30 December 2009

ဇောတိကမှ ဓာတ်ငွေ့ ဝယ်ယူဖို့ PTT ကို ထိုင်းကက်ဘိနက်ခွင့်ပြု



ထိုင်းနိုင်ငံ၏ အကြီးဆုံးသော နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT အနေဖြင့် မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့ရှိ ဇောတိက လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့များ ဝယ်ယူရန် ထိုင်းကက်ဘိနက်က ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ထိုင်းအစိုးရ အိမ်တော်၏ လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ Watchara Kannika က အင်္ဂါနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာတွင် သဘာဝ ဓာတ်ငွေ့ ဝယ်ယူရေးအတွက် အမျိုးသား စွမ်းအင် ပေါ်လစီ ကော်မတီ၏ အဆိုပြုလွှာကို ထိုင်းကက်ဘိနက်က အတည်ပြု ထောက်ခံ ပေးလိုက်သည်ဟု ပါရှိသည်။

" လုပ်ကွက်က တနေ့ကို ကုဗပေ သန်း ၃၀၀ လောက် ထုတ်လုပ်နိုင်တယ်။ အဲဒီထဲကနေ ကုဗပေ သန်း ၂၄၀ ကို ထိုင်းကို ပံ့ပိုးသွားမှာဖြစ်ပြီး မြန်မာပြည်မှာ ကုဗပေ သန်း ၆၀ သုံးမှာ ဖြစ်တယ်။ ဈေးနှုန်းကတော့ ရတနာနဲ့ ရဲတခွန် လုပ်ကွက်တွေရဲ့ ဈေးနဲ့ အတူတူပဲ” ဟု သူက ပြောကြားသွားကြောင်း Thai News Agency ဝက်ဘ်ဆိုက် သတင်းတပုဒ်တွင် ပါရှိသည်။

ထိုင်း စွမ်းအင် ဝန်ကြီး Wannarat Charnnukul  ဦးစီးပြီး တင်္နလာနေ့က ပြုလုပ်သော ဆွေးနွေးပွဲတွင် အမျိုးသား စွမ်းအင် ပေါ်လစီ ကော်မတီက ငါးနှစ် စီမံကိန်းတခုကို တင်သွင်းခဲ့သည်။ ထိုင်းနိုင်ငံ၏ စွမ်းအင် လိုအပ်ချက်သည် တိုးများလာနေရာ ၂၀၁၅ ခုနှစ်အရောက်တွင် တနေ့လျှင် သဘာဝ ဓာတ်ငွေ့  ၅.၁၄၂ ဘီလီယံ ကုဗပေ လိုလိမ့်မည်ဟု တွက်ဆထားသည်။

ဇောတိက လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ ပေးပို့မှုကို ၂၀၁၃ ခုနှစ်တွင် စတင်မည်ဟု Wannarat က ပြောကြားလိုက်ပြီး ဓာတ်ငွေ့ အရောင်းစာချုပ်အရ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိပြီး နှစ်ပေါင်း ၂၅ နှစ်မှ ၃၀ အတွင်း ဓာတ်ငွေ့ ပေးပို့သွားမှာ ဖြစ်သည်။ မည်သည့်နေ့ရက်က သဘောတူ စာချုပ်ချုပ်သည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါ။

လျှပ်စစ် ဓာတ်အားပေး စက်ရုံများအတွက် နှစ်စဉ် လိုအပ်ချက်မှာ ၃.၃ ရာခိုင်နှုန်း များလာပြီး စက်မှုကဏ္ဍတွင် ၁၁ ရာခိုင်နှုန်း၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် ၂၃ ရာခိုင်နှုန်း တိုးလာကာ သဘာဝ ဓာတ်ငွေ့ လိုအပ်ချက်သည် တနှစ်လျှင် ခြောက်ရာခိုင်နှုန်း တိုးလိမ့်မည်ဟု ထိုင်းအာဏာပိုင်များက ဟောကိန်း ထုတ်ထားကြသည်။

၄၄၀ မဂါဝပ် ထုပ်လုပ်နိုင်စွမ်းရှိသည့် လာအိုနိုင်ငံ Nam Ngum လျှပ်စစ် ဓာတ်အားပေး စက်ရုံ အမှတ် ၃ မှ လျှပ်စစ် ဝယ်ယူရေးအတွက် ထိုင်းလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေး အာဏာပိုင် (EGAT) နှင့် လာအို နိုင်ငံတို့အကြားလည်း သဘောတူ စာချုပ်တခု ချုပ်ဆိုဖို့ ရှိနေသည်။ အဆိုပါ ဝယ်ယူမှုကို ၂၀၁၇ တွင် စတင်မှာ ဖြစ်သည်။

"တယူနစ်ကို ၂.၆၅ ဘတ်နှုန်းနဲ့ ဝယ်ဖို့ ကျနော်တို့ စဉ်းစားထားတယ်။ ဒါပေမယ် EGAT ကပဲ သက်ဆိုင်ရာတွေ အားလုံးနဲ့ ဈေးညှိပြီး စာချုပ်ချုပ်ရမှာ”

သို့သော်လည်း စီမံကိန်းသည် "ပိုတွက်" ထားခြင်း ဖြစ်နိုင်ပြီး အိမ်နီးချင်း နိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်စေနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုံ့ဆော်သူများက ထိုင်းအစိုးရကို စက်တင်ဘာလအတွင်းက တင်ပြထားကြသည်။

Towards Ecological Recovery နှင့် Regional Alliance (TERRA) အဖွဲ့မှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ Montree Chantawong က မဇ္ဈိမသို့ ပြောကြားရာတွင် လာအိုနှင့် မြန်မာတို့ ပါဝင်သော ထိုင်းအစိုးရ၏ အစီအစဉ်သည် ထိုင်းစွမ်းအင် လိုအပ်ချက်အတွက် မလုပ်မဖြစ် ကိစ္စတရပ်မဟုတ်ဟု ပြောသည်။

" ထိုင်းမှာ တခြားနည်းလမ်းတွေနဲ့ စွမ်းအင်ရအောင် လုပ်နိုင်စွမ်းရှိတယ်လို့ လေ့လာ ဆန်းစစ်မှု အမြောက်များမှာ တွေ့ထားတယ်။ အရန် လျှပ်စစ် ဓာတ်အားတွေ အများကြီး ရှိနေသေးတာကြောင့် မြန်မာပြည်က တာဆန်းနဲ့ ဟတ်ကြီးဆည်က လျှပ်စစ်တွေ အခုလတ်တလောမှာ ဝယ်ဖို့ မလိုသေးဘူး” ဟု သူက ပြောသည်။

မုတ္တမ ပင်လယ်ကွေ့ရှိ လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ ရှာဖွေရန် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် သမရိုးကျ မဟုတ်သော သဘောတူညီချက်တခုကို PTT က ၂၀၀၇ ခုနှစ်တွင်း လက်မှတ် ရေးထိုးပြီးနောက် သဘာဝ ပတ်ဝန်ကျင် စောင့်ရှောက်ရေးသမားများက မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ ဝယ်ယူရေး သဘောတူညီချက်ကို ပြန်လည် စဉ်းစားရန် ထိုင်းအစိုးရကို တင်ပြထားခဲ့ကြသည်။

မြန်မာစစ်အစိုးရနှင့် အလုပ်လုပ်ခြင်းအားဖြင့် စစ်ဗိုလ်ချုပ်များအတွက် အိတ်ဖောင်းစေလိမ့်မည်ဟု လူ့အခွင့်အရေး စောင့်ရှောက်သူများက စိတ်ပူနေကြသည်။

သို့သော်လည်း အမျိုးသား စွမ်းအင် လိုအပ်ချက်အတွက် မလုပ်မဖြစ် ကိစ္စတရပ် ဖြစ်သည်ဟု ထိုင်းအစိုးရက ခုခံ ပြောဆိုထားသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.