14 January 2010

အရေးတော်ပုံ ရင်ခုန်သူများ အမှတ် ၁၃

ကျွန်တော် ပြည်တွင်းမှာတုန်းက အောင်ပန်းမှာ နေတဲ့ ဆရာဒဂုန်တာရာရဲ့ မွေးနေ့ပွဲ သွားတိုင်း တောင်ကြီးကို ရောက်ဖြစ်ပါတယ်။ တောင်ကြီးရောက်ရင် သစ္စာလမ်းကို ကျွန်တော် အမြဲ သွားကြည့်ပါတယ်။ သစ္စာလမ်းမှာ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံတွေ ပဲ့တင်ရှိနေတုန်းပါပဲ။
          ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ပင်လုံက အပြန် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ သစ္စာလမ်း NLD ရုံးကို ရောက်လာတယ်။ ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါ။ အဖေ့ရဲ့ မွေးနေ့မှာ သမီးဖြစ်သူက ဝေဖန်ရေးမြားတံနဲ့ ပစ်တာကို ခံနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပင်လုံကို ထွက်လာတော့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တဲ့ စာတမ်းတစောင် ထွက်လာပါတယ်။
          ဝေဖန်ရေး စာတမ်းရေးသူက လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်ပါ။ သူ့စာတမ်း နာမည်က ‘အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သုံးသပ်ချက်’ ဆိုပြီးတော့ ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်ရဲ့ စာတမ်းအနှစ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကလည်း စည်းရုံးရေးခရီးတွေချည်းပဲ ထွက်ထွက်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့တန်းရောက်နေတုန်း နောက်တန်းမှာ ကျန်ရစ်တဲ့ NLD ဗဟိုက တိုက်ပွဲဝင်နေတာ မရှိဘူး။ NLD က လုပ်နေတဲ့ လုပ်ငန်းတွေကို အားမရဘူး ဆိုတဲ့ သဘောပါပဲ။
          ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ရေးကို ကြိုဆိုခဲ့ပါတယ်။ တောင်ကြီးမြို့ သစ္စာလမ်း ရုံးခန်းမှာ လူထုကို သူ ပြန်ရှင်းပြခဲ့တာက - ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမ ရှင်းပြချင်တာကတော့ တိုက်ပွဲဆိုတာ ပုံသဏ္ဌာန် အမျိုးမျိုး ရှိပါတယ်။ တိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှ တိုက်ပွဲ မဟုတ်ပါဘူး။ ကျမတို့ဟာ ၁၈ ရက်နေ့ စက်တင်ဘာမှာ စစ်အစိုးရကနေ အာဏာအရပ်ရပ်ကို သိမ်းပြီးနောက် တိုက်ပွဲပုံစံ ပြောင်းရမယ်ဆိုတာ ယုံကြည်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပဲ။
          နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ အလေ့အထကို ကျမတို့ စပြီးတော့ ထူထောင်ရမယ်။ နိုင်ငံရေးနည်းနဲ့ မဟုတ်ဘဲ လက်နက်နည်း၊ အကြမ်းဖက်တဲ့ နည်းတွေနဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့ အလေ့အထ ဆိုတာ နိုင်ငံတခုအတွက် ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ ဒီလို အလေ့အထတွေ မဖြစ်အောင် ဆိုပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့ခဲ့တာပါ တဲ့။
          ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတချို့ထဲကပါ။
          ၂၀၀၄ ခုနှစ်တုန်းက ကျွန်တော် တရုတ်ပြည်၊ ရွှေလီမြို့ကို သွားတော့ မူဆယ် နမ့်ခမ်းဘက်မှာ တိုင်းရင်းသား  လူထုရဲ့ စွန့်စားခန်းတခုကို သတိပြုခဲ့မိတယ်။ ၂၀၀၃ မေလ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ် ဗီဒီယိုအထွေတွေ တယောက်လက် တယောက်ကမ်းပြီး လျှို့ဝှက် ကြည့်နေကြတဲ့ အဖြစ်ပါပဲ။ ဘာကြောင့် လျှို့ဝှက်နေရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်အခွေ လက်ဝယ်တွေ့ရင် စစ်အစိုးရက ဖမ်းဆီးမယ်၊ ထောင်ချမယ်လေ။ ဒါဖြင့် ဒီလောက် အန္တရာယ်ရှိတဲ့ အခွေကို လူထုက ဘာကြောင့် ကြည့်နေကြတာလဲ။ အဖြေက ရှင်းပါတယ်။
          လူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြ၀ါဒကို ခံယူချင်တယ်။ ကြားနာချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်တွေမှာ ပြောတဲ့ မိန့်ခွန်းတွေဟာ တိုင်းရင်းသားတွေကို လူထုတွေကို ခွန်အားသစ်တွေ ဖြစ်စေတယ်။ ရဲစွမ်းသတ္တိတွေ ပေးတယ်။ သူတို့ကို တိုက်ပွဲဝင်ရဲ့တဲ့ စိတ်ဓာတ်တွေ မွေးဖွားပေးတယ် လို့ တိုင်းရင်းသားထု တစ်ရပ်လုံးက ခံယူထားလို့ပါပဲ။
          န၀တ၊ နအဖခေတ် တစ်လျှောက်လုံး NLD မှာ သတင်းစာလည်း မရှိဘူး၊ တယ်လီဗေးရှင်းလည်း မရှိဘူး။ စာရွက်စာတမ်း ထုတ်ဝေခွင့် ‘န-သ’လည်း စစ်အစိုးရက ပြန်ရုပ်သိမ်းသွားတာ ကြာပြီ။ ဒီတော့ NLD နဲ့ လူထုနဲ့၊ ပါတီနဲ့ ပြည်သူနဲ့ အကောင်းဆုံး အထိရောက်ဆုံး ဆက်သွယ်ပေးနိုင်တာက အဲဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ် အခွေတွေပဲ။ ဒါ စိတ်ကူးယဉ် မဟုတ်ဘူး။ လက်တွေ့ပဲ။
          ဥက္ကဋ္ဌ ကိုမိုးသီးဇွန် ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မွန်ပြည်နယ်ခရီးစဉ် အတူ ထွက်ခဲ့ဖူးတာပါပဲ။ အဲဒီအချိန်က စစ်တပ်က အာဏာသိမ်းပြီးစ လွင့်စင် ပြိုကွဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပြန်လည် စုစည်းဖို့ လူထုကို အကြောက်တရားက ဖယ်ရှားဖို့ ပြည်သူတွေကို ဒီမိုကရေစီ တိုက်ပွဲ အတွေးအခေါ် တပ်ဆင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခရီးတွေ မဖြစ်မနေ ထွက်နေရမှာပဲ။ ထွက်တဲ့ ခရီးစဉ်တိုင်းဟာလည်း န၀တ၊ နအဖ စစ်တပ်ရဲ့ ပိတ်ပင် တားဆီး အနှောင့်အယှက် အဟန့်အတား အမျိုးမျိုး ကြားထဲက အသက်စွန့်ပြီး ထွက်ခဲ့ရတဲ့ ခရီးတွေချည်းပါပဲ။
          အဲဒီလို ၁၉၈၉  ဇူလိုင် ပထမအကြိမ် နေအိမ်အကျယ်ချုပ် မကျခင်အထိ သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရပြီးတဲ့ နောက်မှာ ရုပ်သံမှတ်တမ်း ဗီဒီယိုခွေတွေ အဖြစ်နဲ့ လူထုကြားမှာ ပျံ့နှံ့ ရောက်ရှိသွားပါတယ်။ ဒီအခွေတွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့ကိုလည်း တစ်နည်းတစ်လမ်းအားဖြင့် အထောက်အကူ ပြုနိုင်ခဲ့ပါတယ်။
          ဒီလို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ် ဗီဒီယိုခွေတွေကို လွယ်လွယ်ကူကူနဲ့ ရိုက်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော့ ကိုယ်တွေ့ ဧရာဝတီတိုင်း အနောက်ခြမ်း စည်းရုံးရေးခရီးစဉ်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါလာတဲ့ NLD သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က စာရေးဆရာတွေ၊ ကင်မရာမင်းတွေဟာ န၀တ အဖွဲ့ဝင် နတခ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် လက်အောက်ခံ စစ်ဗိုလ်တွေ၊ စစ်သားတွေ၊ သေနတ်တွေ ကြားမှာ စွန့်စွန့်စားစား ရိုက်ခဲ့ရတာပါပဲ။
          တစ်သွေး တစ်သံ တစ်မိန့် ဖက်ဆစ်ဝါဒီ စစ်ဗိုလ်တချို့၊ စစ်သားတချို့ဟာ အင်မတန် ရန်လို ခက်ထန်ခဲ့ကြတာပါ။ စစ်အုပ်စုဟာ အထူးသဖြင့် မီဒီယာသမားတွေကို ပိုပြီး ရန်လို မုန်းတီး အပျောက်ရှင်းချင်တာပါ။ စစ်သားတွေ၊ သေနတ်တွေ၊ တင့်ကားတွေ၊ သံဆူးကြိုးတွေ ကြားမှာ ဗီဒီယို ကင်မရာ ထမ်းပြီး သတင်းယူနေရတဲ့သူအဖို့  အသက်ကို ဖက်နဲ့ ထုပ်ထားရတာပါပဲ။ လည်ပင်းမှာ ကင်မရာ လွယ်ထားတဲ့ သတင်းသမားဟာ စစ်တပ်ရဲ့ ပစ်မှတ် ဖြစ်နေတာပေါ့။
          အဲဒီလို ခေတ်ပျက်ကြီးထဲမှာ စစ်သတင်းထောက်တွေလိုပဲ NLD သတင်းနဲ့ပြန်ကြားရေး အဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ်တွေကို သက်စွန့်စံဖျား ရိုက်ကူးခဲ့ကြရတာပါ။ အဲဒီတုန်းက NLD ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံက ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ပါ။ စည်းရုံးရေး ခရီးစဉ် မှတ်တမ်းခွေတွေကို စနစ်တကျ တည်းဖြတ်၊ အသံထပ်၊ အခွေချော အဆင့်အထိ လုပ်ပေးနေတာက စာရေးဆရာ ဒါရိုက်တာ မောင်ခက်ပန်ပါ။ အခုတော့ သူ ကွယ်လွန်ခဲ့ပါပြီ။
          မြန်မာပြည်မှာ Television Journalism ဆိုတာ အဲဒီတုန်းက ဆရာမောင်ခက်ပန်တို့ အဖွဲ့က စခဲ့တာလို့တောင် ပြောနိုင်ပါတယ်။ ခရီးစဉ်အခွေ ရိုက်တဲ့ ကင်မရာမင်းတွေရဲ့ ရိုက်ချက်တွေကလည်း အလွန် အနုပညာမြောက်လှပါတယ်။ ဥပမာ - ဘုရားရင်ပြင်တော်ပေါ်မှာ စစ်ဖိနပ်ကြီးနဲ့ သေနတ်ကြီးကိုင်ပြီး ကြောက်လန့်နေတဲ့ စစ်သားတစ်ယောက်နဲ့ ကျီးကန်းတောင်းမှောက် သူ့ဘေးက ခွေးဝဲစား တစ်ကောင်ကို တွဲလျက် ရအောင် ရိုက်ထားတာမျိုးပါ။
          အဲဒီအချိန်တွေက ဒီနေ့လို IT နည်းပညာ အားကောင်းသေးတာ မဟုတ်တော့ အဲဒီ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ် ဗီဒီယိုခွေတွေကပဲ လူထုကို အကောင်းဆုံး စည်းရုံးနိုင်တဲ့ စည်းရုံးရေးလက်နက် ဖြစ်ခဲ့တာပါ။ အဲဒီလက်နက် ဘယ်လောက် ထက်သလဲ ဆိုရင် န၀တ၊ နအဖ စစ်အုပ်စုက အခွေ လက်ဝယ် တွေ့တာနဲ့ မတရား ဖမ်းဆီး အမှုဆင် ထောင်ချတော့တာပဲ မဟုတ်လား။
          အဲဒီလို ထက်မြက်တဲ့ လက်နက်တွေကို ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ စာရေးဆရာ၊ ဒါရိုက်တာ မောင်ခက်ပန်ကို ကျွန်တော်တို့ ကျေးဇူးတင်ရပါမယ်။ သူဟာ တမလွန်မှာလည်း မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တိုက်ပွဲကို မှတ်တမ်း တင်နေဦးမယ်လို့ ယုံကြည်ပါတယ်။
          ဆရာမောင်ခက်ပန် ကောင်းရာသုဂတိ ရောက်ပါစေ။     ။

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.