15 January 2010

ငွေတိုက်စာချုပ် ကျပ်သန်း ၁၀၀၀ ကျော် ရောင်းချပြီးဖြစ်

စစ်အစိုးရ၏ ငွေတိုက်စာချုပ်များကို ရက်ပေါင်း ၁၄ ရက်အတွင်း ငွေကျပ်သန်းပေါင်း ၁၀၄၀ ဖိုးနီးပါး ရောင်းချနိုင်ခဲ့ကြောင်း ရန်ကုန်ရှိ မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းချရေး ကုမ္ပဏီ MSEC က ယနေ့ ပြောဆိုသည်။

ယခုလ ၁ ရက်နေ့မှ စတင်ကာ ၂ သက်တမ်းပြည့်လျှင် စုဆောင်းငွေနှင့် အတိုးနှုန်းများကို ပြန်လည် ထုတ်ယူနိုင်မည် ဖြစ်ပြီး၊ အတိုးနှုန်း ၁၀ ဒဿမ ၅ ပေးမည့် ငွေကျပ် ၁ သောင်း၊ ၁ သိန်း၊ ၁ သန်းနှင့် ၁၀ သန်း တန်ဖိုးရှိ ငွေတိုက်စာချုပ်များ ရောင်းချခဲ့ရာမှ ယခုလို ပမာဏ ရောင်းချနိုင်ခဲ့ကြောင်း ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ် MSEC ကုမ္ပဏီ အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

“အခုချိန်အထိတော့ ကျပ်သန်း ၁၀၄၀ လောက်တော့ ရောင်းထားပြီးပြီ။ ၁ ရက်နေ့က စရောင်းတာ။ လာဝယ်ကြတာတော့ အဖွဲ့အစည်းကလူတွေ များတယ်” ဟု သူက ပြောသည်။

MSEC ကုမ္ပဏီသည် ယခုလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတော် ဗဟိုဘဏ်၏ ငွေတိုက်စာချုပ် အရောင်း ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာ့ စီးပွားရေး ဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါ သုတေသနအဖွဲ့တို့ အကျိုးတူ ပူးပေါင်းကာ ၁၉၉၇ ခုနှစ်က တည်ထောင်ထားသည့် ကုမ္ပဏီ ဖြစ်သည်။

၃ နှစ်နှင့် ၅ နှစ်သက်တမ်းရှိ ငွေကျပ် ၁ သောင်း၊ ၁ သိန်း၊ ၁ သန်းနှင့် ၁ဝ သန်းတန်ဖိုးရှိ ငွေတိုက်စာချုပ်များကို ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော် ဗဟိုဘဏ်က စတင်ရောင်းချခဲ့ပြီး ယခုနှစ် နှစ်ဆန်းတရက်နေ့တွင် ၂ နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်ကို ထပ်မံ၍ တိုးချဲ့ရောင်းချလိုက်ခြင်း ဖြစ်သည်။

စာချုပ်များကို ပိုင်ရှင်တဦးမှ တဦးသို့ လွှဲပြောင်းရောင်းချနိုင်ကာ ၆ လလျှင် တကြိမ် အတိုးငွေကို ထုတ်ယူနိုင်ပြီး စုငွေများ အပါအဝင်ဖြင့် သတ်မှတ်နှစ် ပြည့်ပြီဆိုမှသာ ထုတ်ယူနိုင်မည်။ တနှစ်အတွင်း မတ်လ ၁၅ ရက်နှင့် စက်တင်ဘာလ ၁၅ ရက် နေ့တို့တွင် အတိုးငွေ ထုတ်ယူနိုင်သည်။

“လူတွေ စိတ်ဝင်စားအောင် ကြော်ငြာတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တာပဲ။ Bond (ငွေတိုက်စာချုပ်) က အစိုးရ ပိုက်ဆံတွေ အပြင်ကို ရောက်လာမှ လုပ်ရတာလေ။ အခုက အစိုးရ ပိုက်ဆံမှ အပြင်မှ မရောက်ဘဲ” ဟု အမည်မဖော်လိုသူ ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက ပြောသည်။

ငွေတိုက်စာချုပ်များကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ MSEC ကုမ္ပဏီ၊ ရန်ကုန် ငွေစုဘဏ်ခွဲများ၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ မြန်မာ့စီးပွားရေး ဘဏ်များတွင် ဝယ်ယူရရှိနိုင်သည်။

စီးပွားရေး ပညာရှင်က ဆက်ပြီး “ဒါက အစိုးရက လူတွေလက်ထဲမှာ ပိုက်ဆံမရှိအောင် လူတွေ လက်ထဲက ပိုက်ဆံကို သူတို့ထဲကို ဝင်အောင် လုပ်တဲ့သဘောပါ။ ဒါမျိုးက အစိုးရက ဘတ်ဂျတ် လိုငွေပြမှ လုပ်ရတာပါ။ ကျနော်ထင်တာတော့ အစိုးရလိုငွေ မပြဘူး။ သူက ပြည်သူတွေကို လှည့်စားတဲ့ သဘောမျိုး ထင်တာပဲ” ဟု ပြောသည်။

ယခုအခါ ၃ နှစ်စာချုပ်ကို မူလအတိုးနှုန်း ၁၀ ဒဿမ ၅ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၅ နှစ် စာချုပ်ကို ၁၁ ရာခိုင်နှုန်းမှ ၁၁ ဒဿမ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း စစ်အစိုးရက ယခုနှစ်ဆန်းပိုင်းတွင် တိုးမြှင့်ပေးခဲ့ပြီး ယခုနှစ် ထုတ်ဝေသည့် ၂ နှစ်သက်တမ်းစာချုပ် အတိုးနှုန်းမှာ ၁၀ ဒဿမ ၅ ဖြစ်သည်။

“ပြည်သူတွေဆီက ငွေတွေ အစိုးရဆီ ရောက်သွားတော့ ငွေမရှိတော့ ပဲတို့၊ နှမ်းတို့ ဝယ်မလှောင်နိုင်တော့ဘူး။ မကစားနိုင်တော့ဘူး။ လုပ်စားဖို့ အခွင့်အရေး နည်းသွားတာပေါ့။ မစွန့်စားဘဲ အတိုး နည်းနည်းလေးကို ထိုင်စားတာက ဖွံ့ဖြိုးတိုးတက်မှု နည်းစေတယ်။ စာချုပ်ရောင်းတဲ့ အစိုးရကတော့ ငွေကြေး ဖောင်းပွလာတဲ့ အလျှောက် အတိုးပေးရုံပဲ ဖြစ်တဲ့အတွက် မြတ်တာပေါ့” ဟု စီးပွားရေး ပညာရှင်က ဆက်ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.