09 June 2010

ရခိုင် မြို့နယ်တချို့ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး

ဒါကာ (မဇ္ဈိမ)။      ။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ မြို့နယ်တွင် ၁၉၉ဝ ခုနှစ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဟောင်းနှင့် ဥပဒေကျွမ်းကျင်သူ ၂ ဦးက ရွေးကောက်ခြင်းဆိုင်ရာ တရက်တာ သင်တန်းကို ယခုလဆန်းတွင် ပေးခဲ့သည်။

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တွင် ရယက ဥက္ကဋ္ဌများနှင့် စာရေးများကို မဲရုံအား ထိန်းသိမ်းစောင့်ကြပ်နိုင်ရန် စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးစည်သူအောင်၊ ခရိုင်လဝကမှူး ဦးမြင့်ဝင်းနှင့် ဥပဒေအရာရှိ ဦးမြင့်သန်းက ရွေးကောက်ပွဲဥပဒေများအား လိုက်လံရှင်းလင်းတင်ပြကာ သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေနဲ့ ဥပဒေစာအုပ်ထဲမှာပါတဲ့ မဲရုံထိန်းသိမ်းရေး ပြဋ္ဌာန်းချက်တွေကို သေသေချာချာ နားလည်သဘောပေါက်အောင် ရှင်းပြတာပါ။ မဲရုံ၊ မဲပုံး၊ မဲထည့်တဲ့ လူတွေကို စနစ်တကျနဲ့၊ ဥပဒေနဲ့အညီ လုပ်တတ်အောင် သင်တာပါ” ဟု သင်တန်းတက်ရောက်ခဲ့သူ ဘူးသီးတောင်မြို့မှ ရယက ဥက္ကဋ္ဌ တဦးက မဇ္ဈိမကို ပြောသည်။

ယင်းသင်တန်းများကို ယခုလ ၁ ရက်နေ့တွင် ရသေ့တောင်မြို့ မြို့တော်ခန်းမတွင်လည်းကောင်း၊ ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့ မယကရုံးနှင့် ၆ ရက်နေ့တွင် မောင်တောမြို့၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းများ ပို့ချခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်များကို ယခုသင်တန်းပေးထားသည့် ရယက ဥက္ကဋ္ဌနှင့်  ရယက ရုံး စာရေးများထဲမှ ရွေးချယ်ဖွဲ့စည်းသွားဖွယ်ရှိကြောင်း မောင်တောမြို့ မယကရုံးမှ စာရေးတဦးက ပြောသည်။
(မဇ္ဈိမမှတဆင့် ကူးယူသည်)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.