05 January 2010

ကချင်ပြည်နယ်နေ့ ပွဲတော် ယနေ့ စတင်မည်

၆၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ယနေ့မှ စတင်ကာ ၇ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

ပွဲတော်ကျင်းပမည့် စီတာပူရပ်ကွက် မနောကွင်းသို့ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရပ်ဝေး ဧည့်သည်များ ရောက်ရှိလာမည်ဖြစ်ပြီး ၈ ရက်နေ့တွင် မနောကပွဲ စတင် ဖွင့်လှစ်ရန် စီစဉ်ထားကြသည်။

“၈ ရက်နေ့မှာ မနောပွဲ စပြီးဖွင့်မှာပေါ့။ ၁၀ ရက်နေ့ကျ ပြည်နယ် ပေါ်ပေါက်တဲ့နေ့ဆိုတော့ လူကြီးတွေက မိန့်ခွန်းပြောမယ်။ ကျန်တာကတော့ ခါတိုင်းနှစ်တွေလိုပါပဲ။ ဈေးရောင်း ပွဲတော်၊ အားကစား ပွဲတော်၊ ဖျော်ဖြေပွဲတွေ ပါမယ်” ဟု ကော်မတီနှင့် နီးစပ်သူတဦးက ပြောသည်။

ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကချင် အမျိုးသားများကလည်း ချင်းနှင့် ရှမ်းလူမျိုးစုတို့နည်းတူ သမိုင်းဝင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လက်မှတ် ရေးထိုးခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရပြီးနောက် ၁၀ ရက်နေ့တွင်မူ ကချင်လူမျိုးများ အတွက် သီးခြားနယ်မြေ ကချင်ပြည်နယ်အဖြစ်  နိုင်ငံ့မြောက်ဖျားတွင် သတ်မှတ်ခဲ့ကြရာ ထိုနေ့ရောက်တိုင်း ကချင့်ရိုးရာ မနောပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပလာခဲ့သည်။

“မနောအကတွေ အမျိုးမျိုးရှိတယ်။ ဆွတ်မနော၊ ပဒန်မနော၊ ကွန်ရမ်မနော။ ဒါတွေကတော့ နာမည်ကြီးတဲ့ မနောအကတွေ ဖြစ်တယ်။ ဆွတ်မနောက ကြီးပွား တိုးတက်ချိန်မှာ ကတဲ့မနောပွဲပါ။ ကွန်ရန်မနောက ညီအကိုတွေ တနယ်တကျေးကို ကွဲသွားတယ်၊ နယ်မြေသစ် ရှာဖွေချိန်မှာ ခွဲတဲ့အနေနဲ့ ကတယ်။ ပဒန်မနောက အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်ကတဲ့ မနောဖြစ်ပါတယ်။ စစ်ရေးဘက်မှာလည်း ပါတယ်။ ကျန်တဲ့ ဟာတွေက သူ့ဟာနဲ့သူ ရှိပါတယ်” ဟု တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်မှ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။

တိုင်းရင်းသား လူမျိုးများအတွက် တန်းတူအခွင့်အရေး မရှိဟုဆိုကာ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၆၁ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် သူ၏ လက်နက်ကိုင်တပ်ကို တည်ထောင်ပြီး ရန်ကုန်ရှိ အစိုးရကို တော်လှန်စစ် ဆင်နွှဲခဲ့သည်။

ထို့နောက် ၁၉၉၄ ခုနှစ်အရောက်တွင် တည်ဆဲ စစ်အစိုးရနှင့် အပစ်အခတ်ရပ်ရေး သဘောတူခဲ့ရာ၊ နောက်ပိုင်းတွင် ၎င်းတို့၏ စစ်ပွဲမှာ ပိုမို၍ အင်အားချိနဲ့သွားခဲ့ပြီး အုပ်စုငယ်လေးများပါ ကွဲထွက်လာခဲ့သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.