15 January 2010

ကုန်တင်နှင့်ခရီးသည်တင် ကားကြီးများ နယ်စပ်မှတင်သွင်း



ပြည်ပပို့ကုန်ငွေရှိသူများကို ပြည်ပမှ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ တင်သွင်းခွင့် ပြုလိုက်သဖြင့် ထိုင်းနယ်စပ်မှ တဆင့် မြန်မာဘက်သို့ တရားမ၀င် ကားတင်သွင်းသူများအတွက် ယခင်ထက် အဆပေါင်းများစွာ အကျိုးအမြတ် ရရှိစေမည်ဟု ကားကုန်သည်တဦးက ပြောသည်။
“မဲဆောက်-မြ၀တီလမ်းကြောကနေ ဂျပန်ကလာတဲ့ တပတ်ရစ်ဇိမ်ခံကားတွေကို တရားမ၀င်နည်းနဲ့ ရန်ကုန်ဘက် ပို့နေတာ ကတော့ ကြာပြီ။ ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်တင် အဲယားကွန်းကားကြီးတွေတော့ တင်သွင်းတဲ့လူ မရှိသလောက်ဘဲ။ အခုသွင်းခွင့်ရလို့ မဲဆောက်ကနေ ဒီလဆန်းထဲကနေ စပို့နေပြီး အရေအတွက်ကတော့ ရာဂဏန်းမရှိတတ်သေးဘူး။ ဒီကားသွင်းတဲ့လူတွေက ကားတင်သွင်းခွင့်လိုင်စင်ရှိတဲ့ ကုန်သည်တွေနဲ့ နားလည်မှုယူပြီး အခုကားတွေမှာထားတာ ဘန်ကောက်က သင်္ဘောဆိပ်မှာ ကားတွေရောက်နေပြီ” ဟု ပြောသည်။
မြန်မာလုပ်ငန်းရှင်အချို့ ယခုလမှစ၍တင်သွင်းသည့် ခရီးသည်တင်ကားများမှာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ကားများဖြစ်သောကြောင့် အကျိုးအမြတ် ပိုမိုရရှိကြခြင်းဖြစ်သည်ဟု အဆိုပါကုန်သည်က ဆက်ပြောသည်။
ပြည်ပပို့ကုန်ငွေရှိသည့် လုပ်ငန်းရှင်များကို သတ်မှတ်ချက်များဖြင့် တရားဝင်တင်သွင်းခွင့်ပြုသည့် ခရီးသည်တင်ယာဉ်များမှာ BRAND NEW များနှင့် ဘယ်မောင်းများဖြစ်သော်လည်း လက်ရှိတင်သွင်းနေသည့် ကားများမှာ တပတ်ရစ်ကားများနှင့် ညာမောင်းအမျိုးအစားများဖြစ်သည်။
အဆိုပါကုန်သည်ကပင် “သစ်သစ်ဟောင်းဟောင်း၊ ဘယ်မောင်းညာမောင်းက ပြဿနာမဟုတ်ဘူး။ အဓိက ဒီကားတွေ မြို့ပေါ်ရောက်ဖို့ပဲ အရေးကြီးတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်းပဲ။ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲရှိတော့ ဒီလူတွေ စိတ်ကောင်းဝင်နေကြတယ်။ ၀န်ထမ်းလစာလည်း တိုးပေးတယ်။ ကုန်သည်တွေကိုလည်းစည်းရုံးတယ်။ ဘယ်အချိန် ပြန်ရိုက်ချမလည်းတော့မသိဘူး။ ဒါမျိုးက သတိထားရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေးဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတို့က ပြည်ပပို့ကုန်ငွေဖြင့် မည်သည့်လုပ်ငန်းရှင်မဆို ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ တင်သွင်းနိုင်သည်ဟု ယခုလ (၁) ရက်နေ့က စတင်ကြေညာခဲ့သည်။
ပြည်ပနိုင်ငံများမှ မော်တော်ဆိုင်ကယ်မျိုးစုံကို ပြည်ပပို့ကုန်မှ ရရှိငွေဖြင့် နယ်စပ်များမှတဆင့် ယခုလ (၁) ရက်နေ့မှ စတင်ကာ တင်သွင်းခွင့်ပြုသည်ဟု ကြေညာသော်လည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြ၀တီလမ်းကြောမှ တရားမ၀င်နည်းလမ်းဖြင့် နေ့စဉ် မော်တော်ဆိုင်ကယ်အစီးရေ (၁၀၀) ကျော် တင်သွင်းမှုသည် ဆယ်စုနှစ်တခု ကျော်ခဲ့ပြီဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
 ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.