15 January 2010

အန်အယ်ဒီ CEC အဖွဲ့ဝင်သစ် ၉ ဦး စာရင်း ပေါ်ထွက်လာ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် CEC ၉ ဦး ထပ်မံတိုးချဲ့ တာဝန်ပေးလိုက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

၎င်းတို့မှာ ဒေါက်တာမေဝင်းမြင့် (မရမ်းကုန်းအမတ်)၊ ဦးဝင်းမြင့် (ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်)၊ ဦးထွန်းထွန်းဟိန် (နောင်ချိုအမတ်)၊ ဒေါက်တာဝင်းနိုင် (သံလျင်အမတ်)၊ ဦးဥာဏ်ဝင်း (အပေါင်အမတ်)၊ ဦးဟံသာမြင့် (ဘုတလင်အမတ်)၊ ဦးသိန်းညွန့် (သင်္ဃန်းကျွန်းအမတ်)၊ ဒေါက်တာသန်းငြိမ်း (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) နှင့် ဦးအုန်းကြိုင် (ဗဟိုပြန်ကြားရေးအဖွဲ့ဝင်) တို့ဖြစ်သည်။
nationalday3
''ဒီလိုမျိုး ခန့်အပ်ခံရတဲ့အပေါ်မှာတော့ ဝမ်းသာစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့အတွက် တာဝန်တွေ ပိုလာတယ်။ လုပ်စရာတွေကို ဆထက်ထမ်းပိုး ပိုလုပ်ရတော့မှာပေါ့။ ကျရာ ကဏ္ဍကနေ တာဝန်ကျေအောင် လုပ်ဆောင်သွားမှာပါ'' ဟု CEC အဖြစ် အသစ်ခန့်အပ်ခံရသည့် ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

မူလက CEC အဖွဲ့ဝင် ၁၁ ဦး ရှိခဲ့ရာမှာ ယခုတိုးချဲ့ဦးရေနှင့်ဆိုပါက ပါတီဗဟိုတွင် ဦးဆောင်မှုပေးမည့်သူ ၂၀ ဦး ရှိသွားမည် ဖြစ်သည်။

ယခုလ ၁၁ ရက်နေ့က CEC အဖွဲ့ဝင် ၇ ဦး တက်ရောက်နိုင်ခဲ့သည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်၌ CEC အဖွဲ့ဝင်ဦးရေ ထပ်မံတိုးချဲ့ရေးအတွက် စည်းဝေးခဲ့ပြီးနောက် ယနေ့တွင် အမည်စာရင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုနေ့ အစည်းအဝေးတွင် ကျန်းမာရေး အခြေအနေကြောင့် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ (၉၂ နှစ်) နှင့် အတွင်းရေးမှူး ဦးလွင် (၈၄ နှစ်) တို့ မတက်ရောက်နိုင်သကဲ့သို့ အကျယ်ချုပ်ကျခံနေရသည့် ဦးတင်ဦး (ဒုဥက္ကဋ္ဌ) နှင့် ဒေါ်အောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး) တို့လည်း တက်ရောက်နိုင်ခြင်း မရှိခဲ့ပါ။
nationalday2
ယခင်က ၎င်းတို့ ၄ ဦးအပြင် ကျန်ရှိသည့် CEC အဖွဲ့ဝင် ၇ ဦးမှာ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အသက်အရွယ်ကြီးနေသည့် ပါတီခေါင်းဆောင်များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ကို ပြီးခဲ့သည့်လ ၁၆ ရက်နေ့တွင် ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံဂါရဝပြုခွင့် ရရှိခဲ့စဉ် CEC တိုးချဲ့ ဖွဲ့စည်းရေးအတွက် သဘောတူပြီးနောက် ယခုတိုးချဲ့မှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက တိုင်းနှင့် ပြည်နယ်များရှိ ပါတီအဖွဲ့ဝင်များက ပါတီ၏ နိုင်ငံရေး လုပ်ဆောင်မှုများ အားလျော့လာနေသဖြင့် စွမ်းဆောင်ရေ တိုးတက်လာစေရန် ပါတီထိပ်ပိုင်း ခေါင်းဆောင်များ ပြင်ဆင်ရန် တောင်းဆိုခဲ့သေးသည်။

မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.