် ခေါ်ယူရေးတို့အတွက် အချိန် ကြာကောင်းကြာဦးမည် ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုနေကြသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

17 January 2010

နအဖ ကျင်းပမည့်ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဟု ဥပဒေအတိုင်ပင်ခံတဦး ထောက်ပြပြောဆို



နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခုနှစ်အတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့မှုသည် မည်သို့မျှမဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေဟောင်းတဦးက ပြောသည်။
ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယခုလ (၁၃) ရက်တွင် ပြောကြား ခဲ့ကြောင်း အာဆီယံအတွင်းရေးမှူး စူရင်ပစ်စ၀မ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဦးဉာဏ်ဝင်းပြောကြားချက်နှင့်ပတ်သက်၍ ယခင်က တရားရုံးချုပ်ရှေ့နေဟောင်းတဦးဖြစ်ပြီး ယခု ဥပဒေအတိုင်ပင်ခံ တဦးဖြစ်သည့် ဦးအောင်သိန်းက ယခုကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း ထောက်ပြပြောဆိုသည်။
၎င်းက “၂၀၁၀မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကိုလည်း သတင်းစာတွေကနေပြီးတော့ အများပြည်သူသိအောင် ဘယ်ရက် ဘယ်လမှာ အတိအကျလုပ်မယ်ဆိုပြီးတော့ ထုတ်ပြန်ကြေညာထားချက်လည်း အခုထိမတွေ့ရသေးဘူး။ နောက်တချက်က သူပြော၊ ငါပြော၊ ဘေးပြော ထမင်းစားပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ပြောတာတွေကတော့ သူတို့ယူဆချက်တွေ သူတို့ပြောတာ ဖြစ်မယ်။ အမှန်တော့ ဒါဟာ နိုင်ငံတခုအတွက် အရေးကြီးတဲ့ အပြောင်းအလဲတခုဖြစ်မယ့် ကိစ္စရပ်ဟာ ရက်တို့အချိန်တို့ ကန့်သတ်ချက် တိတိကျကျဖြစ်ဖို့လိုတယ်” ဟု ပြောသည်။
ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်အနေဖြင့် မည်သူများ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်၊ မည်သူများ ပါတီထူထောင်နိုင်မည့် အနေအထားရှိမည်၊ ရွေးကောက်ပွဲပြီးပါက မည်သည့်အချိန် လွှတ်တော်ခေါ်ယူကာ မည်သည့်အချိန် အာဏာလွှဲပေးမည် စသည့် အသေးစိတ်အချက်အလက်များလည်း ကော်မရှင်အနေဖြင့် ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ရှင်းပြသည်။
“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အဲလိုပဲ ကော်မရှင်ဥပဒေတော့ ထုတ်လိုက်တာပဲ။ အဲဒီမှာ ချန်လှပ်ကွက်တွေနဲ့ ဒီနေ့အထိ ၁၉၉၀ ရွေးကောက်ပွဲရဲ့ရလဒ်က အကောင်အထည်ပေါ်လာနိုင်ခြင်း မရှိသေးတာကို တွေ့ရတာပေါ့။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာ တရားမျှတတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုတင်ပြင်ဆင်ရမယ့် အချက်အလက်တွေရှိဖို့ လိုအပ်တယ်။ အဲဒါတွေမရှိသေးဘူးဆိုရင် အဲလိုခြွင်းချန် ချို့ယွင်းနေတဲ့အချက်အလက်ကသည်ပင်လျှင် တရားမျှတမှုကို မဖြစ်စေဘူးလို့ ကျနော်တို့က မြင်တယ်” ဟု ဦးအောင်သိန်းက ပြောသည်။
လက်ရှိစစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ပြောဆိုနေသော်လည်း ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့် စည်းရုံးလှုပ်ရှားမှုအချိန် လုံလုံလောက်လောက် ရနိုင်မည်မထင်ကြောင်း ၎င်းကပြောသည်။
“အစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကတော့ ကွင်းဆင်းပြီးစည်းရုံးနေတာ ကြာလှပြီ။ လုပ်ငန်းရှင်တွေ လုပ်နေတယ်။ ရွေးကောက်ပွဲဝင်မယ့် ၀န်ကြီးတွေက နယ်မြေသတ်မှတ် ပိုင်းခြားခွင့်တွေ လုပ်နေတယ်။ အဲဒီလူတွေကို အချိန်တွေပေးပြီးတော့ ပါတီသစ်တွေက ၀င်ရောက်ယှဉ်ပြိုင်မယ့်သူတွေနဲ့ အနှစ် (၂၀) လောက် အထိုင်ကျနေတဲ့ အန်အယ်လ်ဒီပါတီကိုတောင်မှ စည်းရုံးလှုပ်ရှားခွင့်တွေ၊ ရုံးဖွင့်ခွင့်မပေးတာတွေ စတဲ့ ဒီလိုအခြေခံအချက်အလက်တွေ မပေးဘဲနဲ့ ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောဆိုနိုင်မှာတုန်း” ဟု ဦးအောင်သိန်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲဥပဒေအရ အန်အယ်လ်ဒီပါတီအနေဖြင့် အနည်းဆုံး (၁) နှစ်နီးပါး ပါတီထူထောင်ခွင့် စည်းရုံးလှုပ်ရှားခွင့်များ ရခဲ့ကြောင်း၊ ယခုမူ ရွေးကောက်ပွဲရက်ကိုပင် မကြေညာနိုင်သေးသည့်အတွက် စစ်အစိုးရပြောနေသည့် ဒီမိုကရေစီကျကျ ရွေးကောက်ပွဲတခုဖြစ်ရန် စံချိန်စံညွှန်းများနှင့် မညီညွတ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အခုထလုပ်ပြီး ယှဉ်ပြိုင်ပါတယ်ဆိုတာ အစိုးရနဲ့လိုလားသူတွေအတွက်ပဲ ဖြစ်မှာပေါ့။ အဲလိုရွေးကောက်ပွဲကို လုပ်ဖြစ်လိုက်သည့်တိုင်အောင် လွှတ်တော်ထဲမှာ အစိုးရကို ဝေဖန်နိုင်မယ့်၊ အတိုက်အခံပြုထောက်ပြနိုင်မယ့်၊ အမှန်ကို ရှင်းပြနိုင်မယ့် ပုဂ္ဂိုလ် မပါသလောက် ဖြစ်သွားနိုင်ပါတယ်” ဟု ဦးအောင်သိန်းက ပြောသည်။
အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ပါတီများကို လုံလောက်သည့် စည်းရုံးလှုပ်ရှားမှု အချိန်ပေးရန်၊ ၁၉၉၀ ရလဒ်ကို ပုံစံတခုဖြင့် အသိပြုရန်တို့ လိုအပ်ပြီး ယင်းလုပ်ဆောင်ချက်များ တခုခု ချို့ယွင်းနေပါက မည်သို့မျှ တရားမျှတသည့် ရွေးကောက်ပွဲလမ်းကြောင်းပေါ်သို့ ရောက်လာနိုင်စရာမရှိကြောင်း ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်းက ထောက်ပြပြောဆိုသည်။
ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေကမူ ပါတီမှတ်ပုံတင်ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတို့ မထွက်သေးသည့်အတွက် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုသည်မှာ စည်းရုံးလှုပ်ရှားခွင့်ကာလ မည်မျှ ရရှိနိုင်မည်ဆိုသည့် အချိန်ကာလအပေါ် မူတည်သည်ဟု ပြောဆိုသည်။
၎င်းက “တကယ့်တကယ် ပြောရရင်တော့ စည်းရုံးလှုပ်ရှားခွင့်ဆိုတာ တပြည်လုံးလှုပ်ရှားဖို့ဆိုရင် အမှန်အတိုင်းက (၁) နှစ်လောက် လိုတာပေါ့နော်။ အခုဟာက (၁) နှစ်တောင် မရှိတော့ဘူးလေ။ ပါတီတွေက တကယ်ဖွဲ့ပြီးသားဆိုရင်တော့ အရေးမကြီးပါဘူး။ ဒါပေမယ့် ပါတီတွေက အခုမှစဖွဲ့ရမယ်၊ စည်းရုံးရမယ်ဆိုတော့ တော်တော်ခက်ခက်ခဲခဲ လုပ်ယူရမယ်။ လုံလောက်တဲ့အချိန် ကာလရယ်၊ ထွက်လာတဲ့ဥပဒေက ဘာကန့်သတ်ချက်တွေရှိဦးမလဲ ဆိုတာတွေပေါ်မှာလည်း တည်သေးတယ်။ အဲဒါကို ကြည့်ပြီးတော့မှ ပြောလို့ရမှာ။ အခက်အခဲတွေက ဘယ်လောက်ရှိမယ်၊ လုပ်နိုင်၏ မလုပ်နိုင်၏ဆိုတာ စဉ်းစားရမှာပေါ့နော်။ အချိန်လုံလောက်မှုမရှိရင်တော့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားရမယ့်သဘောရှိပါတယ်” ဟု ပြောသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ရှေ့နေများကောင်စီ တိုက်တွန်း




၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံများသို့ သွားရောက်မဲမထည့်ဘဲ လူထုပါဝင်ပတ်သက်မှုမရှိသော မတရားသည့် ရွေးကောက်ပွဲအဖြစ် ပြည်သူလူထုအနေဖြင့် ဆန့်ကျင်သွားကြရန် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ယနေ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
“မြန်မာပြည်မှာ ရွေးကောက်ပွဲ (၅) ခါ လုပ်ခဲ့တဲ့အထဲမှာ မဲမပေး မနေရ၊ မဖြစ်မနေ မဲပေးရမယ်ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းထားတာမျိုး မရှိခဲ့ဘူး။ မဲဆန္ဒရှင်တွေရဲ့ သဘောအတိုင်း မဲပေးလိုရင် ပေးနိုင်ခွင့် ရှိတဲ့စနစ်ကိုပဲ ကျင့်သုံးထားတယ်။ ကျနော်တို့က အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု မရှိတဲ့ ရွေးကောက်ပွဲပဲ ဖြစ်တယ်။ ဒါကြောင့် မဲရုံကိုသွားပြီး မဲမထည့်ကြဖို့ ပြည်သူတွေကို တိုက်တွန်းတာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေ ရေးရာသုံးသပ်ရေးဌာနမှ တာဝန်ခံ ဦးမျိုးက ပြောကြားသည်။
ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေများကို ယခုအထိ ထုတ်ပြန်ပေးခြင်း မရှိသေးသော်လည်း နအဖစစ်အစိုးရနှင့် ၎င်းတို့၏ လက်ဝေခံများက ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်း၊ အတိုက်အခံ နိုင်ငံရေးပါတီများကို အမျိုးမျိုးဖိနှိပ်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးကိုသာ လုပ်ဆောင်နေခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် အတိုက်အခံ နိုင်ငံရေးပါတီများ၏ စည်းရုံးရေး လုပ်ငန်းများ လုံလောက်သည့်အချိန်ကာလ ရရှိတော့မည်မဟုတ်ကြောင်း၊ မဲပေးနိုင်သူ စာရင်း၏ ထက်ဝက်က မဲရုံများသို့ သွားရောက်၍ မဲပေးခြင်းမပြုခဲ့လျှင် ရွေးကောက်ပွဲသည် တရားမဝင်သည့် လူထုပါဝင်မှုမရှိသော ရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်ကြောင်း ဦးမျိုးက ပြောသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရန်အတွက် မြန်မာ့နိုင်ငံရေးအခြေအနေ တည်ငြိမ်အေးချမ်းခြင်း မရှိသေးကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း မရှိသည့် ဥပဒေ (၁၃) ရပ်ကို နအဖစစ်အစိုးရက ဖျက်သိမ်းခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထောက်ပြထားသည်။
ဦးမျိုးက “ပြည်သူတဦးကို တလွဲအာဏာသုံးပြီး အတင်းမဲပေးဖို့ အစိုးရတရပ်အနေနဲ့ လုပ်ခွင့်မရှိဘူး။ စိုက်ပျိုးရေးချေးငွေ၊ အခြားဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေတွေနဲ့ ဆွယ်ပြီး မဲပေးအောင် လုပ်တာဟာ အဂတိလိုက်စားမှုဆိုင်ရာ Corruption ဥပဒေနဲ့ တရားစွဲလို့ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ရွေးကောက်ပွဲ ကျင်းပမည်ဟု အာဆီယံ အတွင်းရေးမုးချုပ် ကတိထပ်ပေးပြန်

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည် ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က ယမန်နေ့က ပြောကြား လိုက်သည်။


၂၀၀၉ ခု နိုဝင်ဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သော နာဂစ်မုန်တိုင်း ဒုက္ခသည်များ ကူညီရေး အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် မစ္စတာ ဆူရင် ပစ်ဆူဝမ် (ဓာတ်ပုံ - Reuters)
ဗီယက်နမ် နိုင်ငံတွင် ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်း အဝေးတွင် ယခုကဲ့သို့ ဆူရင်ပစ်ဆူဝမ်က သတင်းထောက် များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာပြည် ပြဿနာက ဒီနှစ်ထဲမှာ ဖြေရှင်းနိုင် လိမ့်မယ်လို့ အာဆီယံ ၀န်ကြီးတွေ တော်တော်လေး မျှော်လင့်ထား ကြတယ်။ ဒါမှသာ အာဆီယံဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တွေကို ရှေ့တိုးပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆူရင် ပစ်ဆူဝမ်က ပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ အမ်နာတာလဂါဝါကမူ “ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ပါတီက လုပ်ဖော်ကိုင်ဖက်တွေ အဆက်အသွယ်ရှိတာကို ကျနော်တို့ လိုလားပါတယ်။ ဒါက ရွေးကောက်ပွဲကို NLD က ဘယ်လို ချဉ်းကပ်မယ်၊ ၀င်မယ်၊ မ၀င်ဘူး ဆိုတဲ့ အဆုံးအဖြတ်ကို ဖော်ဆောင်နိုင်လိမ့်မယ်”ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်၂၀၁၀ ရွေးကောက်ပွဲကို လာမည့် ဒုတိယ နှစ်ဝက်၌ ပြုလုပ်ကျင်းပနိုင်ဖွယ်ရှိကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်းကလည်း ပြောသည်။ 

“ရွေးကောက်ပွဲ ကျင်းပဖို့ အနီးစပ်ဆုံး အချိန်က ဒုတိယ နှစ်ဝက်ပိုင်းလောက်မှာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်”ဟု ထိုင်း နိုင်ငံခြား ရေး ၀န်ကြီး ကဆစ်၏ ပြောဆိုမှုကို ကိုးကား၍ ရိုက်တာ သတင်း တပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေ တို့အတွက် ပြင်ဆင် နေမှုများမှာ ရာခိုင်နှုန်း ၆၀၊ ၇၀ ခန့် ပြီးဆုံး သွားပြီဖြစ်ကြောင်းလည်း ကဆစ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ထားသော ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက“အမှန်အတိုင်းဆိုရင် စည်းရုံးရေး ဆင်းဖို့အတွက် တနှစ်လောက်တော့ လိုအပ်တယ်၊ တနှစ်လောက် လိုတယ်ဆိုတာက နိုင်ငံရေး ပါတီတွေက အခုမှ စဖွဲ့ကြတာကိုး  ပါတီတွေက ဖွဲ့ပြီးသား ရှိနေတယ်ဆိုရင် အချိန်အများကြီးမလိုဘူး”ဟု ဧရာဝတီသို့ ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြုလုပ်စဉ်က ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုများအတွက် အချိန်များစွာ မယူခဲ့ကြောင်း တွေ့ရသည်။
၁၉၉၀ ရွေးကောက်ပွဲ အတွက် ဥပဒေကို အာဏာသိမ်းပြီး ၈ လ အကြာတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဥပဒေကို ၁၉၈၉ မေလတွင် ထုတ်ပြန်ခဲ့သောကြောင့် နိုင်ငံရေး ပါတီများသည် ၁၉၉၀ မေလ ရွေးကောက်ပွဲအတွက် မဲဆွယ်ချိန် တနှစ်ရခဲ့သည်။

ထိုစဉ်က ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် အစိုးရဖွဲ့နိုင်သော လွှတ်တော်ခေါ်ယူခွင့်ပေးခြင်း မရှိဘဲ အစိုးရက အမျိုးသားညီလာခံကို ဦးစီးကျင်းပကာ လက်သင့်ရာ ကိုယ်စားလှယ်များဖြင့် အခြေခံဥပဒေ ရေးဆွဲစေခဲ့သည်။

၁၉၉၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သော အခြေခံဥပဒေသည် ၂၀၀၈ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။

ယခု စီစဉ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံတကာမှ တောင်းဆိုနေသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်နိုင်ရန် အလားအလာ နည်းပါးကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊ ကိုမင်းကိုနိုင်နှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းမှ ပြန်လွှတ် ပေးခြင်းမရှိသေးသည့်အတွက် ယင်း ရွေးကောက်ပွဲသည် တရားမျှတမှုရှိလိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

15 January 2010

ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟု နအဖနိုင်ငံခြားရေးဝန်ကြီး ပြောကြားပြန်




နအဖစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကတိပြုထားသည့်အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဖြစ်ပြီး တရားမျှတမှုရှိစေရမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောဆိုကြောင်း အာဆီယံအထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်စ၀မ်က ယမန်နေ့က ပြောကြားသည်။
ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ယမန်နေ့ ညစာစားပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ စူရင်ပစ်စ၀မ်က ပြောသည်။
ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးမည်၊ လွတ်လပ်တရားမျှတပြီး ယုံကြည်ရသည့် ရွေးကောက်ပွဲဖြစ်စေရမည်ဟု ဦးဉာဏ်ဝင်းက အခိုင်အမာ ပြောကြားသွားကြောင်း မစ္စတာ စူရင်ပစ်စ၀မ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အလွတ်ဆွေးနွေးပွဲတွင် သတင်းထောက်များအား ပြောကြားခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ပါရှိသည်။
၎င်းက “ရက်တော့ မသတ်မှတ်ရသေးဘူး၊ ဒါပေမယ့် အားလုံးကတော့ လမ်းကြောင်းအတိုင်း သွားနေတာပဲ၊ ကျနော်တို့ကို အဲလိုပဲ ပြောတာပဲလေ” ဟု ပြောသည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ယခုနှစ်အတွင်း ရည်ရွယ်ထားသည့်အတိုင်း အထမြောက်စေရန်နှင့် အာဆီယံအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ဆက်ဆံရေးတိုးမြှင့်ကာ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မျှော်လင့်ထားကြကြောင်းလည်း မစ္စတာ စူရင်ပစ်စ၀မ်က ပြောသည်။
နအဖစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်းများအနေဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည့်ကိစ္စကို ထုတ်ဖော်ပြောဆိုခြင်းမှာ ယခုအကြိမ်သည် ဇန်န၀ါရီလအတွင်း ဒုတိယအကြိမ်ဖြစ်သည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၄) ရက်၌လည်း နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု အတည်ပြုပြောကြားခဲ့သည်။
စစ်ခေါင်းဆောင်များအနေဖြင့် ထိုသို့ထုတ်ဖော်ပြောဆိုနေသော်လည်း ရွေးကောက်ပွဲရက် အတိအကျ မသတ်မှတ်ခြင်း၊ ယခုအချိန်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေနှင့် ရွေးကောက်ပွဲဥပဒေ မထွက်ရှိခြင်းတို့ကြောင့် ရွေးကောက်ပွဲအတွက် အချိန်ကာလ လုံလောက်မှုမရှိကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြပြောဆိုနေကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကမူ ရွေးကောက်ပွဲမလုပ်ခင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှ ဒီမိုကရေစီနှင့်မကိုက်ညီသည့်အချက်များကို ပြုပြင်ပြောင်းလဲပေးရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်တောင်းဆိုထားသည်။ ယင်းအဓိက တောင်းဆိုချက် (၃) ရပ်နှင့်ပြည့်စုံမှသာလျှင် ရွေးကောက်ပွဲဝင်ရန် စဉ်စားမည်ဟု ပြောဆိုထားသည်။
ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် အာရှပစိဖိတ်အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၊ တရားမျှတ၊ အားလုံးပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရမည်ဟု အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံ (၁၀) နိုင်ငံတို့က သဘောတူညီခဲ့ကြသည်။
အာဆီယံသည် အဖွဲ့ဝင်နိုင်ငံအချင်းချင်း တနိုင်ငံ၏ပြည်တွင်းရေးကို တနိုင်ငံက ၀င်ရောက်မစွက်ဖက်ရေးမူဝါဒကို ကျင့်သုံးနေပြီး မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်ဆက်ဆံနေသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ပြစ်တင်ဝေဖန်မှုခံနေရသည်။
 ခေတ်ပြိုင်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

13 January 2010

တလ ၁၀၀ သွင်းစနစ်ဖြင့် ကြံ့ဖွံ့က အိမ်ဆောက်ပေးနေ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရန်ကုန် ဆင်ခြေဖုံး ဒေသများတွင် ကျပ် ၇ သိန်းနှင့် ၈ သိန်းကြား တန်ကြေး ရှိသည့် နေအိမ်များကို တလလျှင် ၁၀၀ ကျပ်ပေးသွင်းသည့် စနစ်ဖြင့် တည်ဆောက် ပေးနေကြောင်း သိရသည်။


ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်ထူ၍ လမ်းခင်းစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ငွေကြေး ချို့တဲ့သူများသည် သက်ဆိုင်ရာ မြို့နယ်များရှိ ကြံ့ဖွံ့အသင်း၏ ထောက်ခံချက်ဖြင့် အိမ်ပြုပြင်ခြင်း၊ အသစ် တည်ဆောက်ခြင်း ပြုလုပ်ပေးရန် လျှောက်ထားနိုင်ကြောင်း၊ ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းက နေအိမ်များ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း၊ အိမ်ရရှိသူများသည် တလလျှင် ကျပ် ၁၀၀ ပြန်လည် ပေးဆပ် သွားရန်သာ လိုအပ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောကြားသည်။

“ဆင်းရဲနွမ်းပါးတဲ့သူတွေ အိမ်ပြန်မဆောက်နိုင်တဲ့ သူတွေကို ဆောက်ပေးတာပါ။ ပြည်ခိုင်ဖြိုး အသင်းက ဦးစီးလုပ်ပေးတာပါ” ဟု မြို့တော်ဝန်က ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောသည်။

ယင်းသို့ သိန်းချီတန်သည့် နေအိမ်များ တည်ဆောက်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း စည်ပင် အရာရှိများထံမှ သိရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များဖြစ်သော တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊
သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတနှင့် မရမ်းကုန်း မြို့နယ်အတွင်းမှ မိသားစု ၅၀၀ အတွက် အိမ် ၅၀၀ တည်ဆောက်မည်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ကြည့်မြင်တိုင် တဘက်ကမ်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမှ မိသားစု ၂၀ အတွက် အိမ် ၂၀ တည်ဆောက်ပြီးဖြစ်သည်ဟု မြို့တော်ဝန်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်ဝင်ရောက်ချိန်တွင် ကြံ့ဖွံ့အသင်းက အခြေခံ လူတန်းစားများကို စည်းရုံးသည့်အနေဖြင့် ထိုသို့ နေအိမ်များ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ သိန်းချီတန်သည့် နေအိမ်အတွက် တလ ငွေ ၁၀၀ သာ ပြန်ဆပ် ရမည်ဟု ဆိုခြင်းမှာ အမာခံ အသင်းဝင်များ ပေါ်ပေါက်လာရန် စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည်ခံပြီး စည်ပင်ဘတ်ဂျက်နဲ့ လုပ်ပေးတာဆိုတော့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ထောက်ခံမဲရအောင် ထောက်ပံ့စည်းရုံးတာပဲ” ဟု သတင်းစာဆရာကြီး တဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် လုံထိန်း၊ စစ်တပ်များနှင့်အတူ ၀ိုင်းဝန်းကူညီ နှိမ်နင်းရန် စွမ်းအားရှင် အမည်ခံ အမာခံကြံ့ဖွံ့ အသင်းဝင်များ တိုးပွားစေရေးအတွက် ထိုသို့ဆောင်ရွက်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ရှိ အထက်တန်း ရှေ့နေတဦးက ဆိုသည်။

ရန်ကုန်မြို့မှ အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီးတဦးကမူ ကြံ့ဖွံ့အသင်းက ယခုကဲ့သို့ နေအိမ်များ တည်ဆောက် ပေးခြင်းကို ကြိုဆိုကြောင်း၊ အစိုးရအနေဖြင့် ပြည်သူအားလုံးအတွက် စေတနာမှန်ဖြင့် စားဝတ်နေရေး ချောင်လည်စေရန် ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။

“ဆင်းရဲလို့ အိမ်မပြင်နိုင်တဲ့ သူတွေအတွက် ဒီလိုလုပ်ပေးတာ သာဓုခေါ်ရမယ်။ ပြည်သူတွေ အားလုံးရဲ့ ဒုက္ခကိုလည်း ပြေလည်အောင် လုပ်ဆောင်ပေးပါလို့ နိုင်ငံတော် အကြီးအကဲတွေကို ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သည် လမ်းခင်းခြင်း၊ အခမဲ့ဆေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ ငွေထုတ်ချေးခြင်း၊ အခမဲ့ကျူရှင် သင်တန်း ကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ရေရှိရေး ဆောင်ရွက်ပေးခြင်း စသည့် ၎င်း၏ လုပ်ငန်းများကို ကြံ့ဖွံ့အသင်း နာမည်ခံကာ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အသင်း၏ လုပ်ဆောင်မှုသည် အစိုးရဘတ်ဂျက်ဖြင့် မဲဝယ်ခြင်းဖြစ်သောကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

ကြံ့ဖွံ့အသင်းသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် သေချာနေပြီး အသင်းဝင်များကို သင်တန်းများ ဆက်တိုက်ပေးခြင်း စသည့် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ရှိ မြို့နယ်ကြံ့ဖွံ့အသင်းများမှ စုံစမ်းသိရှိရသည်။

“သောင်းစုမှူး၊ ထောင်စုမှူး၊ ရာစုမှူးဆိုတဲ့ မြို့နယ်၊ ရပ်ကွက်၊ လမ်းအလိုက် စည်းရုံးရေးခေါင်းဆောင်တွေ ရွေးချယ်ပြီး သင်တန်းတွေ တက်ခိုင်းတယ်။ အသင်းဝင်သစ်တွေ ရဖို့အတွက် အထူးသဖြင့် ဘွဲ့ရ ပညာတတ် လူငယ်တွေကို မက်လုံးပေး စည်းရုံး တာလည်း ရှိတယ်” ဟု အင်းစိန်မြို့နယ် ကြံ့ဖွံ့ အသင်းဝင်တဦးက ဆိုသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...

05 January 2010

ရွေးကောက်ပွဲအတွက် စီစဉ်နေပြီဟု ဗိုလ်ချုပ်မှူးကြီးပြော

၂၀၁၀ ရွေးကောက်ပွဲကို ယခုနှစ်တွင် ကျင်းပရန် စီစဉ်လျက် ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။ သို့သော်လည်း ကျင်းပမည့် အချိန်၊ အစီအစဉ် တို့ကို ထည့်သွင်း ဖော်ပြခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဓာတ်ပုံ - Getty Images)
“ယခုနှစ်တွင် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပရေး အတွက် စီမံ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ကြရမည်” ဟု ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ရေးသားထားသည်။

စစ်အစိုးရသည် လွန်ခဲ့သည့် အနှစ် ၂ဝကလည်း အထွေထွေ ရွေးကောက်ပွဲတခုကို ကမကထပြု ကျင်းပပေးခဲ့သည်။ သို့သော်လည်း ရွေးကောက်ခံရသူများကို အာဏာလွဲအပ်ကာ လွှတ်တော် ခေါ်ယူပေးခြင်း မရှိပေ။  ရွေးချယ်ခံရသည့် ကိုယ်စားလှယ် အများအပြား အကျဉ်းချခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ပါတီမှ  နှုတ်ထွက်ရန် ဖိအားပေးခြင်း တို့နှင့် ရင်ဆိုင်ခဲ့ရသည်။

NLD သည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုပါက ပါတီ ဖျက်သိမ်းခံရဖွယ်ရှိသည်ဟု အများက ခန့်မှန်းကြသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေတွင် ပါတီ တခုသည် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုပါက ဖျက်သိမ်းခံရမည်ဟု ပြဌာန်းထားသည်။  

ယခုနှစ်တွင် ပြုလုပ်မည်ဟု ဆိုသည့် ရွေးကောက်ပွဲအတွက်  ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ဖွဲ့စည်းခွင့်၊ စည်းရုံး ဟောပြောခွင့် တို့နှင့် ပတ်သက်ပြီး ယနေ့ ထွက်ပေါ်လာသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင်
ဖော်ပြထားခြင်း မရှိပေ။

ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။

ယနေ့တွင်လည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တချို့ကို ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများက  ပြုလုပ်ကြသည်။

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပသည့် အခမ်းအနားတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အာဏာပိုင်တို့ကို တောင်းဆိုကြောင်း ဖော်ပြထားသည်ဟု  NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က ဧရာဝတီသို့ ပြောသည်။  

NLD ရုံးများ ပြန်လည် ဖွင့်ခွင့်ရရေး၊ ဖျက်သိမ်းခံထားရသည့် တိုင်းရင်းသား နိုင်ငံရေး ပါတီများ ပြန်လည် မှတ်ပုံတင် ခွင့်ရရေး တို့ကို တောင်းဆိုကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်ဟု သူက ပြောပြသည်။

ဝါရင့် နိုင်ငံရေးသမားကြီးများကလည်း ရန်ကုန်တွင် လွတ်လပ်ရေးအခမ်းအနားတခု ပြုလုပ်ခဲ့သည်။

မြန်မာ နိုင်ငံတွင် အထွေထွေ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် တမျိုးသားလုံးက ၀ိုင်းဝန်း ပူးပေါင်း အဖြေရှာမှသာ ပြေလည် နိုင်မည်ဖြစ်ကြောင်း သခင်သိန်းဖေက အခမ်းအနားတွင် ပြောကြားလိုက်သည်။

“တခုတည်းသော နည်းလမ်းဖြစ်တဲ့ အမျိုးသား သွေးစည်း ညီညွတ်ရေး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို မဖြစ်မနေ တည်ဆောက်ဖို့ပဲ ဖြစ်တယ်”ဟု လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူ သခင်သိန်းဖေက ဆိုသည်။
ဧရာဝတီမှတဆင့်
ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.