13 January 2010

ခွဲစိတ်သေဆုံးမှုသတင်းများကို ပြည်တွင်း၌ပိတ်ပင်

ပုဂ္ဂလိကဆေးခန်းများတွင် ခွဲစိတ်မှုခံယူရင်း သေဆုံးမှုဖြစ်ပွားသောသတင်းများကို ပြည်တွင်းသတင်းဂျာနယ်တို့တွင် လုံးဝ ဖော်ပြခွင့်မရကြောင်း ပြည်တွင်းသတင်းဂျာနယ် အသိုင်းအ၀ိုင်းမှ သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၅) ရက်နေ့က တောင်ဥက္ကလာပမြို့နယ် (၉) ရပ်ကွက်၊ သူရ (၄) လမ်းတွင် နေထိုင်သော ဒေါ်ကြည်လေး အသက် (၅၉) နှစ်သည် သင်္ကန်းကျွန်း၊ (၁၆) ကွေ့ရှိ အောင်ရတနာ (၂၄) နာရီ အထူးကုဆေးခန်းတွင် ခွဲစိတ်ကုသမှုခံယူရင်း သေဆုံးသည့် သတင်းအား ပြည်တွင်းသတင်းဂျာနယ်များက ရေးသားဖော်ပြရန် ကြိုးစားခဲ့သော်လည်း ဖော်ပြခွင့်မရခဲ့ကြောင်း သတင်းအယ်ဒီတာတဦးက ပြောသည်။
လူနာမှာ ပြီးခဲ့သည့် ၂၀၀၉ ဒီဇင်ဘာ (၂၃) ရက်နေ့က ချော်လဲကာ လက်နှင့်တင်ပါးဆုံရိုးပါ ကျိုးသွားသည့်အတွက် အောင်ရတနာ ဆေးခန်းတွင် ပထမအကြိမ် ကုသမှုခံယူခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း မသက်သာသည့်အတွက် ဇန်န၀ါရီ (၄) ရက်နေ့က ထပ်မံတက်ရောက်ကုသခဲ့ကာ ဇန်န၀ါရီ (၅) ရက်နေ့တွင် ခွဲစိတ်ကုသမှုခံယူရင်း သေဆုံးခြင်းဖြစ်ကြောင်း သေဆုံးသူ ဒေါ်ကြည်လေး၏ မိသားစုဝင်များက ပြောသည်။
လူနာအား ခွဲစိတ်ကုသမှုမပြုလုပ်မီ စစ်ဆေးမှုများကို အာရှတော်ဝင်ဆေးခန်းတွင် ဆရာဝန်ကြီး ဦးတင်သန်းဖြင့် စစ်ဆေးရန် အောင်ရတနာဆေးခန်းမှ တာဝန်ရှိသူများ၏ စေညွှန်းချက်အရ စစ်ဆေးခဲ့ရာ မည်သည့်ရောဂါမျှမရှိဟု ဆေးမှတ်တမ်းတွင် အဖြေရေးထားပေးကြောင်း၊ ထို့အပြင် သွေးတိုး၊ ဆီးချို စသော ရောဂါများလည်း မရှိသည့်အတွက် အောင်ရတနာ အထူးကု ဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာသီဝတင်၏ ခွင့်ပြုချက်ဖြင့် ခွဲစိတ်ခဲ့ကြောင်း ဒေါ်ကြည်လေး၏ သမီးဖြစ်သူက ပြောသည်။
ဒေါ်ကြည်လေးမှာ ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း သွေးကြောအတွင်းသွေးခဲကာ အဆုတ်တွင် သွားရောက်ပိတ်ဆို့မှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု အောင်ရတနာဆေးခန်းမှ ပြောကြောင်း မိသားစုဝင်တဦးက ပြောသည်။
အောင်ရတာနာဆေးခန်းသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးခန်းမှ ဖုန်းကိုင်သူတဦးက “ဒေါ်ကြည်လေး သေဆုံးတာ မှန်ပါတယ်။ ဒါပေမယ့် ဆေးပညာနဲ့ ပတ်သက်ပြီးတော့ ဘာမှနားမလည်ဘဲနဲ့တော့ သတင်းတွေရေးဖို့ မကြိုးစားကြပါနဲ့။ သေသေချာချာ အကြောင်းစုံကို စုံစမ်းပါ။ ဒါမျိုးက ဖြစ်တတ်သလား၊ မဖြစ်တတ်ဘူးလား ဆိုတာကိုပေါ့။ ဆရာဝန်ကိုချည်းပဲ အပြစ်မပုံကြပါနဲ့” ဟု ပြောသည်။
သေဆုံးသူ ဒေါ်ကြည်လေးနှင့်ပတ်သက်၍ ကုန်ကျငွေ (၁၂) သိန်းကျော်ကို အောင်ရတနာဆေးခန်းမှ ပြန်ပေးပြီး အသုဘစရိတ် ကုန်ကျငွေကိုလည်းပေးကြောင်း အဆိုပါမိသားစုနှင့် နီးစပ်သူများက ပြောသည်။
အောက်တိုဘာ (၂၇) တွင် SSC အထူးကုဆေးခန်း၌ ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်းမီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြရာ ဆေးကောင်စီက ခွဲစိတ်အထူးကုဆရာဝန် ဦးကြည်စိုးအား ဆေးကုသခွင့် လိုင်စင် (၅) နှစ် ပိတ်ပင်လိုက်ပြီး အဆိုပါဆေးခန်းအား လုံခြုံစိတ်ချရသည့် အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထားရှိရန် ပြင်းထန်စွာ သတိပေးခဲ့သည့်အတွက် အောင်ရတနာဆေးခန်းမှ သေဆုံးသည့်မိသားစုကို လက်ဦးမှုရယူကာ ဂရုတစိုက် ပြုလုပ်ပေးခြင်းဖြစ်နိုင်ကြောင်း ဆေးလောကမှ ဝေဖန်သည်။
ပြည်တွင်းသတင်းဂျာနယ်တစောင်မှ တာဝန်ခံ အယ်ဒီတာတဦးက “ပြည်တွင်းဂျာနယ်တွေက ဒါမျိုးတွေကို ရေးချင်ကြတယ်။ ဖြစ်နိုင်ရင် တဖက်နဲ့တဖက် အကြောင်းတွေကို အပြန်အလှန်ပေါ့။ ဒါပေမယ့် ရေးခွင့်မရဘူး။ ဒါကလည်း ဆင်ဆာရှိနေလို့ပါ။ ဆင်ဆာရှိနေတာ ကောင်းတယ်လို့လည်း ပြောနိုင်ပါတယ်။ စည်းလွတ် ၀ါးလွတ်မဖြစ်တော့ဘူးပေါ့။ ဒါပေမယ့်လည်း အခုလို ဖြစ်တဲ့ကိစ္စမှာ ဘယ်သူက အမှန်လဲ၊ ဘာ့ကြောင့် ဖြစ်ရတာလဲ၊ ဒါမျိုးတွေ ဖြစ်တတ်သလား၊ ဒါဆိုရင် လူတွေကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုနေထိုင်သင့်တယ် စသဖြင့် နောက်ဆက်တွဲတွေရေးလို့ ရတာပေါ့ ” ဟု ပြောသည်။
စာပေစိစစ်ရေးက မခိုင်ရွှန်းလဲ့ရည်နှင့်ပတ်သက်သည့်သတင်းကို အစပိုင်းတွင် ပြည်တွင်းဂျာနယ်များ၌ ဖော်ပြခွင့်ပေးခဲ့ သော်လည်း မခိုင်ရွှန်းလဲ့ရည် သေဆုံးပြီးနောက်ပိုင်း ဆေးရုံဆေးခန်းများနဲ့ ပတ်သက်သော သတင်းဆိုးများကို နောက်တကြိမ် ပြည်တွင်း သတင်းဂျာနယ်များတွင် မဖော်ပြရဟု ညွှန်ကြားထားကြောင်း စာပေစိစစ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။
မခိုင်ရွှန်းလဲ့ရည်အား ခွဲစိတ်သည့် ခွဲစိတ်အထူးကုဆရာဝန် ဦးကြည်စိုးအား ဆေးကုသခွင့်လိုင်စင် (၅) နှစ်ပိတ်ပင်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ဦးကြည်စိုးဘက်မှ ဖြေရှင်းသူများက အီးမေးလ်များမှတဆင့် စာများဖြန့်ခဲ့သည်။ သတင်းရေးသည့် ဂျာနယ်များအနေဖြင့် အကျိုးအကြောင်း သေချာစုံစမ်း ရေးသားစေလိုကြောင်း၊ လူနာမှာ ခွဲစိတ်မှုကြောင့် သေဆုံးခြင်း မဟုတ်ကြောင်း မေးလ်များတွင် ပါရှိသည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.