13 January 2010

အာဏာပိုင် အသိုင်းအဝိုင်းကြောင့် ဖားကန့်ဒေသ ပိုမိုပျက်စီး



ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုအပါအဝင် အာဏာပိုင်အသိုင်းအဝိုင်းတို့ ဝင်ရောက်လုပ်ကိုင်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုလျင်မြန်စွာ ပျက်စီးလာနေကြောင်း ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။၎င်းက “အခု သိပ်မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုပိုင် ကြိုင်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ဝင်လာတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားတယောက်ဖြစ်တဲ့ ထွန်းနိုင်ရွှေကလည်း နိုင်ဂရုကုမ္ပဏီ လီမိတက် (ရန်ကုန်မှ ဆောက်လုပ်ရေး နိုင်ဂရု မဟုတ်) ဆိုပြီး ဝင်လုပ်တယ်။ နောက်ပြီး ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ မက်စ်ဇော်ဇော်ရဲ့ ကုမ္ပဏီတွေလည်း ဝင်လာတယ်။ ဒီ အင်အားကြီးကုမ္ပဏီတွေဟာ အကြီးစား စက်ယန္တရားတွေကိုပါ အလျင်အမြန် တင်သွင်းပြီး လုပ်လာတော့ ဖားကန့်ရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေဟာ အရင်ကနဲ့စာရင် ပိုပြီး လျင်လျင်မြန်မြန် ပျက်စီးနေတာ မြင်ရတယ်” ဟု ပြောသည်။
ဖားကန့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွင် ယခုနောက်ပိုင်း အင်အားသေးငယ်ပါက လုပ်ကိုင်၍ မရနိုင်တော့ကြောင်း၊ ကိုယ့်မှာတူးဖော်ရန် လုပ်ကွက်ရှိသော်လည်း တူးဖော်ပြီး မြေစာပစ်ရန် သွားစရာ လမ်းမရှိခြင်း၊ ရှိပါက အလွန်ဝေးခြင်း စသည့် ပြဿနာများရှိကြောင်း အဆိုပါ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်က ပြောသည်။
ယခင်ရှိပြီးသား မောနင်းလိုက် ကုမ္ပဏီ၊ ဟုန်ပန်းကုမ္ပဏီနှင့် ယခု အင်အားကြီး ကုမ္ပဏီတို့မှာမူ မြေစာပစ်လမ်း ရရန်အတွက် လမ်းတလျှောက် လုပ်ကွက်များကို ဝယ်ယူခြင်း၊ တန် (၁ဝဝ) ကျော်ခံ ချောင်းဖြတ်တံတားကြီးများ အခိုင်အခံ့ ဆောက်လုပ်ခြင်း၊ မြေသယ် မြေတူး စက်ယန္တရား အကြီးစားများကို အလျင်အမြန် တင်သွင်းခြင်းတို့ကို လုပ်ကိုင်နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် တောင်တတောင်ကို ဖြိုချ တူးဖော်မည်ဆိုပါက (၁၅) ပေအနက် ကျင်းပေါင်းမြောက်မြားစွာတူးကာ ဒိုင်းနမိုက် အများအပြားမြှုပ်ပြီး ဖောက်ခွဲ ဖြိုချသည့်အတွက် တောင်များမှာလည်း တရက်အတွင်း မြေကြီးပုံဖြစ်သွားကြောင်း၊ မြေစာပစ်ခြင်းတို့ကြောင့်လည်း မြစ်ကြောင်း တိမ်ကော ပပျောက်မှု ပိုမို မြန်ဆန်လာကြောင်း ပြောသည်။
ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို မဆလခေတ်တွင် ကေအိုင်အေတပ်ဖွဲ့က အာမခံသည့် လုပ်ငန်းရှင်ကြီးများကသာ တူးဖော်ခဲ့ကြသော်လည်း ၁၉၈၉ ခု နယ်စပ်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်အစိုးရ အပစ်အခတ်ရပ်စဲပြီးနောက် အဆိုပါအဖွဲ့များကို အခွင့်အရေးပေးသည့်အနေဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့သည်။
၂ဝဝ၉ ခုနှစ်တွင်မူ နယ်ခြားစောင့်တပ်ပြောင်းရန် ငြင်းဆန်သည့် လက်နက်ကိုင်အဖွဲ့တို့ထံမှ လုပ်ပိုင်ခွင့်များ ရုပ်သိမ်းပြီး စစ်အစိုးရ အာဏာပိုင်မိသားစုများ အစားထိုး ဝင်ရောက်လုပ်ကိုင်လာခြင်းဖြစ်သည်။
အာဏာပိုင်အသိုင်းအဝိုင်းက ဝင်ရောက်လုပ်ကိုင်လာသည်နှင့်အမျှ ပြည်ပမှ အကြီးစား မြေသယ်ကားနှင့် စက်ယန္တရားများ မှာယူတင်သွင်းမှု များလာကြောင်း ကိုယ်တိုင်တင်သွင်းခဲ့သူ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။
၎င်းက “အခုနောက်ပိုင်း အဲဒီ ကုမ္ပဏီကြီးတွေဟာ တရုတ်ပြည်က အကြီးစားကားတွေ တင်သွင်းလာတယ်။ ကျနော်တို့က ကမ်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဖားကန့်အရောက် ဝန်ဆောင်ခယူပြီး ပို့တယ်။ လမ်းမှာ ကေအိုင်အေတပ်တွေ နဲ့လည်း ရှင်းရတယ်။ တကြိမ်ကို ကားအစီး (၂ဝ) ကနေ (၃ဝ) လောက် ကယ်ရီပို့ရတယ်” ဟု ပြောသည်။
ယခုနောက်ဆုံး ထူးကုမ္ပဏီအပါအဝင် အာဏာပိုင်မိသားစု စီးပွားရေးသမားများအနေဖြင့် သတ္တုတွင်းတူးဖော်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ဖားကန့်ကျောက်မျက်တူးဖော်ရေး စသည့်လုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်ခွင့် ရလာခြင်းကြောင့် ယခင်က ဌာနဆိုင်ရာ ခွင့်ပြုချက် အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ရှိသည့် ယာဉ်ကြီးနှင့် စက်ယန္တရားများကို နိုင်ငံခြားပို့ကုန် ဝင်ငွေရှိသူတိုင်းအား တင်သွင်းခွင့်ပြုသည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.