13 January 2010

မြန်မာ့အလင်းသတင်းစာ (၂) ရက်ဆက်တိုက် မှားယွင်းပုံနှိပ်

စစ်အစိုးရအာဘော် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာသည် ယမန်နေ့ ဇန်န၀ါရီ (၁၂) ရက်က ထုတ်ဝေမှုတွင် စာမျက်နှာ (၁၅၊ ၁၆၊ ၁၇) (၃) မျက်နှာကို ယနေ့ ရက်စွဲ ဇန်န၀ါရီ (၁၃) ရက်ဖြင့် မှားယွင်း ရိုက်နှိပ်ဖြန့်ဝေပြီး ယနေ့တွင်လည်း အမှားပြင်ဆင်ခြင်း မရှိဘဲ ယမန်နေ့က ဖော်ပြပြီးသား စာမျက်နှာအတိုင်း ထပ်မံဖော်ပြထားသည်။
နိုင်ငံပိုင် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar တို့မှာ စစ်အစိုးရ အာဘော်ဆောင်းပါးများ၊ စစ်အစိုးရ အဖွဲ့ဝင်များ၏လုပ်ဆောင်ချက်များနှင့် နာရေးသတင်း ကြော်ငြာများကိုသာ အဓိကဖော်ပြနေပြီး ယမန်နေ့က မှားယွင်းမှုကို တရားဝင် မတောင်းပန်သည့်အပြင် ယမန်နေ့ကအတိုင်း ယနေ့ ထပ်မံဖော်ပြလိုက်ခြင်းဖြစ်သည်။
“အလုပ်အကိုင် မကျွမ်းကျင်တာ၊ တာဝန်မယူတာ၊ ဒါ့အပြင် ဘယ်သူ့မှ မလေးစားတာ ဖြစ်မှာပေါ့။ ကျနော် သိပ်မပြောချင်ဘူး ခင်ဗျ။ မပြောချင်ဘူးဆိုတာ အဲဒီကလူတွေ အလုပ်တွေ ပြုတ်ကုန်မှာလည်း မကောင်းဘူးပေါ့ဗျာ” ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောကြားသည်။
ယင်းသို့ မှားယွင်းမှုက သတင်းစာတိုက်တခုအနေဖြင့် မမှားသင့်မမှားထိုက်သော အမှားမျိုးဖြစ်ပြီး ယခုကဲ့သို့ မှားယွင်းဖော်ပြမှုကြောင့် သတင်းစာတိုက်ဝန်ထမ်းများ အလုပ်ပြုတ်နိုင်ကြောင်း သတင်းစာဆရာများက သုံးသပ်သည်။
မြန်မာ့သတင်းသမဂ္ဂကမူ နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံတို့မှ သတင်းစာဝန်ထမ်းများမှာ သတင်းစာတစောင်၏ အလုပ်တာဝန်ကို လုပ်ကိုင်နေခြင်းမဟုတ်ဘဲ စစ်အစိုးရ ခိုင်းသည်ကိုသာ လုပ်ကိုင်နေရခြင်း၊ လစာခံစားခွင့် နည်းပါးခြင်း တို့ကြောင့် အလုပ်ကို စိတ်ဝင်စားမှု လျော့ကျလာကာ ယခုကဲ့သို့ အမှားများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု ဆိုသည်။
“သတင်းစာတိုက်ဝန်ထမ်းတွေ အလုပ်ပြုတ်မယ်။ ဒါက ဘာကြောင့်ဖြစ်ရလဲဆိုတော့ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ဆိုတာ ပြည်သူကလည်း သတင်းစာလို့ သတ်မှတ်တော့တာ မဟုတ်ဘူး။ လုပ်နေကြတဲ့ ၀န်ထမ်းတွေကလည်း သူတို့ လုပ်ချင်တဲ့ သတင်းစာနဲ့ တူတဲ့ သတင်းစာတစောင် လုပ်နေရတာ မဟုတ်တော့ စိတ်ဝင်စားမှု လျော့လာတာ။ ဒါကြောင့် ဒီလိုအမှားတွေ ခဏခဏ ဖြစ်လာတာ” ဟု မြန်မာသတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက ပြောကြားသည်။
သတင်းစာအဆင့်အတန်းမရှိသော သတင်းစာတစောင်ဖြစ်နေသည့်အတွက် ၀န်ထမ်းများ၏ ပေါ့ဆမှု၊ လုပ်ငန်းမကျွမ်းကျင်မှု၊ သတင်းစာတိုက် အုပ်ချုပ်သူတို့ တာဝန်မခံမှုတို့အပြင် စာဖတ်သူကို မလေးစားမှုတို့ကြောင့် ယခုကဲ့သို့ မဖြစ်သင့် မဖြစ်ထိုက်သော အမှားဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သတင်းလောကက သုံးသပ်သည်။
“ဒါမျိုးအမှားဆိုတာ နိုင်ငံပိုင်သတင်းစာမှ မဟုတ်ဘူး၊ ဘယ်သတင်းစာဖြစ်ဖြစ် မဖြစ်သင့်ဘူး။ ဒီလို မှားတာ ယွင်းတာက ပေါ့ဆမှုလို့လည်း ပြောနိုင်တယ်။ တာဝန်ခံသူတွေရဲ့ အလုပ်အကိုင် မကျွမ်းကျင်မှုလည်း ဖြစ်နိုင်တယ်။ သို့မဟုတ်လည်း အရေးကို မထားဘူးပေါ့ဗျာ။ ဖတ်ချင်တဲ့ကောင်ဖတ်၊ မဖတ်ချင်တဲ့ကောင်နေ ဘယ်လိုဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး လုပ်နေတဲ့ သဘောလည်း ရှိနိုင်တာပေါ့ဗျာ” ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောကြားသည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.