02 June 2010

D..မို..က..ရေ..C (ရေးသူ-ကောင်းကင်ကို)

(၁)
တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။


ဒါပေမယ့် အဲဒီ့ ကျင့်ခြင်းမှာ
တောင်းတာရော
တိုက်တာရော
ကျင့်တာပါ ပါမယ်။

(၂)
သူ့နောက် သူလိုက်ရင်း
အရှိန်သတ်မရတတ်တဲ့ ဇာတ်ကောင်မှာ
သူ့ကိုယ်သူ သတ်သေတတ်တဲ့ သဘာဝလည်းရှိတယ်။
(၃)
ရေစီးကမ်းပြို စေတနာနဲ့
ပန်းမကြိုက်သူတွေရဲ့ခြံထဲမှာ
နှင်းဆီတွေ အတင်းသွားစိုက်ဖူးတယ်၊
ရိုက်လွှတ်မခံရတာ ကံကောင်း။
(၄)
ဂရိရာဇဝင်ကို ပြန်ကြည့်လိုက်တော့
မဲပုံးထဲက လျှံထွက်လာတဲ့ အမည်းတစက်
ဆိုကရေးတီး လက်ထဲက အဆိပ်ခွက်ပေါ့။
(၅)

ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။

ကိုကောင်းကင်ကိုရဲ့ ကဗျာလေးကို ကြိုက်လွန်းလို့ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန်...

16 March 2010

ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းကြီးများ

(၁)

ဒီလူကြီးတွေ...ဒီလူကြီးတွေ....

သွားရေတွေ တများများ

လူသားစား ကျားပါးစပ်နဲ့

အရပ်မှာ "ဗျိုး" ဟစ်ပြီး

"ကွန်မြူနစ်ဆန့်ကျင်ရေး" တဲ့

အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့

လုပ်စားပေါင်းများခဲ့ပြီ။









(၂)

ကွန်မြူနစ်တွေဆိုတာ

ဘုရားမရှိ တရားမသိ

အမှားအတိနဲ့

အလကားငတိတွေထင်အောင်

တွင်တွင်ကြီး ၀ါဒဖြန့်

ကွန်မြူနစ်တစ္ဆေနဲ့လှန့်

ရွာအနှံ့ ရပ်အနှံ့ မောင်းထု

ပြည်သူကိုတော့ ထောင်းထုပြီး

မကောင်းမှုမှာ သရဖူဆောင်း

သူရဲကောင်းကြီး ဟန်ပန်လုပ်

အာဏာကို အချောင်အုပ်ကြတယ်၊

ပုပ်လိုက်တဲ့ သမိုင်း

ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။



(၃)

ကွန်မြူနစ်ကို လက်ညှိုးထိုး

ကိုယ်ကျိုးကို အရနှိုက်

ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။



လဲဗီးတဲ့....ပြူစောထီးတဲ့...

လက်နက်မဲ့ ပြည်သူတွေကို

ကူညီမလို အကြောင်းပြပြီး

ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ

မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။

ကွန်မြူနစ် ရန်စွယ်ဟာ

ဓမ္မ န္တရာယ် အစစ်ပါပဲလို့

ကလိမ်ကညစ် နည်းထုံးတွေနဲ့

ဖြီးလုံးတွေလွှင့်ထုတ်

စာအုပ် စာတမ်း ရေဒီယို

ထိုထိုသော သတင်းစာတွေနဲ့

အတင်းညာကာ ၀ါဒဖြန့်

ရွာလန့်အောင် လုပ်ကြတယ်။

ရိုးသားတဲ့ ဗုဒ္ဓဘာသာ

တို့မြန်မာလူထုရဲ့ စိတ်ထဲ

ကွန်မြူနစ် သူရဲပုံပြင်တွေနဲ့

ယုံထင်ကြောင်ထင် ဖြစ်အောင်

သံကြောင်တွေ ဟစ်ကြတယ်

တကယ်ညစ်တာက သူတို့....သူတို့။



မသိဘူးလို့များမထင်နဲ့

ပြည်သူတွေက "မြင်"ပါတယ်။

ပြည်သူတွေက "လျင်"တယ်။



(၄)

မှန်တဲ့စကားတခွန်း

တစွန်းတစ မဟလိုက်လေနဲ့

ကွန်မြူနစ် တံဆိပ်ကပ်

အရပ်နဲ့ လှည့်တိုက်မယ်။



အခွင့်အရေး ဆိုစကား

တပြားဘိုးမျှ မတောင်းလိုက်လေနဲ့

ကွန်မြူနစ်တွေ သွေးထိုး

သူပုန်မျိုး အဖျက်သမားတွေလို့

မတရားစွပ်စွဲပြီး

နည်းမျိုးစုံ ဖြိုခွဲပစ်မယ်။

အမှန်ကို ချစ်တာနဲ့

ကွန်မြူနစ် ဖြစ်ရရောလား။

လူကြီးမင်းများ ခင်ဗျား....

စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး။



(၅)

ကျောင်းသားတွေ မခံနိုင်လို့

သံပြိုင်ဟစ် အုံကြွတော့လဲ

သူပုန်ထမဲ့ ဗကပ တဲ့

ဗကပ လှုံ့ ဆော်လို့

ကြွေးကြော်သံ အနန္တနဲ့

အလျှံထမတတ်

ဆန္ဒပြကြတာတဲ့။

ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး

ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို

မစိစစ် မဖွေရှာ

အာဏာပြ ပါဝါပြပြီး

အဓမ္မနှိမ်နင်း

အပြစ်ကင်းတဲ့ ကလေးငယ်တွေကို

ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ်။



ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ

အတန်တန် သွေးစွန်းခဲ့ရတယ်။



လွတ်လပ်ရေး ရပြီးကတည်းက

တကသ ဗကသ

ကျောင်းသားသမဂ္ဂတွေကို

ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့

ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့

ပစ်ခတ် သတ်ဖြတ်ခဲ့တာ

မှတ်တိုင်ကြီးတတိုင်

ဇူလိုင် ၇ ရက် သက်သေပါ။

တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့

ဟာသ ရသတောင်မြောက်ကုန်ပြီ

ဗကပတစ္ဆေ ခြောက်တုန်းပါကလား။

(၆)

အမှန်တကယ်အဖြစ်က

ပြည်တွင်းစစ်နဲ့ စားသာနေတာ

အာဏာလက်ရှိ လူတစုပါ။

ပြည်တွင်းစစ်ကို လက်ညှိုးညွှန်

ကွန်မြူနစ်ကို အပြစ်ပုံချ

ရသမျှအခွင့်အရေး အိပ်ထဲပိုက်

နှိုက်ချင်တိုင်း နှိုက်

ပိုက်ချင်တိုင်း ပိုက်

မိုက်ချင်တိုင်း မိုက်

ရိုက်ချင်တိုင်း ရိုက်

ရွှေစိတ်တော် အကြိုက်ပ၊

မြို့ ရွာတွေ မီးတိုက်လိုတိုက်

ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး

အမျိုးသမီးတွေ ယူလိုယူ

ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ

အိမ်တွေရ တံဆိပ်တွေရ

ဧရာမ သူရဲကောင်းလို့

အကြောင်းပြလို့လဲကောင်းသေး

ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့

ဝိုင်းအုပ် ၀ိုင်းတုတ်လိုက်ကြတာ

အလုပ်ကိုဖြစ်လို့၊

တကယ့် မျိုးချစ်ပုဂ္ဂိုလ်တွေ ပါလားနော်။



(၇)

ဒီလူတွေနဲ့ ငြိမ်းချမ်းရေး

ဘယ့်နှယ်လုပ် ဆွေးနွေးကြမလဲ

ငြိမ်းချမ်းရေး အသံကြားရင်

နားဝမှာ ခါးနေတဲ့လူတွေ

စစ်ရှိမှ ကြီးပွါး

စစ်နဲ့ဘဲ လုပ်စားနေကြတာ

စစ်အား မကောင်းရင်

ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး။

စစ်အလုပ် ကင်းဝေးမဲ့

ငြိမ်းချမ်းရေး ကိစ္စကိုများ

တရားသဘောနဲ့

အလကား ဟောမနေနဲ့

မောရုံသာ အဖတ်တင်မယ်

"၀တ္ထုနိပါတ် ပိဋကတ်"ကို

လျှာပြတ်အောင် ဟောသော်လဲ

ဟောရင်းသာ ပျံတော်မူရမယ်

"ဆန်ဖြူတခွက်မျှ ထွက်နိုင်ပုံမရ"ဆိုတဲ့၊

ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား။



(၈)

ဒီလိုနဲ့ပဲ

တို့လူထုမှာတော့

ပူမှုတွေဖုံး

အပူလုံးတွေကြွ ယူကျုံးမရ

ပြည်တွင်းစစ်ဒုက္ခနဲ့

ပြေးရ လွှားရ ပုန်းရ အောင်းရ

ဘ၀တွေ ပျက်ခဲ့ပြီ။

လက်နက်တွေ တလကြမ်းနဲ့မို့

အမျိုးသားပန်းမှ ပွင့်နိုင်ပါအုံးမလား။

တနိုင်ငံလုံး ပြာပုံပေါက်

တည်ဆောက်လို့မှ ရနိုင်ပါအုံးမလား။

စစ်မီးတွေ တလောင်တည်းလောင်

ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ

ပြောင်ခဲ့ပြီလေ။



(၉)

ဒီလို ဒီလိုနဲ့

ဒီမိုကရေစီ ပြုတ်ကျ

စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့

မဆလတွေ မင်းမူခဲ့

တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့

တဖွဖွ စွပ်စွဲရင်း

ဖွတ်မွဲစာရင်း တို့တတွေ ရောက်ကုန်ပြီ၊

မှိုလိုပေါက်လာတဲ့ မဆလဗဟိုကော်မတီ

ဘာကောင်စီ ညာကောင်စီ

အလံနီ အလံဖြူ လက်နက်ချနဲ့

မဆလ စစ်ဗိုလ်ကြီးတွေဟာ

တသီးတသန့် အခန့်စားစံရာ

ပါရမီ ငွေကြာရံ

ရန်ကင်း ကမ္ဗောဇ ဗိုလ်ချုပ်ရွာတွေမှာ

တိုက်တာကြီးတွေ ဟိန်းထ

ပစ္စည်းတွေက သိန်းမက

ဘိန်းချသလား အောက်မေ့လောက်အောင်

ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ်။



ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့

စားဦး စားဖျားတွေ ဝေစားခဲ့ကြတယ်။



မဆလက မွေးဖွားတဲ့ လူတန်းစားတရပ်

မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်



အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်

အရက်တငုံ ကျိုက်ပြီး လွှတ်တော်ဝင်

မဆလလမ်းစဉ် အောင်ရမယ်လို့

မယုံကြည်ပဲ ကြွေးကြော်ပြီး

အရေးပေါ် ဆိုရှယ်လစ်တွေက

စခန်းသစ် ဖွင့်ခဲ့ကြတယ်။

မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ။



(၁၀)

ခုတခါ လူထုကနာပြီမို့

တပါတီစနစ် ဖြုတ်ချ၊ ဒီမိုကရေစီ အများဆန္ဒနဲ့

အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့

ဆူပူရေးသမား ဗကပများတဲ့။

လုပ်စားနေတဲ့ လူကြီးများက

ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး

လူထုလုပ်ရပ် သေးသိမ်အောင်

ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ။



ပြည်ထောင်စု ပြိုကွဲပြီး

ဖရိုဖရဲ မဖြစ်အောင်တဲ့။

မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့

စကားကို တရားလုပ်

လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း

အပ်သွားကြောင်းထပ်ပြီး

အဓမ္မပါးစပ်နဲ့

ကျားကျား မီးယပ်လုပ်ကြပြန်ပြီ။

ကျောင်းသားနဲ့ ပြည်သူ

ဆူပူအောင်လုပ်တာ ဗကပ လို့တမျိုး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း

ကွန်မြူနစ်တွေ စီးနင်းလေဟန်

သတင်းတွေ ချဲ့ ကား

အတင်းလိမ်လည် လှည့်စားလို့တမျိုး

မဟားဒယား ကြံစည်ပြီး

ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ။



(၁၁)

ခုတော့

သမိုင်းကသိ လူကမိပြီ

လူကြီးမင်းတို့ လက်ရာ

ညာလို့ မရတော့ဘူး

နိုးကြားနေတဲ့ ပြည်သူတွေမို့

အထူ အပိန်းတွေ မထင်ကြနဲ့တော့

ပါးစပ်ဟ လိုက်တိုင်း

အူမကို အတိုင်းသားပါပဲ။

လူကြီးမင်းတို့ ဖော်နည်းကားတွေ

ခေတ်မစားတော့ဘူး

ခေတ်နောက်ကျ သွားပါပြီ။

"ပြည်သူတွေဟာ ဗကပ မဟုတ်"

ဗကပ နဲ့လှန့်တိုင်း

လန့်လိမ့်မည်မဟုတ်။

နိုင်ငံရေး အခြေအနေ

ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါးကို

ပိုင်းခြားလို့ သိနေပြီ။

ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့

တသက်လုံး လုပ်စားဖို့ကြံရင်

ပန်လန်လက်

ပက်လက်လန် မည်သာမှတ်ပေရော့။

ပါးစပ်က ဘုရား ဘုရား

လက်က ကားယားကားယားနဲ့

စားဖား လူကြီးမင်းများ ခင်ဗျား............။ ။



တင်မိုး။

[ ၂၀၀၀၊ သြဂုတ်လ ၁၅ ရက်မှာ လမင်းတရာစာပေဆက်ဆံရေးက ထုတ်ဝေလိုက်တဲ့

"တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ"စာအုပ်မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်]
ဆက်လက်ဖတ်ရှုရန်...

09 February 2010

ထလော့မြန်မာ(ရေးသူ-ညိုစိုင်း)

 ညိုစိုင်း (e-mail) မှတဆင့်ပေးပို့တဲ့ကဗျာလေးဖြစ်ပါတယ်။ကဗျာအမည်မပါ သောကြောင့် "ထလော့မြန်မာ"ဟုသာပေးလိုက်ပါသည်။အကယ်၍ ကဗျာအမည်သိသည်ရှိသော် ဖော်ပြပေးစေလိုပါတယ်။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီ စပါးများလည်းများ၏
များပါလေလည်း တမွဲမွဲနဲ့
ဆင်းရဲ ကာလကြာလျှင်
ယာစကားမျိုး တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနဲ့
ဆင်းရဲ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ညဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ညဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။

ဆက်လက်ဖတ်ရှုရန်...

တော်လှန်ရေးဋီကာ(ရေးသူ-ညိုစိုင်း)

(၁)
တော်လှန်ရေးသည်
လရောင်အောက်တွင်
စောင်းတီးခြင်းမဟုတ်။

(၂)
တော်လှန်ရေးသည်
မည်ကာမတ္တလုပ်နေသော
အမည်ခံ၊ အဖြည့်ခံဝေါဟာရ
စကားလုံးတစ်လုံးအဖြစ်
ရပ်တည်နေသောစိတ်ဖြေ
လုပ်ငန်းမဟုတ်။

(၃)
တော်လှန်ရေးသည်
ခပ်ပါးပါးလုပ်ဟန်ပြုနေသော
Paper Revolution
မဟုတ်။

(၄)
တော်လှန်ရေးသည်
စံနှုန်းတွေနှင့် ပြဌာန်းထားသော
တရားဓမ္မ(သို့ )ပရမတ္တဖြစ်သည်။

(၅)
တော်လှန်ရေးသည်
ကိုယ်လိုရာ အကောင်းမြင်ဝါဒကို
လက်မခံ။

(၆)
တော်လှန်ရေးသည်
သစ္စာတရားအပေါ်တွင်
ခံယူထားသော ကတိ
ဘယ်လောက်လိုက်နာဆိုသည့်
အချက်နှင့်တိုင်းတာရမှာပဲ။

(၇)
တော်လှန်ရေးသည်
သမာသမတ်ကျသော
ရပ်တည်မှုအပေါ်တွင်
မူတည်ပြီး...
သစ္စာတရားနှင့် ကတိတွေအပေါ်
အထပ်ထပ်ချိုးဖောက်နေသော
ရဲဘော်အတုတွေကို
တော်လှန်ရေး ရဲဘော်ဟု မဆိုအပ်။

(၈)
တော်လှန်ရေးသည်
ရပ်တည်ချက်နှင့် လုပ်ဟန်များကို
စောင့်ကြည့်ပြီး...
တော်လှန်ရေးအရေခွံခြုံထားသော
တော်လှန်ရေး အတုများကို
တော်လှန်တိုက်ပွဲဝင်ရင်း
စစ်မှန်သော တော်လှန်ရေးရဲဘော်များကို
အမြဲတမ်းရှာဖွေနှလုံးသွင်းလျက်ရှိသည်၊
ဆက်လက်ဖတ်ရှုရန်...

ငါတို့လက်နဲ့ရေးတဲ့ကောင်းကင်(ရေးသူ-ညိုစိုင်း)

မလွတ်လပ်ခြင်းကို ထမ်းပိုးလို့
ငါတို့နှလုံးသားတွေ ကျွဲပုခုံးလို ဖြစ်ခဲ့ရ
နာကျင်ခဲ့ပေမဲ့ ခပ်နာနာနဲ့ပဲ
ငါတို့ ဓားအသွားကို ဆုပ်ကိုင်ခဲ့ကြတယ်၊
ဝဋ်ကြွေးလား
ဒါဆိုလည်း အဲ့ဒီလှံအသွားကိုပဲ
ငါတို့ခေါင်းနဲ့ ၀င်တိုက်ကြတာပေါ့၊
အဲ့ဒါ ငါတို့ရဲ့ လွတ်လမ်း….။
မတရားတာတွေ တရားတာတွေ
ခပ်ဝေးဝေးကို ပစ်ထုတ်လိုက်ကြ၊
ငါတို့ကို ကန်ခဲ့တဲ့ စစ်ဖိနပ်ထဲက အကောင်တွေကို
သတ်ကြ၊ ပြန်သတ်ကြ၊
အဲဒါ ငါတို့ရဲ့ဝဋ်ကြွေးကုန်ရာလမ်း
အမှန်တရားဟာ တရားတယ်၊
အမှားကို အမှန်နဲ့ ငါတို့ ဆေးကြောခဲ့တာပဲ
အားလုံးသိတယ်၊

(ဒါပေမဲ့ အရိုးမျက်နေတဲ့ ခွေးငတ်တွေမပါဘူး)
လူ့အသိရှိသူအားလုံးသိတယ်
ဒီနေ့ကစပြီး
လူအသိမရှိတဲ့သူကို
ဒီကမ္ဘာပေါ်မှာ နေထိုင်ခွင့် မပြုနိုင်တော့ဘူး၊
ဒါ ငါတို့ရဲ့ ပြတ်သားတဲ့
ဆုံးဖြတ်ချက်
ငါသေလို့ အမှန်တရားမသေဘူး
မြဲမြဲမှတ်ကြ
နအဖ စစ်သားသေမှ အမှားသေမယ်၊
ဒုက္ခသေမယ်
သတ်ကြ နအဖ စစ်သားဆို
အချိန်မရွေး နေရာမရွေးသတ်ကြ။
ဒါအမှန်ပါလို့ လည်ပင်းမှာ ချိတ်ပေးထားတာတောင်
ခွေးသေပုပ်ကို လည်ပင်းဆွဲတယ်လို့ ထင်တဲ့အကောင်တွေ
ပြောကြ
ခင်ဗျာတို့အားလုံးပြောကြ
ဟောဒီ့ အန္တရာယ်ကောင်
ကမ္ဘာ့လူ့ခွင်မှာ ရှိသင့်မရှိသင့်ပြောကြ
ဒီနေ့က စပြီး
လက်စားချေတရားကို ငါဟောမည်
နအဖ စစ်သားဆို အကုန်သတ်
ကြံ့ဖွတ်၊ စွမ်းအားရှင် အကုန်သတ်
စစ်ခွေးသတ်လို့ ငရဲမကျ
ဘုန်းကြီးသတ်မှ ငရဲကျမည်၊
ငါတို့ဟာ သူတို့လက်ခုပ်ထဲက ရေမဟုတ်ဘူး
သူတို့ရဲ့ လက်ခုပ်ထဲက ပုလင်းကွဲ
သူတို့ကုန်တဲ့နေ့
အမှန်တရား နေမွန်းတည့်မယ့်နေ့
အဲဒီ ပန်းတိုင်ရောက်ဖို့
သတ်ရဲအောင် အရင်အားထုတ်ကြ
လာတော့မယ်
အမှန်တရား။ ။



ဆက်လက်ဖတ်ရှုရန်...

05 January 2010

ကြယ်ကြွှေသတို့သား (ရေးသူ-မင်းကိုနိုင်)

သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့
ငါတို့ .......... ။

မင်းကိုနိုင်

(၂၀၀၇ သြဂုတ်လ ၇ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)
ဆက်လက်ဖတ်ရှုရန်...

မျှော် (ရေးသူ-ရွှေဘုန်းလူ)

မြန်မာပြည် ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့်အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

ပိတ်မထားရသေးတဲ့
သားကြီးတို့ ရဲ့ ကျောင်းစာအုပ်မှာ
ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့
မေမေ မျက်ရည်ဝဲရော့မယ်။

ရှစ်ဆယ့်ရှစ်ခုနှစ်ရဲ့
လက်နက်နဲ့  လွယ်အိတ်တိုက်ပွဲများ
မှုန်ဝါးပြာဝေ
ကမ္ဘာမကြေဘူး
ဘီလူးတခေတ်၊ ဒေါင်းတခေတ်။

တနေ့ နေ့ လေ
မသေသေးရင် ပြန်လာချင်တယ်
ရင်ခွင်မှာ ထွေးလို့ ကြိုပါမေမေရယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ
သွေးစတွေ စိုလူး
အလံဦးမှာ ကိုယ့် အမည်ချိတ်လို့ 
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့  တိုက်ပွဲဝင်နေပါတယ်။ ။

ရွှေဘုန်းလူ(တာရာမင်းဝေ)
ဆက်လက်ဖတ်ရှုရန်...

ဥဒါန်း (ရေးသူ-ရွှေဘုန်းလူ)

ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့ မြေမှာ မှိုင်းမှိုင်းဝေရော့မယ်။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရ မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။

ရာဇ၀င်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ ရယ်။

ဒီဘက် ကမ္ဘာခေတ်ရဲ့ 
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။

သားပျောက်ရှာနေတဲ့ အမေကို
သူ့ အောက်က မြေက
"မေမေ"လို့  တိုးတိုးလေးခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ် ။

ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ်၊

နေ၀င်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲ ဖြစ်တယ်။

"ဟေ့ ကြိုးစင်"
ငါ ရင်ကော့ပြီး လာခဲ့မယ်။

ရွှေဘုန်းလူ (တာရာမင်းဝေ)
ဆက်လက်ဖတ်ရှုရန်...

29 December 2009

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ(ရေးသူ-အောင်ဝေး)



ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။

++++++++

သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်

ဆက်လက်ဖတ်ရှုရန်...

21 November 2009

ကျောင်းသားအတ္ထုပ္ပတ္တိ(ရေးသူ-တာရာမင်းဝေ)





မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ် မလုံလောက်မှု
ဖောင်တိန် မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်…
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစဉ်ကို ထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုး ဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ယဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါတခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ် သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမဲ့ ...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံဝေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ
မေငြိမ်း blog မှတဆင့်
ဆက်လက်ဖတ်ရှုရန်...

24 October 2009

ခွပ်ဒေါင်းခင်းတဲ့လမ်း(ရေးသူ-တင်မိုး)

တို့တိုင်းပြည်က ကမောက္ကမ
ခေတ်နောက်ကျလို့ ပက်လက်လန်
ယက်ကန်ယက်ကန်။
တော်လှန်ဟေ့ တော်လှန်
အသံကမြည်ဟိန်း။
ကျောချင်းခွာ ဖျာချင်းလု
ဘယ်သူ့ကို တော်လှန်ရမလဲ
လက်စမသိမ်း။



ပန်းတိုင်ပျောက်ပါလို့
လှမ်းကိုင်ထောက်စရာ မရှိပြီ။
လက်ညှိုးတွေ ပြန်လှန်ထိုး
ယိုးစွပ်ကြသည်။

သွေးနဲ့လောင်းခဲ့ကြတဲ့
ခွပ်ဒေါင်းတို့ အာဇာနည်
ပြန်လည်၍ကြည့်စမ်း။
ကိုယ်ကျိုးကို ဘယ်မငဲ့
ခင်းခဲ့တဲ့လမ်း။
မင်းတည့်တည့်လှမ်း။

တင်မိုး
၀၃၊ ၁၆၊ ၂၀၀၂
ဆက်လက်ဖတ်ရှုရန်...

ကိုရင်ကလေး ဣန္ဒာလောက(ရေးသူ-တင်မိုး)

ဘုရားကြီး ကျောက်ဆစ်တန်း
ပန်းတွေနဲ့ ဝေနေတဲ့
မန္တလေးမြေမှာ
ချမ်းအေးစွာ ပညာသင်
ကိုရင်ကလေးဘ၀၊ ဣန္ဒာလောက။


မိဘက ကန်မြဲဇဂျမ်း
လှည်းလမ်းကလေး တဖုန်ဖုန်
သူပုန်လဲထူ ဖုန်လဲထူတဲ့
တောင်သူတွေ မြေပဲစိုက်
ရေစည်တိုက်တဲ့ အရပ်မှာ။

သူပုန်နဲ့ အစိုးရ
ပစ်ကြ ခတ်ကြ သတ်ဖြတ်ကြလို့
ဆွမ်းမျှ မလောင်း
ကျောင်းမျှ မဆောက်နိုင်
ပုတီးမျှ မကိုင်နိုင်တဲ့အခါ။

ဒီဝါကျွတ်ရက်
ကိုရင်ကလေး လူထွက်ရင်
ခေတ်ပျက်ကြီးထဲမို့
သူပုန်အဆွဲခံရမလား
စစ်သားဖြစ်ပြီး သေနတ်ပစ်သင်နေရမလား
အမေတားပါရစေ
လူများတော့ မထွက်လိုက်ပါနဲ့
ကိုရင်သာ လူထွက်ရင်
အမေ့အသက် ဘယ်မှာထားရပါ့
တို့သားအမိ တောင်ကြားပုန်းပြီး
ကတုံးတုံး အမေမယ်သီလရင် ၀တ်ခဲ့ရင်
ပြည်တွင်းစစ်က လွတ်ကောင်းရဲ့။

ပြုံးဖြီး ပြုံးဖြီးနဲ့
ကတုံးကြီးနဲ့ ကိုရင်လူထံက်ကို
ငပိချက် ချက်ကျွေးနေတဲ့
ကျေးဇူးရှင် အမေရဲ့အရိပ်
သောကလွှမ်းတဲ့ ဇာတ်လမ်းအတိတ်ကို
တိတ်တဆိတ် လွမ်းမိတယ်။

ပြည်တွင်းစစ် မီးလောင်ကုန်းမှာ
အမေလဲ ဆုံးခဲ့ပြီ။
အဖေလဲ ဆုံးခဲ့ပြီ။
သုံးယောက်သား မောင်နှမတို့
လူ့လောကမှာ ကျက်စား
နှစ်များလဲ ကြာချေပြီ။

ကိုရင်ကလေး ဣန္ဒာလောက
လူ့ဘ၀မှာ သက်ဆင်း
ပြည်တွင်းစစ် မီးလျှံကြားမှာပဲ
တဖားဖား ရုန်းကန်ရင်း
ကာရန်တွေရှာတဲ့
ကဗျာဆရာ ဖြစ်လာခဲ့လေပြီ။

ပြည်တွင်းစစ် မီးရောင်လဲ
တညီးညီး တောက်လောင်နေဆဲ။
ကဗျာတထုပ်၊ စာတအုပ်နဲ့
မီးမှုတ်မီးငြိမ်း၊ ကလေးထိန်းရင်း
ငြိမ်းချမ်းရေး မရရုံ မကသေး
သူ့ကလေးတွေ သူ့မြေးတွေကို
ရန်ကုန်မှာထားပြီး
တိုင်းတပါး ကိုယ်လွတ်ပြေးခဲ့ရ
အမေ့မြေးတွေ မြစ်တွေအတွက်
ကိုရင်လူထွက် ကဗျာဆရာ
စိတ်ပူပန်ရပါလေပြီ။

စစ်ဝါဒီ စနစ်ဆိုး
စစ်မီးခိုး အလျှံတလူလူနဲ့
မြန်ပြည်သူ ဘယ်ခါငြိမ်းနိုင်ပါ့မလဲ။

အမေ့ရွာ ပြန်အလာ
သံသာသာ ကဗျာတေးတွေနဲ့
ငြိမ်းချမ်းရေး ဗိမာန်သစ်ကို
တို့ပြည်ရွာ မေတ္တာအချစ်နဲ့
ကျောက်ဆစ်ကာ ထုထွင်းဖို့
မျှော်လင့်ခြင်း ရင်မှာပိုက်
အမျှော်စိုက်တေးတွေနဲ့
ရပ်ဝေးက တစောင့်စောင့်။ ။

တင်မိုး။
၁၀၊ ၃၊ ၂၀၀၀
ဆက်လက်ဖတ်ရှုရန်...

07 May 2009

လွတ်မြောက်ရေး-ပြောက်ကျားခုခံမှုကားတချပ် ရေးသူ- ဒဂုန်တာရာ

ခရေပင်ရိပ်
အရှင်လှုပ်ရှား၊ နေပြောက်ကျားဝယ်
မှုန်ဝါးထိုးဆင်၊ တွင်းပေါက်ဝင်က
သစ်ပင်ကိုင်းရွက်၊ တွဲလောင်းခက်သည်
မြေကွက်ဝင်္ကပါတည်း။ ။


ထိုနေရာဝယ်
ဇရာလိပ်တွန့်၊ ပါးပျဉ်းလွန့်နှင့်
စန့်စန့်မနေ၊ အမြစ်ခွေသည်
ဤမြေချာမင်း၊ ပင်ခြေရင်းရှိ
မြေတွင်းပေါက်ဝ၊ ကြွက်တကောင်သည်
အမှောင်ရိပ်သို့ ထွက်လေလျင်း။ ။

သစ်ခွကြားမှ
ဘွားကနဲထွက်၊ ကျီးပြာငှက်လည်း
ကိုင်းခက်ကိုလှုပ်၊ တောင်ပံသုတ်၍
ချောင်းကုပ်နေဟန်၊ ကြွက်မဲထံသို့
လျင်မြန်ထိုးချ၊ နှုတ်သီးဟလျက်
အ....အ....အော်ကာ တိုက်ခိုက်၏။ ။

ရှောင်တခင်လျင်
မြေတွင်းအောင်းကြွက်၊ ယာဉ်ပျံငှက်နှင့်
ကျသက်ခုန်ကြွ၊ လူးလိမ့်ကြလျက်
အ...အ..သံမြည်၊ ညံစည်စည်တည့်
နိုင်မည်ရှုံးခင်း၊ သတ်ပုတ်ခြင်းသည်
ရုန်းရင်းဆန်ခတ် ၀င်းဝင်းလက်။ ။

ပြင်းပြင်းထန်ပြီ
တပြန်စီလိမ့်၊ နပန်းလှိမ့်၍
သိမ့်သိမ့်ဘယ်ညာ၊ လူးလွန့်ကာလျင်
ကြွက်မှာပူးကပ်၊ မြောင်းရေစပ်သို့
လှည့်သတ်ပြောက်ကြား၊ တွန်းလှန်ငြားက
စွမ်းအား မနိုင့်တနိုင်ဖြင့်။ ။

နောက်ဆုံးတိုက်ပွဲ
ဆင်နွှဲမာန်ပြင်း၊ စစ်တလင်းဝယ်
တင်းတင်းအဟုန်၊ ကိုက်ခဲကုန်ပြီ
မုန်တိုင်းသေနင်္ဂဗျူဟာ။ ။

ဤတိုက်ပွဲတွင်
မဲမဲလှုပ်လှုပ်၊ သားချင်းမြုပ်လျက်
ဖြဲဆုတ်သွေးချင်း၊ လိမ်းကပ်ဆင်းကြ
မြှင်းမြှင်းထိုးဆွဲ၊ ကျီးပြာမဲကို
ပြန်ခဲကြွက်က၊ လှိမ့်လှိမ့်ချသော်
မြောင်းဝထိပ်စွန်း၊ ခုခံတွန်းယင်း
ကျီးကန်းရေသို့ကျလေ၏။ ။

ကြည့်နေစဉ်ပင်
နုံးအင်ပန်းလျ၊ ရွေ့ရွေ့ထ၍
ကင်းပလွတ်မြောက်၊ နဲ့နဲ့လျှောက်လျက်
ပေါက်ဝသူ့တွင်း၊ သက်ကာဆင်းသည်
ကြွက်မင်း ပြန်လည် မြေသို့အောင်းသတည်း။

ဒဂုန်တာရာ
သမာဓိသတင်းစာ၊ ၁၉၄၈။
{ဒဂုန်တာရာရဲ့ 'အလင်္ကာ' စာအုပ်၊ ၁၉၆၂ နိုဝင်ဘာ၊ ပထမနှိုပ်ခြင်းက ကူးယူဖော်ပြပါတယ်။}

ဆက်လက်ဖတ်ရှုရန်...

ခွပ်ဒေါင်းသို့ပန်ကြားချက် ရေးသူ-တင်မိုး


(၁)

မင်းသားကြီး မလုပ်ရရင်
ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့
ညစ်ကျယ်ကျယ် လူစားတွေ
တို့ပြည်မှာ အများသားကလား
ဟိုနားမှာတွေ့ သည်နားမှာတွေ့
ဟိုကွေ့မှာကြုံ သည်ကွေ့မှာကြုံ
တပုံတပင်ကြီးပါကလား၊
ခေါင်းဆောင်က တရာနှစ်ရာ
ငယ်သားက တယောက်နှစ်ယောက်
မျက်စိနောက်စရာ ပါလားနော်။


(၂)

ကိုယ်ကသာ ဘာမှမဟုတ်
လူတွင်ကျယ် လုပ်ချင်တယ်
ပုပ်လိုက်တဲ့ စိတ်ဓာတ်
စုတ်ပြတ်လိုက်ပါဘိ။
ပါးစပ်နဲ့ အလုပ်လုပ်
ခွတုပ်တဲ့ လူမျိုး
လက်ညှိုးတချောင်းနဲ့ လူရာဝင်
သူသာလျှင် အရေးပါသတဲ့
ပညာကလဲ မရှိ
အသိအမြင်ကလဲ ကျဉ်းမြောင်း
စိတ်ကောင်းကလဲ မမွေး
ကလေးစိတ် မိန်းမစိတ်
အတိတ်လဲ မဝေဖန်
ပစ္စုပ္ပန်လဲ မသုံးသပ်
အနာဂတ်လဲ မတွေးရှု
အရေးတခုရယ်လို့ သဘောမထား
တောသားအချင်းချင်း
ကျောပြားကို နင်းချင်တယ်
ရိုင်းပင်းမယ်လိုတော့ စိတ်မကူး
လက်ဦးအောင် ဖျာခင်း
အာဏာပြင်းလှချည့်
ရာဇာမင်းဂုဏ်နဲ့ မတန်
နုံနဲ့ ဟန်ပေါက်လိုက်ပုံက
သဘောက်မသား
လူရမ်းကားတွေ ပါလားဟေ့။

(၃)

သမိုင်းစာမျက်နှာကို
အိမ်သာသုံးစက္ကူသဖွယ်
အသုံးပြုခဲ့ကြတယ်။
လိုရာကိုဆွဲသုံး
အမဲတုံးခွေးဆွဲသလိုပေါ့လေ
ရေလဲနဲ့ သုံးခဲ့တယ်။
ဗလောင်းဗလဲစကား
အပြောင်းအလဲက များသနဲ့
ချောင်းထဲကငါး ရေကူးမြန်သလို
မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန် ပြောကြတယ်
ကြားသူတိုင်း ရှုပ်ထွေးပြီး
အလိုလေးတ, ရအောင်
ပါးစပ်က ကျည်ဆံထွက်
ထွီထွမ်ခွက် ပက်လက်မျောစရာ
စကားနာ စကားလိမ်
စကားသိမ် စကားဖျင်း
စကားတင်း စကားယုတ်
စကားပုပ် စကားလှည့်
စကားရွဲ့ စကားစောင်း
အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့ကြတယ်
ပြောသူ မရှက်
ကြားသူ ရှက်ရပါကလား။

(၄)

ဒီမိုး ဒီမြေ ဒီလူတွေနဲ့
ဒီအခြေ စခန်းသွားရင်
လမ်းမှားတွေရောက်
ဂျောက်ပေါက်တွေ တိုးမှာသေချာတယ်။
တန်ရာတန်ရာ မလုပ်ရင်
ရွာနာတယ်ဆိုတဲ့ ဆောင်ပုဒ်အရှိသား
အဟုတ်ကိုဘဲ ရွာနာခဲ့ပြီ။
မြန်မာပြည် သည်ပုံမျိုးနဲ့ဆိုရင်
အမျိုးပျောက်ရလိမ့်မယ်။
သူခိုးက လူ လူဟစ်
မချစ်သူက မေတ္တာစကားဆိုတော့
ဘယ်လိုမှ မကောင်းနိုင်
ခွပ်ဒေါင်းရေ...... ကယ်ပါအုံးလို့
ပြည်လုံးကျွတ် အော်ချင်လှပြီ
မကောင်း အညစ်တွေကို
ပြောင်းပစ်မှ နေရာကျပြီး
ပြည်ရွာလှလိမ့်မယ်။

(၅)

အို..... ခွပ်ဒေါင်း
လွတ်ကြောင်းအတွက်
ခွပ်လက်ပြင် ခွပ်လက်သွေးကာ
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့
အရေးတော်ပုံ အောင်စေလော့။ ။

{"တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်း နှင့် အခြားကဗျာများ" ပဌမနှိပ်ခြင်း၊ လမင်းတရာစာပေ၊၂၀၀၀။ မှ ကူးယူဖော်ပြပါတယ်။}

ဆက်လက်ဖတ်ရှုရန်...

ခွပ်ဒေါင်းခင်းတဲ့လမ်း ရေးသူ-တင်မိုး

တို့တိုင်းပြည်က ကမောက္ကမ
ခေတ်နောက်ကျလို့ ပက်လက်လန်
ယက်ကန်ယက်ကန်။
တော်လှန်ဟေ့ တော်လှန်
အသံကမြည်ဟိန်း။
ကျောချင်းခွာ ဖျာချင်းလု
ဘယ်သူ့ကို တော်လှန်ရမလဲ
လက်စမသိမ်း။



ပန်းတိုင်ပျောက်ပါလို့
လှမ်းကိုင်ထောက်စရာ မရှိပြီ။
လက်ညှိုးတွေ ပြန်လှန်ထိုး
ယိုးစွပ်ကြသည်။

သွေးနဲ့လောင်းခဲ့ကြတဲ့
ခွပ်ဒေါင်းတို့ အာဇာနည်
ပြန်လည်၍ကြည့်စမ်း။
ကိုယ်ကျိုးကို ဘယ်မငဲ့
ခင်းခဲ့တဲ့လမ်း။
မင်းတည့်တည့်လှမ်း။

တင်မိုး
၀၃၊ ၁၆၊ ၂၀၀၂
ဆက်လက်ဖတ်ရှုရန်...

ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ ရေးသူ-တင်မိုး

(၁)
ဒီလူကြီးတွေ...ဒီလူကြီးတွေ....
သွားရေတွေ တများများ
လူသားစား ကျားပါးစပ်နဲ့
အရပ်မှာ "ဗျိုး" ဟစ်ပြီး
"ကွန်မြူနစ်ဆန့်ကျင်ရေး" တဲ့
အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့
လုပ်စားပေါင်းများခဲ့ပြီ။

(၂)
ကွန်မြူနစ်တွေ ဆိုတာ
ဘုရားမရှိ တရားမသိ
အမှားအတိနဲ့
အလကားငတိတွေ ထင်အောင်
တွင်တွင်ကြီး ၀ါဒဖြန့်
ကွန်မြူနစ်တစ္ဆေနဲ့ လှန့်
ရွာအနှံ့ ရပ်အနှံ့ မောင်းထု
ပြည်သူကိုတော့ ထောင်းထုပြီး
မကောင်းမှုမှာ သရဖူဆောင်း
သူရဲကောင်းကြီး ဟန်ပန်လုပ်
အာဏာကို အချောင်အုပ်ကြတယ်၊
...

ပုပ်လိုက်တဲ့ သမိုင်း
ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။

(၃)
ကွန်မြူနစ်ကို လက်ညှိုးထိုး
ကိုယ်ကျိုးကို အရနှိုက်
ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။

လဲဗီးတဲ့....ပြူစောထီးတဲ့...
လက်နက်မဲ့ ပြည်သူတွေကို
ကူညီမလို အကြောင်းပြပြီး
ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ
မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။
ကွန်မြူနစ် ရန်စွယ်ဟာ
ဓမ္မ န္တရာယ် အစစ်ပါပဲလို့
ကလိမ်ကညစ် နည်းထုံးတွေနဲ့
ဖီးလုံးတွေလွှင့်ထုတ်
စာအုပ် စာတမ်း ရေဒီယို
ထိုထိုသော သတင်းစာတွေနဲ့
အတင်းညာကာ ၀ါဒဖြန့်
ရွာလန့်အောင် လုပ်ကြတယ်။
ရိုးသားတဲ့ ဗုဒ္ဓဘာသာ
တို့မြန်မာလူထုရဲ့ စိတ်ထဲ
ကွန်မြူနစ် သူရဲပုံပြင်တွေနဲ့
ယုံထင်ကြောင်ထင် ဖြစ်အောင်
သံကြောင်တွေ ဟစ်ကြတယ်
တကယ်ညစ်တာက သူတို့....သူတို့။

မသိဘူးလို့များမထင်နဲ့
ပြည်သူတွေက "မြင်"ပါတယ်။
ပြည်သူတွေက "လျင်"တယ်။

(၄)
မှန်တဲ့စကားတခွန်း
တစွန်းတစ မဟလိုက်လေနဲ့
ကွန်မြူနစ် တံဆိပ်ကပ်
အရပ်နဲ့ လှည့်တိုက်မယ်။

အခွင့်အရေး ဆိုစကား
တပြားဘိုးမျှ မတောင်းလိုက်လေနဲ့
ကွန်မြူနစ်တွေ သွေးထိုး
သူပုန်မျိုး အဖျက်သမားတွေလို့
မတရားစွပ်စွဲပြီး
နည်းမျိုးစုံ ဖြိုခွဲပစ်မယ်။
အမှန်ကို ချစ်တာနဲ့
ကွန်မြူနစ် ဖြစ်ရရောလား။
လူကြီးမင်းများ ခင်ဗျား....
စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး။

(၅)
ကျောင်းသားတွေ မခံနိုင်လို့
သံပြိုင်ဟစ် အုံကြွတော့လဲ
သူပုန်ထမဲ့ ဗကပ တဲ့
ဗကပ လှုံ့ ဆော်လို့
ကြွေးကြော်သံ အနန္တနဲ့
အလျှံထမတတ်
ဆန္ဒပြကြတာတဲ့။
ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး
ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို
မစိစစ် မဖွေရှာ
အာဏာပြ ပါဝါပြပြီး
အဓမ္မနှိမ်နင်း
အပြစ်ကင်းတဲ့ ကလေးငယ်တွေကို
ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ်။

ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ
အတန်တန် သွေးစွန်းခဲ့ရတယ်။

လွတ်လပ်ရေး ရပြီးကထဲက
တကသ ဗကသ
ကျောင်းသားသမဂ္ဂတွေကို
ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့
ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့
ပစ်ခတ် သတ်ဖြတ်ခဲ့တာ
မှတ်တိုင်ကြီးတတိုင်
ဇူလိုင် ၇ ရက် သက်သေပါ။
တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့
ဟာသ ရသတောင်မြောက်ကုန်ပြီ
ဗကပတစ္ဆေ ခြောက်တုန်းပါကလား။
(၆)
အမှန်တကယ်အဖြစ်က
ပြည်တွင်းစစ်နဲ့ စားသာနေတာ
အာဏာလက်ရှိ လူတစုပါ။
ပြည်တွင်းစစ်ကို လက်ညှိုးညွှန်
ကွန်မြူနစ်ကို အပြစ်ပုံချ
ရသမျှအခွင့်အရေး အိပ်ထဲပိုက်
နှိုက်ချင်တိုင်း နှိုက်
ပိုက်ချင်တိုင်း ပိုက်
မိုက်ချင်တိုင်း မိုက်
ရိုက်ချင်တိုင်းရိုက်
ရွှေစိတ်တော်အကြိုက်ပ၊
မြို့ ရွာတွေ မီးတိုက်လိုတိုက်
ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး
အမျိုးသမီးတွေ ယူလိုယူ
ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ
အိမ်တွေရ တံဆိပ်တွေရ
ဧရာမ သူရဲကောင်းလို့
အကြောင်းပြလို့လဲကောင်းသေး
ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့
ဝိုင်းအုပ် ၀ိုင်းတုတ်လိုက်ကြတာ
အလုပ်ကိုဖြစ်လို့၊
တကယ့် မျိုးချစ်ပုဂ္ဂိုလ်တွေ ပါလားနော်။

(၇)
ဒီလူတွေနဲ့ ငြိမ်းချမ်းရေး
ဘယ့်နှယ်လုပ် ဆွေးနွေးကြမလဲ
ငြိမ်းချမ်းရေး အသံကြားရင်
နားဝမှာ ခါးနေတဲ့လူတွေ
စစ်ရှိမှ ကြီးပွါး
စစ်နဲ့ဘဲ လုပ်စားနေကြတာ
စစ်အား မကောင်းရင်
ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး။
စစ်အလုပ် ကင်းဝေးမဲ့
ငြိမ်းချမ်းရေး ကိစ္စကိုများ
တရားသဘောနဲ့
အလကား ဟောမနေနဲ့
မောရုံသာ အဖတ်တင်မယ်
"၀တ္ထုနိပါတ် ပိဋကတ်"ကို
လျှာပြတ်အောင် ဟောသော်လဲ
ဟောရင်းသာ ပျံတော်မူရမယ်
"ဆန်ဖြူဖြူတခွက်မျှ ထွက်နိုင်ပုံမရ" ဆိုတဲ့၊
ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား။

(၈)
ဒီလိုနဲ့ပဲ
တို့လူထုမှာတော့
ပူမှုတွေဖုံး
အပူလုံးတွေကြွ ယူကျုံးမရ
ပြည်တွင်းစစ်ဒုက္ခနဲ့
ပြေးရ လွှားရ ပုန်းရ အောင်းရ
ဘ၀တွေ ပျက်ခဲ့ပြီ။
လက်နက်တွေ တလကြမ်းနဲ့မို့
အမျိုးသားပန်းမှ ပွင့်နိုင်ပါအုံးမလား။
တနိုင်ငံလုံး ပြာပုံပေါက်
တည်ဆောက်လို့မှ ရနိုင်ပါအုံးမလား။
စစ်မီးတွေ တလောင်တည်းလောင်
ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ
ပြောင်ခဲ့ပြီလေ။

(၉)
ဒီလို ဒီလိုနဲ့
ဒီမိုကရေစီ ပြုတ်ကျ
စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့
မဆလတွေ မင်းမူခဲ့
တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့
တဖွဖွ စွပ်စွဲရင်း
ဖွတ်မွဲစာရင်း တို့တတွေ ရောက်ကုန်ပြီ၊
မှိုလိုပေါက်လာတဲ့ မဆလဗဟိုကော်မတီ
ဘာကောင်စီ ညာကောင်စီ
အလံနီ အလံဖြူ လက်နက်ချနဲ့
မဆလ စစ်ဗိုလ်ကြီးတွေဟာ
တသီးတသန့် အခန့်စားစံရာ
ပါရမီ ငွေကြာရံ
ရန်ကင်း ကမ္ဗောဇ ဗိုလ်ချုပ်ရွာတွေမှာ
တိုက်တာကြီးတွေ ဟိန်းထ
ပစ္စည်းတွေက သိန်းမက
ဘိန်းချသလား အောက်မေ့လောက်အောင်
ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ်။

ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့
စားဦး စားဖျားတွေ ဝေစားခဲ့ကြတယ်။

မဆလက မွေးဖွားတဲ့ လူတန်းစားတရပ်
မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်

အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်
အရက်တငုံ ကျိုက်ပြီး လွှတ်တော်ဝင်
မဆလလမ်းစဉ် အောင်ရမယ်လို့
မယုံကြည်ပဲ ကြွေးကြော်ပြီး
အရေးပေါ် ဆိုရှယ်လစ်တွေက
စခန်းသစ် ဖွင့်ခဲ့ကြတယ်။
မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ။

(၁၀)
ခုအခါ လူထုကနာပြီမို့
တပါတီစနစ် ဖြုတ်ချ၊ ဒီမိုကရေစီ အများဆန္ဒနဲ့
အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့
ဆူပူရေးသမား ဗကပများ တဲ့။
လုပ်စားနေတဲ့ လူကြီးများက
ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး
လူထုလုပ်ရပ် သေးသိမ်အောင်
ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ။

ပြည်ထောင်စု ပြိုကွဲပြီး
ဖရိုဖရဲ မဖြစ်အောင်တဲ့။
မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့
စကားကို တရားလုပ်
လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း
အပ်သွားကြောင်းထပ်ပြီး
အဓမ္မပါးစပ်နဲ့
ကျားကျား မီးယပ်လုပ်ကြပြန်ပြီ။
ကျောင်းသားနဲ့ ပြည်သူ
ဆူပူအောင်လုပ်တာ ဗကပ လို့တမျိုး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း
ကွန်မြူနစ်တွေ စီးနင်းလေဟန်
သတင်းတွေ ချဲ့ ကား
အတင်းလိမ်လည် လှည့်စားလို့တမျိုး
မဟားဒယား ကြံစည်ပြီး
ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ။

(၁၁)
ခုတော့
သမိုင်းကသိ လူကမိပြီ
လူကြီးမင်းတို့ လက်ရာ
ညာလို့ မရတော့ဘူး
နိုးကြားတဲ့ ပြည်သူတွေမို့
အထူ အပိန်းတွေ မထင်ကြနဲ့တော့
ပါးစပ်ဟ လိုက်တိုင်း
အူမကို အတိုင်းသားပါပဲ။
လူကြီးမင်းတို့ ဖော်နည်းကားတွေ
ခေတ်မစားတော့ဘူး
ခေတ်နောက်ကျ သွားပါပြီ။
"ပြည်သူတွေဟာ ဗကပ မဟုတ်"
ဗကပ နဲ့လှန့်တိုင်း
လန့်လိမ့်မည်မဟုတ်။
နိုင်ငံရေး အခြေအနေ
ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါးကို
ပိုင်းခြားလို့ သိနေပြီ။
ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့
တသက်လုံး လုပ်စားဖို့ကြံရင်
ပန်လန်လက်
ပက်လက်လန် မည်သာမှတ်ပေရော့။
ပါးစပ်က ဘုရား ဘုရား
လက်က ကားယားကားယားနဲ့
စားဖား လူကြီးမင်းများ ခင်ဗျား............။ ။

တင်မိုး။
[ ၂၀၀၀၊ သြဂုတ်လ ၁၅ ရက်မှာ လမင်းတရာစာပေဆက်ဆံရေးက ထုတ်ဝေလိုက်တဲ့
"တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ"စာအုပ်မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်]

ဆက်လက်ဖတ်ရှုရန်...

မတ်လ တော်လှန်ရေး ရေးသူ- ဒဂုန်တာရာ


မိုးကုပ်ကုပ်ဝယ်
အို- ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အာရုဏ်ပေါ်စ ၀ိုးတ၀ါး။


မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြေးဖြေးညှင်းညှင်း
လှေတစင်းထက်၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။

အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင်
အုပ်ရှက်ထွေးရော၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ
ဖက်ဆစ်ကင်းစောင့် စစ်စခန်း။

ချောင်းကိုကွေ့သော်
တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံ ပဲ့တင် ထပ်သတည်း။

ငွေလရောင်လျှင်
အမှောင်ညရိပ်၊ သေးသေးစိပ်သား
မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒော်ပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဥ့်ခါ၊ ထိန်ထိန်သာသော်
ကျယ်စွဝန်းလျား၊ လယ်ကွင်းနားမှ
တောဖျားညို့အုပ်၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။

ရွာတရွာကား
မှိုင်းပြာမဲညို့၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့်၊ ပရမ်းပတာ
ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀၊ မီးလောင်မြေမှ
နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား။

ခရေပွင့်လျှင်
ကြွေရင့်ဝါ၀ါ၊ မြေ၌မှာလျှင်
ရောကာပေါင်းရှက်၊ ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ။

ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှကြယ်ဖြူပွင့်။

ဒဂုန်တာရာ
{တာရာမဂ္ဂဇင်း၊ ၁၉၄၇}
[ဒဂုန်တာရာ၏ဒဂုန်တာရာ နှင့် သူ၏ကဗျာ၊ စာအုပ် ဒုတိယနှိပ်ခြင်း၊ ၁၉၆၇ မှ ကူးယူဖော်ပြပါတယ်။]

ဆက်လက်ဖတ်ရှုရန်...
 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.