15 January 2010

ထိုင်းတောင်ပိုင်းတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တောင်ပိုင်း၌ တရားမ၀င် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၃ ဦးကို ယခုလအတွင်း ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်းများ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော် ခရိုင်မှ တဆင့် တခြား အရပ်သို့ သွားရောက်မည့် မြန်မာ နိုင်ငံသား ၁၃ ဦးကို ခြံဝန်း တခုတွင် ထိုင်းအာဏာ ပိုင်များက စစ်ဆေး ဖမ်းဆီး ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၄ ဦး တို့ကို ဖမ်းဆီးခဲ့ သေးကြောင်း ဒေသခံ အလုပ်သမားများက ပြောသည်။


ချုံဖော်ရှိ ခြံဝန်းတခုအတွင်း ထိုင်းစစ်တပ်က မြန်မာနိုင်ငံသားများကို ဤသို့ ဖမ်းဆီးစစ်ဆေး (ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း)
ချုံဖော်ရှိ အမည် မဖော်လိုသူ အလုပ်သမား တဦးက “လူပွဲစားတွေရဲ့ ခြံတွေမှာ အိမ်တွေ ဆောက်ထား ကြတယ်၊ အဲဒီမှာ လူတွေကို ထားကြတယ်၊ မနာလိုတဲ့ ပွဲစားတွေက တိုင်တယ်၊ ဒီမှာ လူ ဘယ်နှစ်ယောက် ရှိတယ် ဘာတယ် ဆိုတော့ စစ်သားတွေက ၀င်ဖမ်းတယ်၊ ပွဲစား အချင်းချင်း မတည့်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။ 

ထိုဒေသတွင် စစ်တပ်နှင့် ရဲ စစ်ဆေးရေး ဂိတ်များရှိပြီး လူကုန်ကူး သူများက ရဲဂိတ်ကို ငွေကြေးဖြင့် ဖြေရှင်း ကြကြောင်း၊ စစ်တပ်က လက်မခံဘဲ ယခုကဲ့သို့ လိုက်လံ ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယမန်နေ့ကပင် ထိုင်း အာဏာပိုင်များက ယင်း ချုံဖော်ဒေသရှိ ဧက ၁၀၀ ခန့် ကျယ်ဝန်းသော ခြံတခြံကို ၀င်ရောက် စစ်ဆေးခဲ့ရာ ခြံထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦး တို့ကို ခရီးဆောင် အိတ်များနှင့် အတူ တွေ့ရှိရ သောကြောင့် စစ်ဆေး ဖမ်းဆီး ခဲ့ကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

ယင်း လူကုန်ကူးမှုတွင် ထိုင်း နယ်မြေခံရဲ တာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံသား တဦးတို့ ပါဝင်နေသည် ဟုလည်း အဆိုပါ မန်နေဂျာ သတင်း၌ ရေးသား ထားသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက ဖမ်းဆီးမှု သတင်းကို ကြားသိရကြောင်း၊ ဖမ်းမိသည့် မြန်မာ အလုပ်သမားများကို ချုံဖော် ခရိုင် အချုပ်သို့ ပို့ဆောင်လေ့ ရှိကြောင်း ပြောဆိုသည်။


ဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း)
ဖမ်းဆီးထား သူများကို တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး လူကုန်ကူးသူ များကိုလည်း ဆက်လက် နှိမ်နင်း သွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီ လလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိ သူများက လက်မှတ် ရေးထိုး ခဲ့သည်။ 

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.