15 January 2010

နိုင်ငံတကာ ဖွံ့ဖြိုးမှုဘဏ်များ မြန်မာ့စီးပွားရေး ဆွေးနွေးမည်

မြန်မာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် ထောက်ပံ့နေသော နိုင်ငံတကာ ဖွံ့ဖြိုးရေး ဘဏ်များသည် မြန်မာ့ စီးပွားရေးနှင့် ပတ်သက်၍ ယခုလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများကို မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ အကူအညီများ၊ မြန်မာပြည်နှင့် ဆက်ဆံရေးဆိုင်ရာ အမြင် သဘောထားများနှင့် မြန်မာ့ စီးပွားရေးတွင် လက်ရှိ ဆောင်ရွက်နေသည်များကို တံခါးပိတ် ဆွေးနွေးသွားမည်ဟု သိရခြင်း ဖြစ်သည်။

“ဒီဆွေးနွေးပွဲက နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ် (MDBs)၊ အာဆီယံ ဖွံ့ဖြိုးမှုဘဏ် (ADB)  နဲ့ ကမ္ဘာ့ဘဏ်တို့ကို  မြန်မာနိုင်ငံအပေါ် သူတို့ရဲ့ အားစိုက်ထုတ်မှုတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ မေးမြန်းဆွေးနွေးဖို့ပါပဲ” ဟု Bank Information Center - BIC (ဘန်ကောက် ရုံးခွဲ) မှ အရှေ့တောင်အာရှနှင့် မဲခေါင် ပရောဂျက် တာဝန်ခံ Ms. Noily Grece Mercedo က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲကို Bank Information Center နှင့် Open Society Institute-Southeast Asia က ဦးဆောင် ကျင်းပမည်။ ထို့ပြင် သြစတြေးလျ Macquarie University မှ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာသူ ပါမောက္ခ မစ္စတာ ရှောင်တာနဲလ်နှင့် မြန်မာအတိုက်အခံတချို့ပါ တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။

Grece Mercedo က “ကျမတို့အနေနဲ့ အာဆီယံဖွံ့ဖြိုးမှုဘဏ်၊ ကမ္ဘာ့ဘဏ်တွေက ကိုယ်စားလှယ်တွေနဲ့  အင်ဂျီအို အချို့ကိုလည်း ဖိတ်ထားပါတယ်။ ပါမောက္ခ ရှောင်တာနဲလ်ကတော့ ဒီဆွေးနွေးပွဲရဲ့ အစိတ်အပိုင်း တခုအနေနဲ့ ပါဝင်မှာပါ။ မြန်မာနိုင်ငံက ပုဂ္ဂိုလ်တွေကိုလည်း ဖိတ်ထားပါတယ်” ဟု ပြောသည်။

ယခု ဆွေးနွေးပွဲသည် ယခင်က စီပွားရေး နိုဘယ်ဆုရှင် ပါမောက္ခ စတစ်ဂ်လဇ်၏ ခရီးစဉ်နှင့် မပက်သက်ဘဲ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘဏ္ဍာရေး အထောက်အပံ့ ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးပွဲ တခုသာဖြစ်ပြီး၊ အဆိုပါ ဆွေးနွေးပွဲတွင် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ် မည်သို့ပင်ဖြစ်စေ၊ ထိုရွေကောက်ပွဲကြောင့် ဖြစ်လာနိုင်သော ပြဿနာများနှင့် ပတ်သက်၍လည်း ဆွေးနွေးမည်ဟု သိရသည်။

ဆွေးနွေးပွဲ၌ မြန်မာ့ လယ်ယာဖွံ့ဖြိုးမှု ကဏ္ဍအတွက် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့မှ ချေးငွေ ထုတ်ချေးနိုင်သည့် အလားအလာနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဟု Ms. Noily Grece Mercedo က ပြောသည်။

ထိုအစည်းအဝေးသို့ တက်ရောက်မည့် မြန်မာ အတိုက်အခံတဦးက “လောလောဆယ် အဲဒီဘဏ်တွေ အနေနဲ့ ကြားဝင်ဖို့က ခက်နေတယ်။ ၂ဝ၁ဝ ပြီးရင်တော့ တချို့ခြေလှမ်းတွေ စရင်စမယ်ပေါ့ဗျာ။ ကျနော်ထင်တာတော့ ဒီ ၂ဝ၁ဝ အပြီးမှာ သူတို့ (ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာဘဏ်) တွေအနေနဲ့ ဗမာပြည်ထဲ ဝင်ပြီး သုတေသနတွေ လုပ်မယ်၊ အခြေအနေတွေ ကြည့်မယ်၊ ပူးပေါင်းဆောင်ရွက်မှု စမယ်၊ ဒါမျိုးတော့ ဖြစ်လာပါလိမ့်မယ်။ ပြီးတော့မှ ချေးငွေဆိုတာက ဖြစ်မယ်ဆိုရင် မြန်ရင်တောင်မှ နောက်ထပ် ၂ နှစ်၊ ၃ နှစ်လောက် နောက်ကျဦးမယ်” ဟု မဇ္ဈိမကို ပြောသည်။

''သူတို့ဘက်က တရုတ်အပေါ်ကို ပိုစိုးရိမ်တယ်။ တရုတ်က ဗမာပြည်ကို ပေးထားတာ များနေပြီ။ တရားဝင်ရော၊ တရားမဝင်ရော။ အဲလို နှစ်နိုင်ငံချင်း အကူအညီပေါ့ဗျာ။ ကြာရင် World Bank တို့ဘာတို့က ဘဏ်သဘောမှာကျ Share holder တွေကို ဂရုစိုက်ရတာကိုး။ သူတို့ကလည်း ဘယ်လိုတွက်မလဲဆိုတော့၊ တရုတ်ကလည်း ခြေသွက်လာပြီ၊ ငါတို့ (World Bank) နောက်ကျတော့မှာပဲဆိုပြီး တွက်မှာပေါ့နော်။ အဲဒီအနေအထားမှာ သူတို့က ဝင်ချင်စိတ်တော့ရှိတယ်။ ဒါပေမဲ့ အခြေအနေက တော်တော် ခက်တယ်။ မြန်မာပြည်မှာက ဘာမှလည်း အပြောင်းအလဲ မရှိသေးတာလည်း ပါတယ်'' ဟု သူက ဆိုသည်။

ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် အမေရိကန် စီးပွားရေးနိုဘယ်ဆုရှင် ပေါမောက္ခ စတစ်ဂ်လဇ်၊ အာရှနှင့် ပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) ၏ အမှုဆောင် အတွင်းရေးမှူးချုပ် Dr. Noeleen Heyzer တို့သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး မြန်မာစစ်ဗိုလ်ချုပ်များနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတွေမှု လျော့ကျရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.