15 January 2010

NLD အဖွဲ့ဝင် ၃ ဦးကို ထောင် ၃ နှစ်စီ ချမှတ်

ပီးခဲ့သည့်နှစ် မတ်လက ထိန်းသိမ်းထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ၃ ဦးတို့ကို အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

bridge
ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မှ အဖွဲ့ဝင်များ (ဓာတ်ပုံ - Getty Images)
ယမန်နေ့က လှိုင်မြို့နယ် NLD အဖွဲ့ဝင် ကိုရွှေဂျိုး (ခ) ကိုမြတ်စိုး၊ စမ်းချောင်းမြို့နယ် သုံးရောင်ခြယ် လူငယ်အဖွဲ့ အဖွဲ့ဝင်ဟောင်း ကိုစိန်လှိုင်၊ NLD ဗဟို လူမှု အထောက် အကူပြု အဖွဲ့ဝင် မမြင့်မြင့်စန်း (ခ) မချို တို့ကို မတရား အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရောက် အီဗား (ခေါ်) စန်းလှိုင် (ခေါ်) တင်လှိုင်က ၎င်းတို့ထံ ကျပ်သိန်း ၁၅၀ ပို့ပေးသည်ကို ဆက်သွယ် လက်ခံကာ ထို ငွေများထဲမှ မချိုကို ကျပ် ၁၇ သိန်း၊ သခင်အုန်းမြင့်ကို ကျပ် ၆၆ သိန်း၊ ဦးဝင်းတင်ကို ကျပ် ၁၂ သိန်းခွဲ၊ ရှေ့နေ ဦးအောင်သိန်းကို ကျပ် ၂ သိန်း ခွဲဝေပေးသည် ဟူ၍ အာဏာပိုင်တို့ စွဲဆိုခဲ့သည့် အမှု ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးကျော်ဟိုးက ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ အမိန့်ချမှတ်၍ ချုပ်ရက်ခံစားခွင့် ပေးရာတွင် ဖမ်းဆီးခဲ့သော အချိန်မှ စတင် တွက်ချက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် လိုအပ်နေသော မတ်လမှ စက်တင်ဘာလအထိ ချုပ်ရက် ၆လ ကိုလည်း ခံစားခွင့် ရရန် တောင်းဆိုထားကြောင်း ဦးကျော်ဟိုးက ရှင်းပြသည်။

ထို့ပြင် သက်သေအထောက်အထား ခိုင်လုံခြင်း မရှိသော ထွက်ချက်များအပေါ် မူတည်ပြီး စီရင်ခဲ့သောကြောင့် ၎င်းတို့ ၃ ဦး လွတ်မြောက်ရေး အတွက် ခရိုင်၊ တိုင်းနှင့် တရားရုံးချုပ် အထိ အဆင့်ဆင့် အယူခံဝင်မည်ဟုလည်း သူက ပြောသည်။

“တရားရုံးက စစ်ဆေးတာမှာ ဒီငွေတွေ ယူပါတယ်၊ ဆက်သွယ်ပါတယ်ဆိုတာ ခိုင်လုံတဲ့ သက်သေ အထောက်အထားလည်း မရှိဘူး။ ခိုင်လုံတာကို တင်လည်း မတင်ပြနိုင်ဘူး။ ဒါကို ပြစ်ဒဏ် အမြင့်ဆုံး ချလိုက်တယ် ဆိုတာ မတရားတဲ့ အတွက် ကျနော်တို့ အနေနဲ့ လက်မခံနိုင်ဘူး။ ဒါကြောင့် အခု အယူခံတက်ဖို့ ပြင်ဆင်နေတယ်” ဟု ဦးကျော်ဟိုးက ပြောသည်။

၂၀၀၉ ခုနှစ် မတ်လဆန်းတွင် ကိုရွှေဂျိုးနှင့် ကိုစိန်လှိုင်တို့ကို ၎င်းတို့၏ နေအိမ်များတွင်လည်းကောင်း၊ မချိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ အပြန်တွင် လည်းကောင်း အထူးသတင်း ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပြည်ပရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နှင့် ဆက်သွယ်၍ ငွေကြေးလက်ခံသည်ဟု စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ကိုရွှေဂျိုး၏ သမက်ဖြစ်သူ ကိုအောင်လှိုင်ဝင်းသည် ၂ဝဝ၅ မေလ က စစ်ကြောရေးစခန်းတွင် နှိပ်စက်ညှင်းပမ်း ခံရမှုများကြောင့် သေဆုံးသွားခဲ့ရာ သမီးဖြစ်သူ မနှင်းစန္ဒာက အာဏာပိုင်တို့ကို တိုင်ကြားခဲ့သည်။ သို့သော်လည်း ယနေ့အထိ အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးပါ။
 
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.