24 October 2009

ငါးမူးတန်းမှ ရုပ်ရှင်ကြည့်ခဲ့သောဗိုလ်ချုပ်အောင်ဆန်း (ရေးသူ-တက္ကသိုလ် နေဝင်း)

ထိုနေ့ကား ၁၉၄၆ စက်တင်ဘာ ၂၆ ရက်နေ့ပင်တည်း။
ထိုအချိန်မြန်မာနိုင်ငံသည်လွတ်လပ်ရေးမရသေး။ဗြိတိသျှဘုရင်ခံအုပ်ချုပ်နေဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ (ဝန်ကြီးအဖွဲ့ Cabernet)ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သည်။သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ်က ဒုတိယသဘာပတိ အမည်ဖြင့် ဝန်ကြီးအဖွဲ့ကိုဦးစီးကွပ်ကဲရသည်။ သို့ရာတွင် ဘုရင်ခံမှာ အမည်ခံ 'သဘာပတိ' သာဖြစ်ပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးဌာနများကိုပါ ဗိုလ်ချုပ်အောင်ဆန်းကပင်ကွပ်ကဲရသည်။တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ်အာဏာကို ရရှိထားပြီး ဖြစ်သည်။ တရားဝင် လွတ်လပ်ရေး မရသေး၍သာ ဝန်ကြီးအဖွဲ့ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ထိုနေ့က အလုံလမ်း ဘုရင်ခံအိမ်တော်မှ တာဝါလိန်းလမ်း (ယခုနတ်မောက်လမ်းသွယ်) နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျနော့အားခေါ်၍ ၂ ယောက်ချင်း ညွှန်ကြားချက် ပေးပါသည်။

    "ဟေ့ကောင်.....ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးဖြစ်လာပြီ။မင်းကလည်း ငါ့ရဲ့ပီအေ (အပါးတော်မြဲ အတွင်းဝန်) အဖြစ် တစ်ရက် နှစ်ရက် အတွင်းပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါ အခုပြောနေတာတွေကို မင်း မြဲမြဲ မှတ်ထားစမ်း။အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူအညီတောင်းတာတွေလည်း လာလိမ့်
မယ်။ဒီတော့ငါ့ရဲ့ဆွေမျိုးတွေ၊ငါ့မိန်းမဘက်ကအမျိုးတွေ၊ပြီးတော့မင်းနဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေအားလုံးကို ဘယ်သူ့ကိုမှမတရားအခွင့်အရေးမပေးရဘူး။သူတို့အကူအညီတောင်းတာကိုလုပ်မပေးရဘူး။မင်းတို့အိမ်မှာ အားလုံးကို ပြောထားလိုက်၊ငါ အခုပြောတဲ့အတိုင်း မင်းမလိုက်နာရင် မင်းနဲ့ငါနဲ့ အသိပဲ"

    ဤသို့လျှင် ဗိုလ်ချုပ်သည် ကျနော့အား တိကျပြတ်သားစွာ အမိန့်ပေးခဲ့ပါသည်။


   ကျနော်လည်း ဗိုလ်ချုပ်အမိန့်ပေးသည့်အတိုင်း လိုက်နာရပါသည်။ သူ့ဇနီး ဒေါ်ခင်ကြည်ကိုလည်း.........

      “မမကြည်......အိမ်မှာ ချက်ဖို့ ဆန်မရှိရင် ကျနော့ကို ပြောပါ။ ကျနော်တို့ ရဲဘော်တွေ ကြံဖန်ပေးပါ့မယ်။ ဆန်အိတ်တွေ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့် စီးပွားရေးသားတွေကိုတော့ လုံးဝ လက်မခံပါနဲ့။ ဗိုလ်ချုပ်က ဒီအတိုင်း ကျနော့ကို ပြောထားလို့ပါ”
     ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ပါသည်။

     ထို့နောက် များမကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့နှင့် ဆွေမျိုးနီးစပ်တော်သူအချို့ရန်ကုန် ရောက်လာပါသည်။ အမှန်တော့ သူတို့သည် အင်္ဂလိပ်ခေတ်က 'အောင်ဆန်းဟာထောင်နှုတ်ခမ်း လျှောက်နေတဲ့ ကောင်ပဲ' ဟုပြောတတ်ကြသည်။ယခုအစိုးရ အာဏာရလာမှ အခွင့်အရေး ရလိုရငြား လာကြခြင်းဖြစ်သည်။ကျနော်ကလည်းဗိုလ်ချုပ်အမိန့်ပေးထားသည့်အတိုင်းပြတ်ပြတ်သားသားပြောလိုက်တော့မှ လက်လျှော့ပြီး ပြန်သွားကြတော့သည်။

    ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်စာ ဝါသနာပါပြီး အထူးကျွမ်းကျင်အောင်လေ့လာထားသကဲ့သို့ ကျနော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ်လို ပြောတတ်သည်။

    ၂၆-၉-၄၆ နေ့က ဘုရင်ခံအိမ်တော်မှအပြန် ကျနော့အားညွှန်ကြားချက် ပေးပြီးနောက်

        "Remember that I practice what I preach! "

     ဟု အင်္ဂလိပ်လို အဆုံးသတ်ခဲ့ပါသည်။အဓိပ္ပါယ်ကတော့........

             'ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို သွန်သင်သလို 
             ငါကိုယ်တိုင်လည်းလိုက်နာတယ် ဆိုတာ မှတ်ထားပါ' 
              
      ဟူ၍ပင် ဖြစ်ပါသည်။                                                                                     
ိ ယင်းသို့၂၆-၉-၆၄နေ့ကဗိုလ်ချုပ်အင်္ဂလိပ်လိုပြောခဲ့သည်ကို နောက်တစ်လနီးပါးကြာမှပြန်လည်သတိရစေသည့် အကြောင်းကား ဤသို့ပါတည်း။

     ထိုအချိန်၌ ဗိုလ်ချုပ်အောင်ဆန်းသည် အတွင်းဝန်ရုံးတွင် အစိုးရအဖွဲ့အကြီးအကဲအဖြစ်နေ့စဉ် ရုံးထိုင်နေရပြီဖြစ်သည်။ ကျနော်ကလည်း သူ့ရုံးခန်းကပ်လျက် သီးသန့်အခန်းငယ်တစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်းနှိပ်လိုက်လျှင် ကျနော်လည်းဘေးပေါက်မှ သူထိုင်ရာ စားပွဲဆီသို့ သွက်လက်စွာ ဝင်သွားရပါသည်။

      တနေ့....မွန်းလွှဲ ၃ နာရီခန့်တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာ ပြေးဝင်သွားရာ...

      “ဟေ့...ဒီနေ့ညနေဘက်ငါတို့ချိန်းထားတဲ့ အစည်းအဝေး ရှိသေးသလား။တခြား ဘာကိစ္စတွေရှိသလဲ”

       ဟှုဗိုလ်ချုပ်ကမေးသဖြင့် ကျနော်ကလည်း အသင့်ပါလာသော ဒိုင်ယာရီ မှတ်တမ်းစာအုပ်ကိုကြည့်ပြီး ပြန်ဖြေလိုက်ရပါသည်။


       “အစည်းအဝေး မရှိဘူး ဗိုလ်ချုပ်။တခြား ဘာကိစ္စမှလည်း မရှိဘူး။ ဒီနေ့ည အားပါတယ်။”

          “ဟုတ်လား...ဒါဖြင့် ဟန်ကျတာပဲ။ ဒီနေ့ည ငါရုပ်ရှင်ကြည့်ချင်တယ်ကွာ။“

         “ဘယ်ရုံက ဇာတ်ကား ကြည့်ချင်တာလဲ ဗိုလ်ချုပ်”

         “ပလေဒီယံမှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကြည့်ချင်တယ်။ အပျင်းပြေပေါ့ကွာ။”

        “ဒီလိုဆိုရင် လွယ်ပါတယ်။ အဲဒီရုံက မန်နေဂျာနဲ့ ကျနော်သိတယ်။ အခုကြိုတင်ပြီး ဖုန်းဆက်ထားလိုက်မယ်။”

         ပြောပြောဆိုဆိုကျနော်သည်စားပွဲပေါ်ရှိ တယ်လီဖုန်းစကားခွက်ကိုကောက် ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ် ဟန့်တားပါသည်။

”ဘာလဲ....မင်းကရုံမန်နေဂျာကိုတယ်လီဖုန်းဆက်ပြီးမေတ္တ္တာလက်မှတ်တောင်းမလို့လား။မတောင်းရဘူး။ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့လက်မှတ်ဝယ်ကြည့်ရမယ်။မေတ္တာလက်မှတ်တောင်းတယ်ဆိုတာအခွင့်အရေးယူတာတစ်မျိုးပဲ။မင်းတို့ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းရင်မန်နေဂျာက လက်မှတ် ၂ စောင် မဟုတ်ဘူး။ ဆယ်စောင်လဲ ပေးမှာပဲ။ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး။ရုပ်ရှင်ရုံပိုင်ရှင်တို့၊မန်နေဂျာတို့ဆိုတာစီးပွားရေးသမားတွေကွ၊အာဏာရှိတဲ့သူဆိုရင် မျက်နှာလိုမျက်နှာရလုပ်တတ်တယ်။ ဒါမျိုးတွေ ငါမကြိုက်ဘူး။ ကဲ.....မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ။”

     ဗိုလ်ချုပ်ကမေးသဖြင့် ကျနော်လည်း အင်္ကျီအိတ်ထဲသို့ နှိုက်ကြည့်ရာ ငွေစက္ကူကျပ် ၃ ရွက် ထွက်လာပါသည်။

     “ဘယ်လောက်လဲကွ၊ ၃ကျပ် မဟုတ်လား၊ ဒါဆိုရင် ဖြစ်တယ်။ မင်း မမကြည်နဲ့ ကလေးတွေကလိုက်မှာ မဟုတ်ဘူး။ ဒီတော့ မင်းနဲ့ငါ ၂ ယောက်ပဲ ညနေ ၆ နာရီခွဲပွဲမှာ ငါးမူးတန်းက လက်မှတ်ဝယ်ကြည့်မယ်။ ငါးမူးတန်း လက်မှတ် ၂ စောင်ဆိုတော့ တစ်ကျပ်ပဲ ကုန်မှာမို့ မင်းမှာ ငွေ ၂ ကျပ်တောင်ကျန်ဦးမယ်။ အဲဒီအတိုင်းသာ စီစဉ်ပေတော”

     ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက် သဖြင့် ကျနော်လည်း ဘာမှ ပြန်မပြောသာတော့ပါ။

    (မှတ်ချက်။    ။၁၉၆၄ခုနှစ်ကရုပ်ရှင်ကြည့်ခနှုန်းမှာစစ်ကြိုခေတ်ကအတိုင်းရှေ့ဆုံးက တစ်မတ်၊ထို့နောက် ငါးမူးတန်း၊ 'စတောလ်' ဟုခေါ်သည့် အောက်ထပ်နောက်ဆုံးက တစ်ကျပ်၊ 'ဒီစီ' ဟုခေါ်သည့် အပေါ်ထပ်က ၂ ကျပ်ဖြစ်သည်။ ငွေကြေးစနစ်ကလည်း အိန္ဒိယမှာကဲ့သို့ပင် ကျပ် ပဲ ပိုင် စနစ်ဖြစ်၍ ယခုလို ပြားတစ်ရာ တစ်ကျပ် စနစ် မရှိသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ရေကျော်လမ်းဒို့ဗမာအစည်းအရုံးမှာ ဆင်းရဲကျပ်တည်းစွာနေခဲ့စဉ်ကရံဖန်ရံခါအင်္ဂလိပ်ရုပ်ရှင်ကားများကြည့်တတ်သည်။ငွေကြေးအခက်အခဲကြောင့် ရုပ်ရှင်ပိတ်ကားနှင့် အနီးဆုံးဖြစ်သော တစ်မတ် (လေးပဲ) တန်းမှကြည့်လေ့ရှိသည်။ယခု သူ ဝန်ကြီးဖြစ်နေ၍ တစ်မတ်တန်းမှကြည့်ရန်မသင့်ဟု တွေးကာ ငါးမူးတန်း(ရှစ်ပဲ) တန်းမှကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။)

 ထိုနေ့ညနေကပလေဒီယံရုံသို့ကျနော်တို့ရောက်သွားသောအခါအနည်းငယ်နောက်ကျသဖြင့်ငါးမူးတန်းရှေ့ဆုံးမှသာလက်မှတ်ရပါသည်။ငါးမူးတန်း၏ရှေ့ဆုံးတန်းဆိုသည်မှာ တစ်မတ်တန်း၏နောက်ဆုံးတန်းနှင့် ဘာမျှ မခြားတော့။

     ထိုခေတ်က ရုပ်ရှင်ပြချိန်မှာ နေ့လယ် ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီခွဲ၊ ညနေ ၆ နာရီခွဲနှင့် ည ၉ နာရီခွဲ စုစုပေါင်း ၄ ပွဲပြသည်။ယခုလည်း တစ်နေ့လေးပွဲ ပြနေလင့်ကစား ပြနေချိန်ချင်း မတူတော့ချေ။

     အချိန်တန်၍ ရုပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင်ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တမျှအကြာတွင် မျက်စိကျင့်သားရ၍ ရုံအတွင်း မြင်သင့်သလောက် မြင်ရပါသည်။ ဤတွင် ကျနော်တို့ရှေ့ တစ်မတ်တန်းမှ ပရိသတ်သည် ငါးမူးတန်းရှေ့တန်းမှ ဗိုလ်ချုပ်အောင်ဆန်းကို သတိပြုမိကြတော့သည်။ နေ့စဉ်လိုလို သတင်းစာထဲပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ထို့ကြောင့် တစ်မတ်တန်းနောက်ဆုံးမှ လူများသည် ရုပ်ရှင်ပိတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်ကိုသာ နောက်ပြန်လှည့်ကြည့်နေကြသည်။ ဗိုလ်ချုပ်ကမူ ဘာကိုမျှ သတိပြုမိပုံမရဘဲ ရုပ်ရှင်ပိတ်ကားကိုသာ အာရုံစိုက်ကြည့်နေသည်။ကျနော်လည်း ဘာလုပ်ရမှန်းမသိ။ အနေရ ခက်နေတော့သည်။

    မိနစ်အနည်းငယ် ကြာသောအခါ 'ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်းမှ ရုပ်ရှင်ကြည့်နေသည်' ဟူသော သတင်းသည် ရုံမန်နေဂျာရုံးမန်းသို့ရောက်သွားတော့သည်။

 မန်နေဂျာဦးမြဟန်ဆိုသူ(ယခုကွယ်လွန်)မှာကျနော်နှင့်ခင်မင်ရင်းနှီးသဖြင့်ချက်ချင်း အောက်ထပ်သိုပြေးဆင်းလာပြီရုံဝန်ထမ်းတစ်ဦးအာကျနော့ကိုအပြင်ဘက်စင်္ကြံသို့ခေတ္တထွက်ခဲ့ရန်ခေါ်ခိုင်းပြီး အပြစ်တင်ပါတော့သည်။

    “ဘယ်လိုလုပ်တာလဲ သူငယ်ချင်း။ ဗိုလ်ချုပ် ရုပ်ရှင်ကြည့်မယ်ဆိုရင် စောစောက ငါ့ဆီ ကြိုတင်ဖုန်းဆက်လိုက်ရောပေါ့။ဘာကြောင့် မဆက်တာလဲ”

    “အေး......ငါလည်း မင်းဆီဆက်မလို့ပါပဲ။ ဗိုလ်ချုပ်က မဆက်ရဘူးလို့ငါ့ကိုဟောက်တယ်။ မေတ္တာလက်မှတ်တောင်းပြီး ရှပ်ရှင်ကြည့်တာဟာ အခွင့်အရေးတစ်မျိုးယူတာပဲတဲ့။ နောင်တစ်ချိန်မှာ မင်းတို့လို စီးပွားရေးသမားတွေက မတရား အခွင့်အရေးတောင်းလာလိမ့်မယ်တဲ့။ ဒါကြောင့် ငါ့မှာရှိတဲ့ပိုက်ဆံ ၃ ကျပ်ထဲကတစ်ကျပ်ပဲ ကုန်အောင် ငါးမူးတန်းက ဝင်ကြည့်ကြတာပဲကွ”

    “ဗိုလ်ချုပ်ပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ စီးပွားရေးသမားဆိုတာကတော့ အကြံအဖန်လုပ်ဖို့၊မတရား အခွင့်အရေးတောင်းဖို့အမြဲအကွက်ချောင်းနေတာပဲ။ ဒါပေမယ့်ကွာ မင်းဆရာ ဗိုလ်ချုပ်ကို သွားပြောစမ်းပါ။ ငါက အင်းယားဟောလ် ရှေ့မှာနေတဲ့ ရန်ကုန်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်မမရဲ့သား မြဟန်၊ ဒီရုံကိုလည်း ငါတို့ပဲ ပိုင်တယ်။ ငါတို့အလုပ်က ရုပ်ရှင်နဲ့ပဲပတ်သက်တော့ သွင်းကုန်လိုင်စင်တောင်းတာမျိုးလိုဘာအခွင့်အရေးမှယူဖို့မလိုဘူး။ အခုလို အင်္ဂလိပ်ကားမျိုးဆိုတာကလည်း ရုံမပြည့်ဘဲ အပေါ်ထပ် (ဒီစီ) သီးသန့်တန်းမှာ နေရာတွေ အများကြီးလွတ်နေတယ်။ ဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်ကြီးအနေနဲ့ ငါးမူးတန်း ရှေ့ဆုံးမှာ ထိုင်ကြည့်နေတာ မသင့်တော်တဲ့အပြင် လုံခြုံရေးရှုထောင့်က ကြည့်ရင်လည်း လုံးဝမကောင်းပါဘူး။ ဒီတော့ ဘာအခွင့်အရေးမှ မတောင်းပါဘူးဆိုတဲ့ အာမခံချက်လည်း ပေးပါမယ်။ ဗိုလ်ချုပ်ကို အပေါ်ထပ် ဒီစီ တန်းမှာ တတ်ကြည့်ဖို့ သွားပြောပေးစမ်းပါ သူငယ်ချင်း”

       မန်နေဂျာ ဦးမြဟန်က အတင်းပြောသဖြင့် ကျနော်လည်း ရုံထဲပြန်ဝင်ကာ ပိတ်ကားပေါ်မှ ဟာသကွက်များကို ကြည့်ပြီး သဘောကျကာ ရယ်မောနေသူ ဗိုလ်ချုပ်၏ လက်မောင်းကို အသာဆွဲလိုက်ပါသည်။

      “ဟေ့ကောင်....ဘာလဲကွ၊ ရုပ်ရှင်ကြည့်လို့ကောင်းတုန်း ဘာဖြစ်ပြန်ပလဲ”

      ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့်ကျနော့အားငေါက်ရာ ကျနော်လည်း မန်နေဂျာ ဦးမြဟန်ပြောသည့်အတိုင်းခပ်တိုးတိုး ရှင်းပြလိုက်ရပါသည်။

      ဗိုလ်ချုပ်သည် ရုတ်တရက် ဘာမှပြန်မပြောသေးဘဲ ခေတ္တမျှ ပိတ်ကားပေါ်မှ ရုပ်ရှင်ကိုသာ ဆက်ကြည့်
ရင်း စဉ်းစားနေဟန်တူပါသည်။ မန်နေဂျာ ဦးမြဟန်၏မိခင် ဒေါ်မမကို လူချင်း မရင်းနှီးသော်လည်း သူသိနေ
သည်။ ထို့ပြင် ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ် အရေးတော်ပုံတုန်းက ကျောင်းသားများအား သွယ်ဝိုက်၍ကူ
ညီခဲ့ကြောင်းကိုလည်း သိထားသည်။ ယခု မန်နေဂျာ ဦးမြဟန်က ဘာအခွင့်အရေးမှ မတောင်းပါဘူးဟုအာမ
ခံချက်ပေးပါတယ်ဟူသော စကားကို သဘောကျသွားဟန်ဖြင့် ဗိုလ်ချုပ်သည် ထိုင်ရာမှ ထလိုက်သည်။

     “ဟေ့ကောင်....အပေါ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ။ မင်းက အရှေ့ကသွား၊အချိန်ကြာနေရင်
ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်ကုန်ပါဦးမယ်”

     သူပြောသည့်အတိုင်း ကျနော်လည်း ခပ်သွက်သွက် လျှောက်ထွက်ကာ ဦးမြဟန် လွှတ်ထားသော ရုံဝန်
ထမ်းလူငယ်တစ်ဦးနှင့်အတူ ဒီစီ ခေါ် အပေါ်ထပ် ၂ ကျပ်တန်းသို့ တက်ကြည့်ကြပါသည်။

     ရုပ်ရှင်ပြီး၍ အပြန်တွင် ကားပေါ်၌ ဗိုလ်ချုပ်က........

      “မင်းသိတဲ့အတိုင်း ငါတို့က ရုပ်ရှင်ကို မေတ္တာလက်မှတ်တောင်းပြီး အလကားကြည့်တာမဟုတ်ဘူး။
ငါးမူးတန်းက လက်မှတ် ၁ စောင် ဝယ်ကြည့်တယ်။ နောက်မှ မင်းသူငယ်ချင်း မန်နေဂျာက အတင်းလာခေါ်
ပြီး အပေါ်ထပ်တက်ကြည့်ဖို့ခေါ်တော့ သူအမေကြီးကိုလည်း အားနာလို့ တက်ကြည့်ခဲ့တာပဲ”
       ဟု ပြောခဲ့ပါသေးသည်။

      ဤသို့ပြောနေစဉ် ကျနော်သည် (၂၆-၉-၄၆) နေ့က ဗိုလ်ချုပ်ကိုယ်တိုင်က......
       
     “ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို ပြောသလို ငါကိုယ်တိုင်လုပ်တာကွ“
   
   ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့ပုံကို ပြန်လည် သတိရ ကြားယောင်နေမိပါသတည်း။

          ၁၉၉၄ ခုနှစ် ဇူလိုင်လ နွယ်နီမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ၁၉၉၇ ခုနစ် ဇူလိုင်လထုတ် တက္ကသိုလ်နေဝင်း၏
 'အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း' စာအုပ်မှပြန်လည် ဖော်ပြပါသည်။
မိုးမခမှတဆင့်..ိ


ဆက်လက်ဖတ်ရှုရန်...

27 March 2009

ဗိုလ်အောင်ကျော်(၁၉၁၅-၁၉၃၈)


ကိုအောင်ကျော်ကို ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ မှာ အဖ ဦးကျော်ထင် နှင့် အမိ ဒေါ်ရွှေကျော့ တို့မှ အင်္ဂပူ မြို့နယ်၊ ရုံးဇင်ရွာတွင် ဖွားမြင်ခဲ့ပါတယ်။ အလယ်တန်း ပညာကို မယ်ဇလီကုန်း အမျိုးသားကျောင်းမှ အောင်မြင်ခဲ့ပြီး၊ အထက်တန်းကို ဟင်္သာတမြို့၌ သင်ကြားတတ်မြောက်ခဲ့ပါတယ်။ ထို့နောက် ဂျပ်ဆင်ကောလိပ် တွင် ဥပစာတန်း ဆက်လက် တက်ရောက် ခဲ့ပြန်ပါတယ်။

ကိုအောင်ကျော်ဟာ မြန်မာစာပေကို အလွန်တန်ဖိုးထားပြီး၊ မြန်မာစာ အရေးအသားလည်း အလွန်ကောင်းမွန်တယ် လို့်လူသိများခဲ့သူပါ။ စိတ်နေဓါတ်ခံ ပြင်းထန်ပြီး၊ အမျိုးသားရေးလည်း သူမတူအောင် နိုးကြားသူဖြစ်လို့ မိမိရဲ့ စာပေအစွမ်း နှင့် အမျိုးသားရေးလှုံ့ဆော်မှုတွေမှာ ရှေ့တန်းကပါဝင်ခဲ့လို့် တက္ကသိုလ် ကျောင်းသားသမ္မဂ္ဂတွင် သာမက၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမ္မဂ္ဂတွင်၌ပါ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ချင်း ခံခဲ့ရပါတယ်။ ဂျပ်ဆင်ကောလိပ်၁ကို ခြေချလိုက်တာနှင့် ခုံဖိနပ်စီးကာ ပင်နီတိုက်ပုံကိုဝတ်ပြီး ကတုံးဆံထောက်နှင့် ကိုအောင်ကျော်ရဲ့ “ဒို့ဗမာ” အဘိဓမ္မာကို ကြားရမှာပါ။

ကိုအောင်ကျော်၌ အခြားခေတ်ပြိုင် သခင်ကျောင်းသားများ ဖြစ်သည့် သခင်အောင်ဆန်း၂၊ သခင်နု၃၊ သခင်လှဖေ၄၊ ကိုထွန်းရှိန်၅ အစရှိသူတို့နှင့် မတူ ကွဲပြား ချက်လေးတွေလည်း ရှိပါသေးတယ်။ ထိုအခါက တက္ကသိုလ်မှ ကျောင်းသား အများစုဟာ လက်ဝဲယိမ်း ကြသော်လည်း ကိုအောင်ကျော်ကတော့ ပါတော်မူ မင်းနှစ်ပါး ကို သတိရနေပါသေးတယ်။ မြန်မာသက္ကရာဇ် ၁၃၀၀ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက် ပါတော်မူနေ့ မှာ၊ ဗ.က.သ နှင့် တ.က.သ တို့မှ မည်သည့်အထိန်းအမှတ်ပွဲများ မလုပ်သော်လည်း၊ ကိုအောင်ကျော်တဦးတည်း မိမိရဲ့ အခန်းတွင်းမှနေ၍ အစာမစား၊ စကားမပြောပဲ ပါတော်မူနေ့ အထိမ်းအမှတ်ပွဲကျင်းပခဲ့ပါတယ်။ အခန်းဝ မှာလည်း “ဤနေ့ ဤရက်ကား ငါတို့ အရှင်နှစ်ပါး ပါတော်မူသော နေ့ဖြစ်သည်။ သတိရကြပါ။” ဟုလည်း ချိတ်ဆွဲ အသိပေးခဲ့ပါတယ်။ ကိုအောင်ကျော်၏ သရုပ်ပြမှုကြောင့် ၎င်းနှစ် အမျိုးသားအောင်ပွဲနေ့ကို ရန်ကုန်တက္ကသိုလ်သမ္မဂ္ဂက ချိမ့်ချမ့်သဲ ကျင်းပဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၃၀၀ပြည့် ကုလား-ဗမာ အဓိကရုဏ်းများအတွင်းကလည်း ကုလားများနှင့် တယောက်ချင်း ထွက်ချမည်လုပ်၍ ဗ.က.သ မှ လုပ်ဖေါ်ကိုင်ဖက်များကပင် ၀ိုင်းဆွဲထားရလောက်အောင် အမျိုးသားရေးစိတ်ဓါတ်ကြီးသော ကိုအောင်ကျော်ပါ။ မိမိကိုယ်တိုင်လည်း ဗမာမှုကို လေးစားသလို၊ အခြားသော ယောက်ျားလေး၊ မိန်းကလေးများ လက်ပွန်းတတည်း ဆက်ဆံခြင်း ကိုလည်းမကြိုက်ခဲ့။ ထို့ကြောင့် ယောက်ျားလေးများ နှင့် မိန်းကလေးများ အတူတွဲကသော ဧည့်ခံပွဲများ ကို သပိတ်မှောက်ရုံသာမက၊ ကောလိပ် ဆရာ၊ ဆရာမ များကျင်းပသော Ball Dance Parties များကိုပါ ခဲနှင့်ပေါက်ခဲ့တယ်လို့ ပြောစမှတ် ရှိပါတယ်။ လွတ်လပ်ရေးရယူရေး၌လည်း ၎င်းက ရန်သူတို့နှင့် တယောက်ချင်း အသက်အသေခံ တိုက်ပွဲဝင်ရမည်လို့လည်း အယူဆွဲခဲ့ပါတယ်။ နောင်မှ ကိုဘဟိန်း၆၊ ကိုလှရွှေ၇တို့က နားချ၍ လက်လျှော့သွားခဲ့ ရပါတယ်။ ဤကဲ့သို့ ရဲရဲတောက် ကောလိပ်ကျောင်းသား ကိုအောင်ကျော်ရဲ့ မော်ကွန်းဝင် နိဂုံးကိုတော့ ၁၃၀၀ပြည့် ရေနံမြေသပိတ်ကြီးက ဖန်တီးပေးလိုက်ပါတော့တယ်။

၁၉၃၈ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှ သပိတ်တပ်ကြီး ရန်ကုန်မြို့သို့ သခင်ဘိုးလှကြီး၏ဦးဆောင်မှုဖြင့် စတင် ချီတက်လာခဲ့ပါတယ်။ ဒီလိုချီတက်လာတာကို ဒေါက်တာဘမော်၈ရဲ့ ဘုရင်ခံအလုပ်အမှုဆောင်အဖွဲ့က ရှုံချလိုက်ပြီး ဗြိတိသျှ အာဏာပိုင် တွေက ဖြိုခွင်းမယ်ဆိုတဲ့ သတင်းရလို့ ဗ.က.သ က သပိတ်တပ်ကြီး နှင့် ပူးပေါင်းပါဝင်ရန် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဘဟိန်း နှင့် ကိုဗဆွေတို့ကို မကွေးမြို့သို့စေလွှတ် ခဲ့ပါတယ်။ ၁၉၃၈ခု၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကိုဘဟိန်း နှင့် ကိုဗဆွေတို့ မကွေးမှာ အဖမ်းခံရတယ် ဆိုသည့်သတင်း ဗ.က.သ ဌာနချုပ်ကိုရောက်လာခဲ့ပါတော့တယ်။ ဤသို့နှင့်၊ သမ္မဂ္ဂမှ အာဏာဖီဆန်ပွဲလုပ်ရန် ဆုံးဖြတ်လိုက်ပြီး ဒီဇင်ဘာ (၁၅) ရက်နေ့ မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘမော်အစိုးရက တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားများရဲ့တောင်းဆိုချက်များကို မလိုက်လျှောသည့်အတွက်၊ ကျောင်းသားများက အာဏာဖီဆန်ပွဲထက် ပြင်းထန်သည့် အစီအစည်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြပါတော့တယ်။

၁၉၃၈ခု၊ ဒီဇင်ဘာလ (၁၆) ရက် ည ၁၁ နာရီခန့်တွင် ဗ.က.သ စာကြည့်တိုက်၌ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် “ဗိုလ်” စာရင်းဝင် ကျောင်းသားတစု ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးပင်မ ဖြစ်သော အတွင်းဝန်ရုံးကို (၂၀) ရက်နေ့၌ ၀ိုင်းရံဆန္ဒပြရန် တိုင်ပင်ခဲ့ကြပါတယ်။ ကိုအောင်ကျော်နှင့် သံမဏိတပ်၉မှုး ကိုထွန်းရှိန်တို့ မှာ စိတ်လှုပ်ရှားလွန်း၍ စကားပင်းမပြောနိုင်ခဲ့ကြ။

၁၉၃၈ခု၊ ဒီဇင်ဘာလ (၂၀) ရက် မနက် ၈ နာရီတွင် သမ္မဂ္ဂအဆောက်အဦးထဲမှ ကိုလှရွှေ၏ “ဒီနေ့ဗမာ့ရာဇ၀င်မှာတွင်မည့်ခြေလှမ်းကိုစမယ်။ ချုပ်ချယ်တဲ့ ဥပဒေကိုဆန့်ကျင်မယ်။ ကျုပ်တို့ကို အစိုးရက ပစ်ရင်လည်းပစ်မယ်။ အဲဒါလိုက်မလား” ဟူသော အသံက ဟိန်း၍ထွက်လာပါတယ်။ ကိုလှရွှေက ဥက္ကဋ္ဌနေရာမှာ၊ ရှေ့တန်းမှာ ကိုထွန်းရှိန်၊ ကိုအောင်ကျော်၊ ကိုအေးကျော် နှင့် သံမဏိတပ်ဗိုလ်များ။ ကျောင်းသားများကလည်း “လိုက်မယ်။ လိုက်မယ်။” ဟုကြွေးကြော်ကာ စီတန်းထားသောကားများဆီ ဦးတည်နေကြပြီ။

စပတ်လမ်းမှာ ကျောင်းသားပေါင်း ၇၀၀၀ကျော်လောက် စုမိကြကာ အတွင်းဝန်ရုံး အ၀များအားလုံးကို စတင်ပိတ်ဆို့လိုက်ကျပါတော့တယ်။ ကိုအောင်ကျော် က စပတ်လမ်းနှင့် ဖရေဇာလမ်း ထောင့်မှနေကာ ကျောင်းသားများကိုစတင်နေရာချပေးပါတယ်။ ထို့နောက်၊ ကျောင်းသားအရေး၊ တောင်သူလယ်သမား၊ အလုပ်သမားအရေးတို့ကို စတင် ကြွေးကြော် ပါတော့တယ်။ ရဟန်းရှင်လူတို့ကလည်း ၀ိုင်းအားပေးကြပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ကိုလှရွှေ က “အောင်ပြီ” ကြွေးကြော်ကာ ဆန္ဒပြပွဲရုပ်သိမ်းပြီး ဖရေဇာလမ်း၁၀၊ ဂျုဒါအီဇကယ်လမ်း၁၁၊ ဒါလဟိုဇီလမ်း၁၂တို့မှ ကျောင်းသားများကိုစုဝေးကာ စပတ်လမ်း၁၃အတိုင်း ချီတက်လာခဲ့ပါတော့တယ်။ ထိုအချိန်မှာ ဂေါ်ရာမြင်းစီး စစ်ပုလိပ်များ၁၄ ချီတက်လာကာ ကျောင်းသားထုကို ၀င်ရောက်ရိုက်နှက်ပါတော့တယ်။ ကိုလှရွှေ နှင့် ကိုအောင်ကျော်တို့ နှစ်ယောက်မှာ အနီးကပ်ဆုံး ရှိနေခဲ့ကြပြီး အခြားကျောင်းသားများ ဖရိုဖရဲ မဖြစ်ရန် ကြိုးပန်းနေပါတယ်။ ရဲဘော်ကျောင်းသားများ ကလည်း “အရေးတော်ပုံ အောင်ပါစေ”၊ “သခင်မျိုးဟေ့ တို့ဗမာ” စသည့် တို့ကို ဆက်လက် ကြွေးကြော်လျှက် ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကျပါတယ်။ ဒါပေမယ့် ဂေါ်ရာမြင်းစီး စစ်ပုလိပ်များက ပိုမိုပြင်းထန်စွာ ဖြိုခွဲခဲ့လို့ နောက်ဆုံး ကျောင်းသားတပ်ကြီး လဲပြိုခဲ့ပါတော့တယ်။ ဥက္ကဋ္ဌ ကိုလှရွှေလည်း အကန် ခံထားရလို့ လမ်းပေါ်မှာလဲနေပါတယ်။ ကိုလှရွှေ ရဲ့ ဘေးမှာ လဲနေတာကတော့ ကိုအောင်ကျော်ပါ။ ဦခေါင်းမှသွေးတွေ ဆက်တိုက်ယိုစီးနေရင်းမှပင်၊ ကုန်း ထကာ “ကိုလှရွှေ၊ ကိုလှရွှေ။ ကျုပ်တို့ခေါင်းဆောင်းကြီး ဘယ်လိုနေသေးလဲ။ အရေးတော်ပုံ အောင်ရမည်။” ဟု သွေးရူးသွေးတန်းနှင့်၊ အသံကွဲကြီးနင့် အော်ရင်း ပြန်လဲကျသွားပါတယ်။ ဘေးမှကျောင်းသားများ သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ အားချင်း ပို့သော်လည်း နေရမရ၍ ဆင်နီတိုးရီးယမ်း၁၅ သို့ပြောင်းရွှေ့ခဲ့ရပါတယ်။

ထိုနေ့ညက၊ ရန်ကုန်မြို့ကြီးတခုလုံး တိတ်ဆိတ်နေခဲ့ပါတယ်။ ရဟန်းရှင်လူတို့လည်း မလှုံ့ဆော်ရပဲ အသံတိတ် သပိတ်မှောက်ကြပါတယ်။ ကိုအောင်ကျော်မှာတော့ တက္ကသိုလ် ဆင်နီတိုးရီးယမ်းက ခုတင်ပေါ်မှာ သတိလစ်လျှက်။ ကိုလှရွှေလည်း ပုန်းရှောင်နေရသည့်ကြားမှ သူ့ရဲဘော် ကိုအောင်ကျော်အတွက် ရင်တဖိုဖိုနှင့်။

၁၉၃၈ခု၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေတွင်မှာတော့ ကိုလှရွှေဆီသို့ သတင်းတပုဒ် ရောက်လာခဲ့ပါတယ်။ “ကိုအောင်ကျော် သေပြီတဲ့”။

ဤသတင်း ဗမာပြည်ရှိကျောင်းများအားလုံးသို့ ချက်ချင်းပြန့်သွားပြီး ရွာငယ်များမှ ကျောင်းများပါ မကျန် အားလုံးတညီတညာတည်း သပိတ်မှောက်ကြပါတယ်။ ကိုလှရွှေကိုယ်တိုင်လည်း ၀ရမ်း ထုတ်ခံထားရသည်ကိုပင် ဂရုမစိုက်၊ ကိုအောင်ကျော်ဈာပနပွဲ၌ ရှေ့ဆုံးမှ ဦးဆောင်ချီတက်ခဲ့ပါတယ်။ ဈာပနပွဲကြီးမှာ လည်း လူထောင်ပေါင်းများစွာတို့နှင့် ဆန္ဒပြပွဲကြီး ဖြစ်ခဲ့ပါတော့တယ်။ ကြံတောသုဿန် အရောက်မှာတော့ ကိုလှရွှေက “ဟယ်…ဘမော်အစိုးရ၊ နင့်တို့လုပ်ရပ်ကြောင့် ငါတို့ရဲဘော် ကိုအောင်ကျော် ကျဆုံးရတယ်။” အစချီသည့် ရဲရဲတောက် မိန့်ခွန်းကို ဟောပြောပါတော့တယ်။ ကိုထွန်းရှိန် တယောက်လည်း ခေါင်းမှာပတ်တီးစည်းဖြင့် ကိုအောင်ကျော်၏ အလောင်းဘေးမှ နေကာ အံကျိတ်ရင်း မျက်ရည်တွေ တတွေတွေနှင့်။

ကိုအောင်ကျော်အတွက်ဝမ်းနည်းချင်းအထိန်းအမှတ်ဖြင့် ဗမာတပြည်လုံး အစည်းအဝေးများ ကျင်းပကြပါတယ်။ လူအများ၏ ထောင်ခံမှုဖြင့် ကိုအောင်ကျော်ဈာပန ကော်မတီ မှ ကိုအောင်ကျော်အား “နေမျိုး သီဟသူရ ဗိုလ်အောင်ကျော်” ဟူသော်ဘွဲ့ဖြင့် ဂုဏ်ပြုခဲ့ကြပြန်ပါတယ်။ ဗိုလ်အောင်ကျော် သည်ကား ဗမာ့လွတ်လပ်ရေးအတွက် ပထမဦးဆုံး အသက်စတေးခဲ့သော ဗ.က.သ ၏ အာဇာနည်ပင်။ ဤသို့ ရဲရင့်စွာ အသက်ပေးခဲ့သော၊ ဗမာ့လွတ်လပ်ရေး၏ မော်ကွန်းတဆူ၊ ရဲဘော် ဗိုလ်အောင်ကျော် ကို ဤဆောင်းပါးဖြင့် ဒီဇင်ဘာလ (၂၀) ရက်နေ့၌ ကျရောက်ခဲ့သော “ဗိုလ်အောင်ကျော်နေ့” အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအပ်ပါတယ်။

ကိုအောင်ကျော်…ကောင်းရာသုဂတိ လားပါစေ။

ဘဇံလင်း (Dec 22, 2007.)



မှတ်စု။

၁) ဂျပ်ဆင်ကောလိပ် - ယုဒသန်ကောလိပ်။

၂) သခင်အောင်ဆန်း - ရဲဘော်သုံးကျိပ်ခေါင်းဆောင်။ ပြည်ထောင်စု ပိသုကာ နှင့် တပ်မတော်၏ ဖခင်။

၃) သခင်နု - လွတ်လပ်သော ပြည်ထောင်စု ဗမာနိုင်ငံတော်၏ ပထမဦးဆုံး ၀န်ကြီးချုပ်။

၎) သခင်လှဖေ - ရဲဘော်သုံးကျိပ်ဝင်၊ ဗိုလ်လက်ျာ။ ဗမာ့တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ်။

၅) ကိုထွန်းရှိန် - ရဲဘော်သုံးကျိပ်ဝင်၊ ဗိုလ်ရန်နိုင်။ ဗ.က.သ သံမဏိလက်ရုံးတပ်မှူး။

၆) ကိုဘဟိန်း - ၁၃၀၀ပြည့် အရေးတော်ပုံအတွင်း၊ ဗ.က.သ ဥက္ကဋ္ဌ။ “မြင်းခွာတချက်ပေါက်လျှင်၊ မီးဟုန်ဟုန်းတောက်စေရမည်” ဟုဟောပြောခဲ့သော ကျောင်းသားခေါင်းဆောင်။

၇) ကိုလှရွှေ - ၁၃၀၀ပြည့် အရေးတော်ပုံအတွင်း၊ ဗ.က.သ ဒုဥက္ကဋ္ဌ (နောင်ယာယီ ဥက္ကဋ္ဌ)။ အာဏာရှင် ကိုလှရွှေဟု လူသိများလာသူ။

၈) ဒေါက်တာဘမော် - ဘုရင်ခံအမှုဆောင်ကောင်စီ နန်းရင်းဝန်။ ဂျပန်ခေတ် ဗမာနိုင်ငံ၏ အဓိပတိ။

၉) သံမဏိတပ် - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂ္ဂ သံမဏိလက်ရုံးတပ်။ (ညီစေနော်၊ စစ်ရဲမော်…ချီတက်ကြဆို့တူပျော်ပျော်…)

၁၀) ဖရေဇာလမ်း - အနော်ရထာလမ်း။

၁၁) ဂျုဒါအီဇကယ်လမ်း - သိမ်ဖြူလမ်း။

၁၂) ဒါလဟိုဇီလမ်း - မဟာဗန္ဒုလလမ်း။

၁၃) စပတ်လမ်း - ဗိုလ်အောင်ကျော်လမ်း (ကိုအောင်ကျော်အား ဂုဏ်ပြုချင်းအားဖြင့်)။

၁၄) ဂေါ်ရာ မြင်းစီး စစ်ပုလိပ် - အိန္ဒိယ တော်ဝင် ပုလိပ်တပ်တော် (Indian Imperial Police)။

၁၅) ဆင်နီတိုးရီးယမ်း - ရန်ကုန်တက္ကသိုလ် ဆေးရုံ။





ကျမ်းကိုး။

မြဟန်။ ။ ဗိုလ်အောင်ကျော် (၁၉၁၅-၁၉၃၈)၊ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်။ တက္ကသိုလ်များ သမိုင်းသုတေသနဋ္ဌာန။ ၂၀၀၀။

သိန်းဖေမြင့်။ ။ အရှေ့ကနေ၀န်းထွက်သည့်ပမာ (ပ+ဒု)။

သိန်းအောင်။ ။ ကျွန်တော်သိခဲ့တဲ့အောင်ကျော်၊ အိုးဝေမဂ္ဂဇင်း အတွဲ (၈)၊ အမှတ် (၁)။ ၁၉၄၀။

ဦးနု။ ။ တာတေစနေသား။
http://bazanlin.wordpress.com/2007/12/22/boaungkyaw/
အာဇာနည် ဘလော့ဂ်မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

ဗိုလ်ချုပ်ကြီး သူရတင်ဦး (၁၉၂၇ - လက်ရှိ)


ဗိုလ်ချုပ်ကြီး သူရတင်ဦးဟာ သူ့ရဲ့ရဲစွမ်းသတ္တိကြောင့် “သူရ”ဘွဲ့ချီးမြှင့်ခံရပြီး မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အဆင့်ထိ ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် ၁၉၇၆ ခုနှစ်မှာ ဗိုလ်နေ၀င်းကိုဖြုတ်ချဖို့ ပူးပေါင်းကြံစည်တယ် ဆိုပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲချက်တင်ခဲ့တာကြောင့် သူ့ရဲ့တပ်မတော်သားဘ၀ဟာ အဆုံးသတ်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွဆန္ဒပြမှုတွေ အတွင်းမှာတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သူတဦး ဖြစ်လာခဲ့တယ်။

အခုအခါ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ၁၉၄၃ ခုနှစ် ဗမာ့လွတ်လပ်ရေးတပ်မတော် ထဲဝင်ခဲ့စဉ်က အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။ ကူမင်တန်တပ်ဖွဲ့တွေ ကျူးကျော် ၀င်ရောက်မှုကိုတိုက်ထုတ်တဲ့ တိုက်ပွဲတွေမှာတော့ တပ်မှူးတင်ဦး ရဲ့ သူရသတ္တိနဲ့ခေါင်းဆောင်မှုဟာ သူ့ရဲဘော်တွေအတွက် အားကျအတုယူစရာဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပေးအပ်ခဲ့တဲ့အထိ ဗိုလ်နေ၀င်းက ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရတဲ့အထိပါပဲ။

တပ်မတော်ထဲမှာသာမက ဗိုလ်ချုပ်ကြီးတင်ဦးဟာ အရပ်သားတွေရဲ့ လေးစားချစ်ခင်မှုကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ဈာပနမှာ ဆန္ဒပြကြတဲ့ကျောင်းသားတွေက “ဗိုလ်ချုပ်ကြီးတင်ဦး အသက် ရာကျော်ရှည်ပါစေ”လို့ ကြွေးကြော်တဲ့အထိ ဖြစ်ခဲ့တယ်။ တကယ်တော့ နိုင်ငံတော် သစ္စာဖောက်မှုဆိုတာထက် လူကြိုက် များတယ်ဆိုတဲ့အချက်က ဦးတင်ဦးကို ရာထူးဖြုတ်ချဖို့ ဖြစ်လာစေခဲ့ပုံပါပဲ။ ၁၉၇၆ ခုနှစ်မှာ ဦးတင်ဦးကို ထောင် ၇ နှစ် ချခဲ့ တယ်။ ဒါပေမယ့် ၂ နှစ်စောပြီး ပြန်လွတ်လာတယ်။

ထောင်ကလွတ်တော့ ဦးတင်ဦးဟာ မထင်မရှားဘဲ နေခဲ့တယ်။ အဲ့ဒီနောက် ၁၉၈၈ ခုနှစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပြင် ဘက်မှာ ဆန္ဒပြနေတဲ့ပြည်သူထောင်ပေါင်းများစွာကို မိန့်ခွန်းပြောခဲ့တယ်။ အဲ့ဒီနှစ်မှာပဲသူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဒုတိယဥက္ကဌဖြစ်လာပြီး စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပါတော့တယ်။

၁၉၈၉ ခုနှစ်မှာ ဦးတင်ဦး နောက်တကြိမ် ထပ်ပြီးအဖမ်းခံရတယ်။ ဒီတကြိမ်မှာတော့ တပ်မတော်ပြိုကွဲအောင်လုပ်တယ် ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။ လျှို့ဝှက်စစ်ခုံရုံးရဲ့ စစ်တပ်အရာရှိတွေရှေ့မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်းက “တပ်မတော် ကို ငါချစ်တယ်၊ ဒါပေမယ့် ပြည်သူကို တပ်မတော်ထက် ပိုချစ်တယ်”လို့ ပြောလိုက်တယ်။ အဲဒီအတွက် ဦးတင်ဦးဟာ အင်းစိန် အကျဉ်းထောင်မှာ ၆ နှစ်နေခဲ့ရတယ်။

၁၉၉၅ ခုနှစ်မှာ ထောင်ကပြန်လွတ်လာပြီး ဦးတင်ဦးဟာ နိုင်ငံရေးကို ဆက်လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ ပြည်အနှံ့ခရီးစဉ်တွေမှာ အတူပါတယ်။ ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မော် တော်ယာဉ်တန်းကို စစ်အစိုးရ အားပေးအားမြှောက်ပြုထားတဲ့ လူရမ်းကားတွေက အကြမ်းဖက်တိုက်ခိုက်တဲ့အတွက် ဦးတင်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အကျယ်ချုပ်ချထားခံရတာ အခုချိန်ထိပါ။
ဆက်လက်ဖတ်ရှုရန်...

ဗိုလ်မှူးကြီး ကြည်မောင် (၁၉၁၉ - ၂၀၀၄)



“စစ်တပ်ဟာ စစ်တပ်အလုပ်ကိုပဲလုပ်ရမယ်၊ နိုင်ငံရေးနဲ့ ကင်းကင်းနေရမယ်”ဆိုပြီး သူ့ရဲ့ဘ၀တလျှောက် ကိုင်စွဲတဲ့ ခံယူချက်ကို ဗိုလ်မှူးကြီးကြည်မောင် တဖြစ်လဲ ဦးကြည်မောင်ဟာ ၁၉၉၀ ခုနှစ်တုန်းက တိကျပြတ်သားစွာ ပြောခဲ့ပါတယ်။

ဦးကြည်မောင်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီအဖွဲ့ဝင်တဦး လည်း ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်က ဗိုလ်မှူးကြီး ကြည်မောင်ဟာ စစ် အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တဲ့ တဦးတည်းသော တော်လှန်ရေးကောင်စီဝင် ဖြစ်တယ်။

၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်မှူးကြီးကြည်မောင်ဟာ ဗိုလ်နေ၀င်းဦးစီးတဲ့ လူထုအစည်းအဝေး ပွဲတွေကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်။ နောက်တနှစ်အကြာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဘ၀ကနေ သူ့ကို အငြိမ်းစားပေးလိုက်ပါတယ်။

ဦးကြည်မောင်ဟာ နိုင်ငံရေးယုံကြည်ချက်အတွက် စုစုပေါင်း ၁၁ နှစ်ကြာ ထောင် ၄ ကြိမ်ကျခဲ့တာကြောင့် သူ့ကိုယ်သူ
ဝါရင့်အကျဉ်းသားအဖြစ် ခိုင်းနှိုင်းခဲ့ဖူးတယ်။

ဦးကြည်မောင်ဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတယောက်အဖြစ်နဲ့ နိုင်ငံရေးလှုပ်ရှားမှုထဲ စတင်ဝင်ရောက်ခဲ့တယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ဗြိတိသျှအစိုးရကိုဆန့်ကျင်တဲ့ တတိယအကြိမ် ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်မှာ ပါဝင်ခဲ့တယ်။ ဆန္ဒပြပွဲရဲ့တပ်ဦးမှာ ကျောင်းသားသမဂ္ဂအလံကို ကိုင်စွဲလွှင့်ထူထားစဉ် ဗြိတိသျှစစ်ပုလိပ်တွေရဲ့ ရိုက်ချက်ကြောင့် ဦးခေါင်းမှာဒဏ်ရာရသွားပေမယ့် သူရဲ့ အလံမလှဲတတ်တဲ့ စိတ်ဓာတ်ဟာ အဲဒီအချိန်ကတည်းက စခဲ့တာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်တဲ့ ခေါင်းဆောင် တဦး ဖြစ်လာတယ်။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံရပြီးနောက် ဦးကြည်မောင် ဟာ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မှုပေးခဲ့တယ်။

အတိတ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်တပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခုံရုံးတင်မှာလားလို့ နိုင်ငံခြား သတင်းထောက်တယောက်ရဲ့အမေးကို `မြန်မာနိုင်ငံမှာ နျူရင်ဘတ်လိုခုံရုံးမျိုး ကျနော်တို့ မလိုအပ်ပါဘူး´လို့ ဦးကြည်မောင်က ပြန်ဖြေခဲ့တယ်။ ဒါပေမယ့် တပ်မတော်စစ်ထောက်လှမ်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်က အခွင့်ကောင်းယူပြီး ဦးကြည်မောင်ကို ဖမ်းဆီးထောင်ချခဲ့တယ်။

၁၉၉၅ ခုနှစ် ထောင်ကလွတ်လာပြီးနောက် ဦးကြည်မောင်ဟာ နိုင်ငံရေးအပေါ် သူ့ရဲ့ချဉ်းကပ်ပုံကို အခုလိုပြောခဲ့တယ်။ “ဒါက ကစားပွဲတခုပဲ၊ ကျနော်တို့က အဲ့ဒီကစားပွဲထဲက ကစားသမားတွေ ဖြစ်တယ်။ ဒါဆို အတ္တမကြီးဘဲ အဓိပ္ပာယ်ရှိရှိ ကစားကြရအောင်” တဲ့။

ဒါပေမယ့် နောက်နှစ်နှစ်အကြာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အနားယူခဲ့တယ်။ ဦးကြည်မောင်ဟာ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေမှာ မြန်မာ့တပ်မတော်သမိုင်းကို သုတေသနပြုရင်း ၂၀၀၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့က နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန်...

ဗိုလ်မှူးကြီး ဗထူး (မွေးဖွားနှစ်မသိ - ၁၉၄၅)


ဗိုလ်မှူးကြီး ဗထူးဟာ တိုင်းပြည်နဲ့ တပ်မတော်အတွက် ဘ၀တခုလုံးကို ပေးဆပ်ခဲ့သူအဖြစ် လူအများက လေးစား ဂုဏ်ပြုခဲ့ကြတယ်။ ၁၉၄၁ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်က ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ် မြို့ကို သိမ်းပိုက်ခဲ့ချိန်မှာ ဗိုလ်ဗထူးဟာ ဇနီးနဲ့သားသမီးသုံးယောက်ကိုထားခဲ့ပြီး ဗြိတိသျှကို တော်လှန်တိုက်ခိုက်ဖို့ ပူးပေါင်းပါဝင် လာတယ်။

၁၉၄၃ ခုနှစ်မှာ ဗိုလ်မှူးအဆင့် ရာထူးတိုးမြှင့်ခံခဲ့ရပြီး မြန်မာနိုင်ငံမြောက်ပိုင်းက ထောက်ပံ့ရေးလမ်းကြောင်းတွေ လုံခြုံ ရေးအတွက် တာဝန်ယူခဲ့ရတယ်။ ဂျပန်ခေတ်မှာ ဗမာ့တပ်မတော်ကို နာမည်အသစ်နဲ့ ပြန်လည်ဖွဲ့စည်းတဲ့အခါ မန္တလေး အခြေစိုက် အထက်ဗမာပြည်တိုင်း(ယခု အလယ်ပိုင်းတိုင်း) စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာတယ်။ ၁၉၄၅ ခုနှစ် ဇန်န၀ါရီ လမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော် ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ လျှို့ဝှက်အစည်းအဝေးကျင်းပပြီး ဂျပန် တပ် တွေကို မတ်လ ၂၇ ရက်မှာ တမျိုးသားလုံး အုံကြွတော်လှန်ဖို့ အစီအစဉ်ရေးဆွဲရာမှာ ဗိုလ်ဗထူးလည်း ပါဝင်ပါတယ်။

ဒါပေမယ့် မန္တလေးကိုပြန်ရောက်လို့ သတ်မှတ်ရက်မတိုင်မီ သုံးပတ်အလို မတ်လ ၈ ရက်နေ့မှာ အခြေအနေအရ သူ့အစီ အစဉ်နဲ့သူ ဂျပန်ကိုစစ်ကြေညာပြီး စတိုက်ပါတယ်။ ဗိုလ်ဗထူးရဲ့ အကြောင်းပြချက်က စစ်နည်းဗျူဟာ မြောက်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲဘော်တွေကို ဂျပန်တွေ သံသယ၀င်နေတာသိတဲ့ ဗိုလ်ဗထူးဟာ တော်လှန်ရေးလှုပ်ရှား မှု ကြီးတရပ်လုံးကို ဂျပန်တွေအာရုံမစိုက်မိအောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခပ်ခွာခွာနေပြလိုက်တယ်။

သူနဲ့သူ့တပ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အမိန့်ကို မနာခံတော့ဘူးလို့ ကြေညာလိုက်တဲ့အခါ ဂျပန်တွေဟာ ဗိုလ်ဗထူး အပေါ်မှာပဲအာရုံစိုက်သွားကြတယ်။ အဲ့ဒီလိုအာရုံပြောင်းသွားချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ စီစဉ်ထားတဲ့အတိုင်း မတ်လ ၂၇ ရက်မှာ ဂျပန်တော်လှန်ရေးကို စတင်နိုင်ခဲ့တယ်။ အဲ့ဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ နောက်ပိုင်းတော့ တပ်မတော်နေ့လို့ သတ်မှတ်ခဲ့ကြတယ်။

ဗြိတိသျှဦးဆောင်တဲ့ မဟာမိတ်တပ်တွေ အိန္ဒိယကတဆင့် အထက်မြန်မာပြည်နဲ့ မန္တလေးကို ၀င်ရောက်နိုင်ရေး ဗိုလ်ဗထူး က ကူညီခဲ့ပါတယ်။ ဂျပန်တွေရဲ့နောက်ကြောက နေရာယူထားပြီးဖြစ်တဲ့ ဗိုလ်ဗထူးဟာ ထောက်ပံ့ရေးလမ်းကြောင်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်။ မဟာမိတ်တပ်တွေ မေမြို့ကိုသိမ်းပိုက်ရေးကိုလည်း ဗိုလ်ဗထူးက အကူအညီ အများ ကြီးပေးနိုင်ခဲ့တယ်။

ဗိုလ်ဗထူးရဲ့သတ္တိနဲ့ဦးဆောင်နိုင်မှုကို ဗိုလ်ချုပ်အောင်ဆန်းက ချီးကျူးခဲ့ပြီး ဗိုလ်ဗထူးကို ဗိုလ်မှူးကြီးရာထူး တိုးမြှင့်ပေး ခဲ့တယ်။ ဒါပေမယ့် ဒီရာထူးကို ဗိုလ်ဗထူး လက်ခံမသွားနိုင်ခဲ့ပါဘူး။ ထားဝယ်မှာကျန်ရစ်ခဲ့တဲ့ မိသားစုထံလည်း ပြန် မရောက် နိုင်ခဲ့ဘူး။ ၁၉၄၅ ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်းက ရွာလေးတရွာမှာ ငှက်ဖျားရောဂါနဲ့ ဗိုလ်ဗထူး ကျဆုံးသွားခဲ့ တယ်။

ဗိုလ်ဗထူးဟာ ရိုးသားဖြောင့်မတ်ပြီး ထက်မြက်သူ၊ သတ္တိရှိပြီး ၀ီရိယကောင်းတဲ့ စစ်ခေါင်းဆောင်လို့ ဗိုလ်ချုပ်အောင်ဆန်းက ရေးသားခဲ့တယ်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလမှာ ဗိုလ်ဗထူးကို ဂုဏ်ပြုတဲ့အနေနဲ့ ရှမ်းပြည်တောင်ပိုင်း ရပ်ဆောက်ဒေသမှာ တပ်မြို့တမြို့တည်ခဲ့ပြီး `ဗထူးတပ်မြို့´ လို့ အမည်ပေးခဲ့တယ်။ အဲ့ဒီမြို့ကို တပ်မတော်အရာရှိတွေကို သင်တန်းပေးဖို့နဲ့ တပ်မိသားစုတွေနေထိုင်ဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန်...

ဗိုလ်ချုပ် စမစ်ဒွန်း (၁၉၀၆ - ၁၉၇၉)


၁၉၄၆ ခုနှစ် လန်ဒန်မြို့ ဒုတိယကမ္ဘာစစ်အောင်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ ဖီးမာရှယ် ၀ီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံကြနေကြတယ်။ မြန်မာ နိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည်သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီးဖြစ်ခဲ့တဲ့ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက်လှည့်ပြီး “ဒါ အရပ်လေးပေပဲရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ”ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက်ပေးလိုက်တယ်။ အဲဒီကစပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေကခေါ်ကြတော့တယ်။

လူကောင်သေးသေးနဲ့ အဲ့ဒီကရင်အမျိုးသားကြီးဟာ အိန္ဒိယစစ်တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ်သင်တန်းမှာ အတော် ဆုံးကျောင်းသားဆုကို ရရှိခဲ့သူဖြစ်တယ်။ အဲ့ဒီနောက်ပိုင်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်က ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသကို လေထီးနဲ့ခုန်ုဆင်းပြီး ဒေသခံကရင် ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တယ်။

ဗိုလ်မှူးကြီးစမစ်ဒွန်းဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။

အဲဒါဟာ လူမျိုးပေါင်းစုံပါဝင်တဲ့ အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာတွေအကြား ယုံကြည်မှုတည်ဆောက်တဲ့ ခြေလှမ်းတခုဖြစ်ပါတယ်။

၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်ကြတဲ့အခါမှာတော့ အဲဒီယုံကြည်မှု ယိမ်းယိုင်ခဲ့ရတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းကို သူ့ရဲ့ကရင်တပ်ဖွဲ့တွေနဲ့အတူ တပ်မတော်ရာထူးတွေက ရပ်ဆိုင်းပစ်ခဲ့ကြတယ်။

စမစ်ဒွန်းဟာ ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက်ဖြစ်ပေမယ့် ဗမာ့တပ်မတော်အပေါ် အမြဲတမ်းသစ္စာရှိပြီး စစ်သားကောင်းပီသတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ တပ်မတော်ဦးစီးချုပ်တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်းပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။

တပ်မတော်ကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ်သံသယထားခဲ့တယ်။ ၁၉၇၉ ခုနှစ် ကွယ်လွန်ချိန်အထိ စောင့်ကြည့်ခံခဲ့ရတယ်။

ဗိုလ်ချုပ်စမစ်ဒွန်းဟာ ဘ၀ရဲ့နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာနေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူမကွယ်လွန်ခင် သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန်...

ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉ - လက်ရှိ)


ဗိုလ်မှူးချုပ်ကျော်ဇောဟာ ရဲဘော်သုံးကျိပ်ဝင်တွေထဲက သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးမှာ တဦးဖြစ်တယ်။ မျိုးးချစ် စိတ်ဓာတ်ပြင်းထန်ပြီး လက်ဝဲယိမ်းတဲ့ ဗိုလ်ကျော်ဇော ဟာ ၁၉၄၄ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီထဲ ၀င်ခဲ့တယ်။ ပါတီက ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီဗဟိုကော်မတီဝင်တဦးဖြစ်ပေမယ့် ပါတီရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲလှတယ်။ စစ်မြေပြင် က သူရသတ္တိပြောင်မြောက်မှုတွေကိုသာ လူသိများပါတယ်။

ဗိုလ်ကျော်ဇော ထင်ရှားကျော်ကြားခဲ့တာဟာ ၁၉၄၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အင်းစိန်တိုက်ပွဲမှာ စခဲ့တယ်။ ရန်ကုန်မြို့ မြောက်ဘက်ဆင်ခြေဖုံးနေရာတွေကို သိမ်းပိုက်ထားတဲ့ ကရင်သူပုန် တွေကို တိုက်ထုတ်ခဲ့တဲ့ သုံးလကျော်ကြာတိုက်ပွဲဟာ သူ့ရဲ့စစ်မှုထမ်းသက်တလျှောက် မေ့မရနိုင်တဲ့ အရှည်လျားဆုံးစစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနဲ့ အန္တရာယ်အများဆုံး စစ်ပွဲလို့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာ ရေးသားခဲ့တယ်။ အင်းစိန်တိုက်ပွဲမှာ ဗိုလ်ကျော်ဇောဟာ သူ့တပ်ဖွဲ့တွေနဲ့အတူ အမြဲ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ သတ္တိပြောင်မြောက်တဲ့ တပ်မှူးတဦးအဖြစ် အထက်အရာရှိတွေနဲ့ စစ်သားဟောင်းကြီး တွေကလည်း အမှတ်ရကြတယ်။

ရှမ်းပြည်နယ်ထဲ ကူမင်တန်တပ်တွေ ကျူးကျော်ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်ကလည်း ဗိုလ်ကျော်ဇော နာမည်ဟာ လူတိုင်းပါးစပ်ဖျားမှာ တဖွဖွပြောဆိုရတဲ့အထိ ဖြစ်ခဲ့တယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက် သူ့ရဲ့စွန့်စားခန်း တွေဟာ ဒဏ္ဍာရီဆန်ဆန်ပါပဲ။ မြန်မာတပ်တွေ ထိုင်းနိုင်ငံနယ်ခြားကို ဖြတ်သန်းခွင့်ရဖို့အတွက် ဘိန်းအရောင်းအ၀ယ်တခု မှာ ကူမင်တန်တွေလိမ်လိုက်တဲ့ ထိုင်းစစ်ဗိုလ်ချုပ်တယောက်နဲ့ ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူခဲ့တယ်။

ထိုင်း-မြန်မာနယ်စပ်အနီး တောင်ထူထပ်တဲ့ ဒွိုင်တန်တောင်တန်းပေါ်က ကူမင်တန်တွေရဲ့ခံတပ်ကိုတိုက်ဖို့ စစ်ပြင်နေတုန်း ထိုင်းဆက်သွယ်ရေးအရာရှိတယောက်က ဒီခံတပ်ကိုသိမ်းပိုက်ဖို့ အချိန်ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ “မနက် ၈ နာရီစတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်”လို့ ဗိုလ်ကျော်ဇောက အကြောင်းပြန်လိုက်တယ်။

အဲ့ဒီတိုက်ပွဲကိုကြည့်ဖို့ ထိုင်းနိုင်ငံဘက်အခြမ်းမှာ လူတသောင်းကျော် စုဝေးရောက်ရှိနေကြပြီး တချို့ဆိုရင် တိုက်ပွဲရဲ့ ရလဒ်ကို အလောင်းအစား လုပ်နေသူတွေတောင် ရှိခဲ့တယ်။ ဗိုလ်ကျော်ဇောဟာ သူပြောတဲ့အတိုင်း ညနေ ၄ နာရီမှာ မြန်မာအလံကို လွှင့်ထူနိုင်ခဲ့တယ်။

၁၉၅၇ ခုနှစ် ဧပြီလမှာ ဗိုလ်ကျော်ဇောရဲ့ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ အမာခံစခန်းတခုကို ၀င်ရောက်စီးနင်းတိုက်ခိုက်ရာက ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားတွေဟာ တပ်မတော်ရဲ့ လှုပ်ရှားမှုသတင်းတွေကို ကွန်မြူနစ်သူပုန်တွေထံ ဗိုလ်ကျော်ဇော ပို့ခဲ့တယ်လို့ဆိုပြီး ရာထူးကနေ အနား ပေးခဲ့တယ်။ တပ်မတော်ကနေ အနားယူခဲ့ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးကို တက်တက်ကြွကြွထောက်ခံခဲ့တယ်။
၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ကြားကပဲ ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်ရာနယ်မြေဆီ ရှောင်ထွက်နိုင်ခဲ့တယ်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနဲ့ စစ်ကော်မရှင်အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ပါတီတွင်းပြိုင်ဆိုင်မှုတွေ ကြောင့် ပါတီပြိုကွဲခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာတော့ ဗိုလ်ကျော်ဇော တရုတ်ပြည်ထဲ ၀င်ရောက်ခိုလှုံခဲ့ရတယ်။

အခုအခါ အသက် ၉၀ ရှိပြီဖြစ်တဲ့ ၀ါရင့်တပ်မှူးကြီး ဗိုလ်ကျော်ဇောဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက်ရှိ ပါတယ်။ ဧရာဝတီမဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဒီနေ့ခေတ် တပ်မတော်ကို “ကြေးစားတပ်”လို့ ပြောဆိုခဲ့တယ်။ တိုင်းပြည်အကျိုးအတွက် စစ်တိုက်ခဲ့တဲ့ သူတို့ခေတ်က တပ်မတော်ခေါင်းဆောင်တွေနဲ့မတူတဲ့“ဒီနေ့ခေတ် စစ်ခေါင်းဆောင် တွေရဲ့ တခုတည်းသောရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ်ဖို့”လို့ပြောခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန်...

ဗိုလ်မှူးချုပ် လက်ျာ (၁၉၁၁- ၁၉၇၈)


ဗိုလ်မှူးချုပ် လက်ျာ (ခေါ်) လှဖေဟာ စကားပြောသိမ်မွေ့နူးညံ့ပြီး ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ ရဲဘော်သုံးကျိပ်ဝင် တယောက်ဖြစ်တယ်။ ဒါပေမယ့် ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာသင်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့ တပ်မတော်ကို ဦးဆောင်ဖို့တာဝန်ပေးတဲ့အခါမှာ ဗိုလ်မှူးချုပ် လက်ျာဟာ စစ်သားကောင်းတယောက်အဖြစ် သက်သေပြ ခဲ့တယ်။

ဗိုလ်လက်ျာဟာ ဒို့ဗမာအစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့သူတွေထဲမှာ ပါတယ်။ အဲ့ဒီ အဖွဲ့ကို ဗြိတိသျှ နယ်ချဲ့ကို ဆန့်ကျင်တဲ့ ပညာတတ်မျိုးချစ်လူငယ်တစုက ထူထောင်ခဲ့တာ ဖြစ်တယ်။ အဖွဲ့ဝင်တွေဟာ သူတို့ကိုယ်သူတို့ “သခင်” တပ်ခေါ်ကြတယ်။ ဗိုလ်လက်ျာဟာ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် သစ္ခာရှိတဲ့ ထိပ်တန်း ပါတီဝင်တဦးလည်း ဖြစ်တယ်။

ဗိုလ်လက်ျာဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံခြားအကူအညီရှာဖွေဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တရုတ်ပြည် ကို ပထမဆုံးသွားခဲ့တယ်။ ရဲဘော်နှစ်ယောက် ချိန်းထားတဲ့အဆက်အသွယ်နဲ့လွဲပြီး သောင်တင်နေစဉ် လိုအပ်နေတဲ့ ရန်ပုံ ငွေကို ရှာဖွေခဲ့တာ ဗိုလ်လက်ျာဖြစ်တယ်။

ဂျပန်ပြည်မှာ စစ်သင်တန်းတက်ပြီးနောက် ဗိုလ်လက်ျာကို ထိုင်းနိုင်ငံကတဆင့် မြန်မာပြည်ထဲဝင်ပြီး ကျေးလက်ပြည်သူ တွေကို တော်လှန်ရေးလှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော်စည်းရုံးဖို့ တာဝန်ပေးခဲ့တယ်။ ဗိုလ်လက်ျာနဲ့တပ်ဖွဲ့ဟာ မြန်မာနိုင်ငံ တောင်ပိုင်းက ကျေးလက်ပြည်သူတွေကို စည်းရုံးပြီး တပ်သားသစ်တွေစုဆောင်းခဲ့တယ်။

တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဗိုလ်လက်ျာဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်လက်ျာကို တပ်မတော်ရဲ့ ခေါင်းဆောင်အဖြစ် သူ့နေရာမှာ အစားထိုးတာဝန်ယူ စေချင်တာကို လုပ်ဖော်ကိုင်ဖက်တွေက သိကြတယ်။ ဗိုလ်လက်ျာရဲ့နေရာကို ပြိုင်ဆိုင်မယ့် နိုင်ငံရေးပြိုင်ဖက်တွေရန်က ဗိုလ်ချုပ်အောင်ဆန်းဟာ သတိနဲ့အမြဲ ကာကွယ်ပေးခဲ့တယ်။ အဲ့ဒီအချက်ဟာ ၁၉၄၉ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်နေ၀င်းနဲ့ ဗိုလ်လက်ျာအကြားမှာ ကြီးမားတဲ့တင်းမာမှုတွေ ဖြစ်စေခဲ့တယ်။

ဗိုလ်လက်ျာဟာ နု-အက်တလီစာချုပ်ရဲ့ နောက်ဆက်တွဲအဖြစ် လက်ျာ-ဖရီးမင်း ကာကွယ်ရေးစာချုပ်ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တယ်။ လက်ျာ-ဖရီးမင်းစာချုပ်ဟာ ဗြိတိသျှတပ်တွေ မြန်မာနိုင်ငံထဲဝင်ထွက်ခွင့်နဲ့ ဗမာ့တပ်မတော်ကို စစ် သင်တန်းပေးမယ့်အစီအစဉ်တွေ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ဖြစ်ခဲ့လို့ ဗိုလ်လက်ျာကို ဗြိတိသျှလိုလားသူအဖြစ် စွပ်စွဲခဲ့ကြတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဗိုလ်လက်ျာဟာ တပ်မတော်မှာ ကြာကြာဆက်ရှိမနေ တော့ပါဘူး။ နောက်တနှစ်အကြာမှာ မြန်မာအစိုးရကိုတိုက်နေတဲ့ ကရင်ခေါင်းဆောင်တွေကို ထောက်ခံနေတယ်လို့ စွပ်စွဲခံ ရပြီး ဗိုလ်လက်ျာ တပ်မတော်ကနေ နုတ်ထွက်ခဲ့တယ်။ ဖဆပလ အဖွဲ့ချုပ်ထဲဝင်ခဲ့ပြီး နိုင်ငံရေးလုပ်ခဲ့တယ်။ ဒုတိယ
ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတယ်။

ဗိုလ်လက်ျာဟာ ၁၉၅၀ ခုနှစ်တွေမှာ လက်ျာကုမ္ပဏီနဲ့ မာတဘမ်ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်တဲ့ စီးပွားရေးသမား အဖြစ်နဲ့ နိုင်ငံခြားကို ရေထွက်ပစ္စည်းတင်ပို့တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ ဗိုလ်လက်ျာနဲ့ ချမ်းသာကြွယ်ဝကြတဲ့ သူ့မိသား စု ဟာ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးအသိုင်းအ၀န်းမှာ လူသိများထင်ရှားပြီး ဩဇာရှိပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။

ဗိုလ်လက်ျာဟာ ၁၉၆၂ခုနှစ်မှာ ဗိုလ်နေ၀င်းဖြုတ်ချတာခံလိုက်ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနုကို ထောက်ခံသူဖြစ်တယ်။ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာ ဗိုလ်လက်ျာဟာတောခိုခဲ့ပြီး ဦးနုရဲ့ ပြည်ပြေးအစိုးရနဲ့ ပူးပေါင်းခဲ့တယ်။ ပြည်ချစ် လွတ်မြောက် ရေးတပ်မတော်ရဲ့ တပ်မှူးတဦး ဖြစ်ခဲ့တယ်။ ထိုင်းနယ်စပ်မှာအခြေစိုက်တဲ့ အဲ့ဒီတပ်ဟာ ကရင်နဲ့ ပဋိပက္ခတွေကြားမှာပဲ
တ၀ဲလည်လည် ဖြစ်နေခဲ့တယ်။ ရန်ကုန်ကိုချီတက်ပြီး ဗိုလ်နေ၀င်းကိုဖြုတ်ချဖို့ ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ဘူး။

၁၉၇၈ ခုနှစ် နိုဝင်ဘာလမှာ ကရင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတပွဲအတွင်း ဗိုလ်လက်ျာ ကျဆုံးခဲ့ရတယ်။
ဆက်လက်ဖတ်ရှုရန်...

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇)


ကျနော့်ရဲ့သူရဲကောင်း
ဗိုလ်မှူးချုပ်ကျော်ဇော

ဗြိတိသျှအုပ်စိုးတဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားလာခဲ့တယ်။ အဲ့ဒီအချိန်က မြန်မာ့လွတ်လပ်ရေး အတွက် နယ်ချဲ့ဗြိတိသျှတွေကို ဆန့်ကျင်တွန်းလှန်တာဟာ မြန်မာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်တရပ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဟာ ဒီတာဝန်ကို ဦးလည် မသုန် ထမ်းရွက်ခဲ့တယ်။ သူဟာ သူ့ပိုင်ဆိုင်မှုအားလုံးနဲ့ သူ့အသက်ကိုပါ စွန့်လွှတ်သွားခဲ့ သူ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ယုံကြည်ချက်ကနေ ဘယ်တော့မှ သွေဖည်မသွားဘဲ စွဲစွဲမြဲမြဲ လုပ်ကိုင်သွားသူ ဖြစ်တယ်။ သူကျဆုံးသွားချိန်အထိ ဘ၀တလျှောက်လုံး နယ်ချဲ့ကို ဆန့်ကျင်ခဲ့သူဖြစ်တယ်။ နယ်ချဲ့ဗြိတိသျှတွေနဲ့ စေ့စပ် ညှိနှိုင်းလို့ ယုံကြည်မှုတည်ဆောက်ခဲ့ပေမယ့် မြန်မာပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရဖို့အတွက်ကို ဘယ်လို အပေးအယူမှ မရှိခဲ့ဘူး။

ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကိုတိုက်ယူရာမှာ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ လုပ်ငန်းကို အမျှော်အမြင်ရှိရှိနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ အင်အားကြီးတဲ့ ရန်သူကိုတိုက်ဖို့အတွက် စစ်တပ်တတပ်လိုတယ်ဆိုတာ သဘောပေါက် တယ်။ ဒါကြောင့် သူ့ခေါင်းဆောင်မှုအောက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို လူ ၃၀ နဲ့ စတင်ဖွဲ့စည်းခဲ့တယ်။ လအနည်းငယ်အတွင်း ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ တပ်သားသစ်ထောင်ပေါင်းများစွာကို စုဆောင်းနိုင်ခဲ့တယ်။

စစ်တပ်ကိုဖွဲ့စည်းထူထောင်ခဲ့ပြီးနောက် ခေတ်မီတပ်မတော်ဖြစ်လာအောင်လည်း တပ်မတော်လေ့ကျင့်ရေးကျောင်းနဲ့ စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့တယ်။ တပ်မတော်ကို ခိုင်မာတဲ့ အဖွဲ့အစည်းတခုဖြစ်လာအောင် ဖန်တီးခဲ့တာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ အနာဂတ်တပ်မတော်ကို နိုင်ငံရေးနဲ့ ကင်းကင်းနေသင့်တယ်ဆိုပြီး လမ်းညွန်ခဲ့ပါတယ်။

နိုင်ငံရေးမျက်နှာစာမှာလည်း ဗိုလ်ချုပ်ဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အင်အားစုတွေကို စုစည်းနိုင်ခဲ့တယ်။ ပညာတတ် အထက်တန်းလွှာတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို တော်လှန်ရေးထဲပါဝင်လာအောင် စည်းရုံးနိုင်ခဲ့တယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ အပြောင်မြောက်ဆုံးဆောင်ရွက်ချက်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်သူတွေကို ပြန်လည်တိုက်ထုတ်ဖို့အတွက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်ကြီးကို ဖန်တီးနိုင်ခဲ့ခြင်းပဲဖြစ် တယ်။ နောက်ထပ် ထူးခြားတဲ့အရည်အချင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံကို သူနဲ့အတူရပ်တည်ပြီး လွတ်လပ်ရေးကို အတူတကွတောင်းဆိုဖို့ စည်းရုံးနိုင်ခဲ့ခြင်းပါပဲ။

၁၉၃၅ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ တိုတောင်းလှတဲ့ ၁၂ နှစ်တာကာလအတွင်း ကျောင်းသားခေါင်းဆောင်ဘ၀ကနေ အမျိုးသားခေါင်းဆောင်တယောက်ဖြစ်လာတာ ကျနော်တော့ အတော်အံ့ဩမိတယ်။

ကြီးမြတ်တဲ့ ခေါင်းဆောင်တိုင်းမှာ ရှိအပ်တဲ့အရည်အချင်းတွေအကုန်လုံး ဗိုလ်ချုပ်အောင်ဆန်းမှာရှိတယ်။ ကျနော်တွေ့ဖူးခဲ့ သမျှ ခေါင်းဆောင်တွေထဲမှာ အထက်မြက်ဆုံးခေါင်းဆောင်တယောက် ဖြစ်တယ်။ သူအလုပ်လုပ်တဲ့အခါ စွမ်းဆောင်ရည် အပြည့်ရှိတယ်။ အစည်းအဝေးခေါ်လိုက်တိုင်း ဘာဆွေးနွေးမလဲဆိုတဲ့အစီအစဉ် သူ့မှာ အမြဲရှိတယ်။ အစည်းအဝေးကို အချိန်မဖြုန်းဘဲ စနစ်တကျစီမံသွားနိုင်တယ်။ အစည်းအဝေးပြီးတဲ့အခါလည်း လူတိုင်းဟာ ကိုယ်ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားတယ်။

နောက်ဆုံးအနေနဲ့ အရေးပါတဲ့အရည်အသွေးတခုက ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ်ကျင့်သိက္ခာကြီးမားပြီး စိတ်ထက်သန် တဲ့ မျိုးချစ်ပုဂ္ဂိုလ်တယောက် ဖြစ်ခြင်းပါပဲ။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့အတူ မြန်မာပြည်သူအားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ခင်မြတ်နိုးတမ်းတနေဆဲပဲလို့ ကျနော်ယုံကြည်ပါတယ်။

(ဗိုလ်မှူးချုပ်ကျော်ဇောဟာ သက်ရှိထင်ရှားကျန်ရှိနေသေးတဲ့ ရဲဘော်သုံးကျိပ်ဝင်နှစ်ဦးထဲက တဦးဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက်ရှိပါတယ်)
ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.