13 January 2010

ဘဏ္ဍာရေးနှစ်မကုန်ခင် ကန်ထရိုက်များ ခပ်သွက်သွက် ချထား

စစ်အစိုးရက ၂၀၀၉- ၂၀၁၀ ဘဏ္ဍာရေးနှစ်ကုန်ခါနီး နောက်ဆုံး လေးလပါတ်တွင် နိုင်ငံပိုင် အဆောက်အဦ တည်ဆောက်ရေး ကန်ထရိုက်အများအပြားအား အချိန်တိုအတွင်း လုပ်ငန်းများ ချထားပေးနေသည်။
လာမည့် ဧပြီလတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်မတိုင်မီ ရန်ကုန်မြို့တော်ရှိ နိုင်ငံပိုင် အဆောက်အဦများအားလုံး အပြီးသတ် လေလံတင် ရောင်းချနိုင်ရေးလုပ်ကိုင်လျက်ရှိရာမှ ယခုတဖန် နိုင်ငံပိုင် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများအတွက် ကန်ထရိုက်အများအပြား ချထားပေးလာခြင်းဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းမှစပြီး အလတ်စား ရေအားလျှပ်စစ်စက်ရုံများ၊ နိုင်ငံပိုင် ကျောက်မျက်ပြတိုက်တို့တွင် ဆောက်လုပ်ရေး ကန်ထရိုက်များ ချထားပေးခဲ့ပြီးနောက် ယခုတဖန် (၁၅) ဧက ကျယ်ဝန်းမည့် မိုးလုံလေလုံ အားကစားကွင်း တည်ဆောက်ရေး ကန်ထရိုက် ချထားပေးလိုက်ခြင်းဖြစ်သည်။
“လေလံတင်တာ ရောင်းတာလည်း ပွင့်ပွင့်လင်းလင်း ကြေညာရောင်းချတာမဟုတ်ဘူး။ အခု ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ယှဉ်ပြိုင်ပြီး ချထားပေးတာ မဟုတ်ဘူး။ လက်သိပ်ထိုး လုပ်နေတာ” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။
အဆိုပါဆောက်လုပ်ရေး ကန်ထရိုက်များကို စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေး အဖွဲ့အစည်းများကိုသာ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ထူးဂရုပိုင်ရှင် ဦးတေဇက မဂ္ဂါဝပ် (၆၀) ထုတ်လုပ်နိုင်မည့် အထက်ဆည်တော်ကြီး ရေအားလျှပ်စစ် စီမံကိန်း အပါအ၀င် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်း (၂) ခု တည်ဆောက်ခွင့်၊ နေပြည်တော် ကျောက်မျက်ရတနာပြတိုက် ဆောက်လုပ်ခွင့်တို့ ရရှိခဲ့သည်။
နိုင်ငံပိုင် ကြယ်ငါးပွင့်သင်္ဘောလိုင်းမှ သင်္ဘောအချို့၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ၊ ရန်ကုန်မြို့တော်ရှိ နိုင်ငံပိုင် အဆောက်အအုံများကို စစ်တပ်ကျောထောက်နောက်ခံ စီးပွားရေးအုပ်စု ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က ရယူခဲ့သည်။
ယခုလအတွင်း ရေအားလျှပ်စစ် တည်ဆောက်ရေး စီမံကိန်း (၈) ခုနှင့် ကျောက်မျက်ပြတိုက်၊ အားကစားကွင်း တည်ဆောက်ရေး စီမံကိန်း (၂) ခုကို ချထားပေးခဲ့ရာတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များဟု နာမည်ကျော်သော ဦးတေဇနှင့် ဦးဇော်ဇော်က စီမံကိန်း (၄) ခု ရရှိခဲ့သည်။
“၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အကျိုးအမြတ်ရှိမယ့် လုပ်ကွက်တွေကို ချပေးတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုချပေးတာက အရင်ကလည်း ရှိတာပဲ။ အခု ထူးခြားတာက ကန်ထရိုက်ချပေးရင် သတင်းစာမှာ လူသိရှင်ကြား သတင်းထုတ်လာတာပါ” ဟု ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင်တဦးက ပြောသည်။
 ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.