30 December 2009

စွန့်ပစ် ကြွပ်ကြွပ်အိတ်များ ပရိဘောဂများအဖြစ် အသွင်ပြောင်းမည်

စွန့်ပစ် ပလပ်စတစ်နှင့် ကြွပ်ကြွပ်အိတ်များကို ပလပ်စတစ် ပရိဘောဂများတွင် အသုံးပြုမည့် ကုန်ကြမ်းအသားအဖြစ် ပြန်လည် ထုတ်လုပ်မည့် Recycle စက်ရုံတခုကို ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့တွင် တည်ဆောက်ရန် စီစဉ်နေကြောင်း လုပ်ငန်းရှင်များ အသင်းက ယနေ့ ပြောသည်။

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Recycle ပြုလုပ်သော စက်ပစ္စည်းများမှာ လာမည့်လအတွင်း ရောက်ရှိလာမည် ဖြစ်ပြီး ယခုကတည်းက ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ စုဆောင်းနေသည်။

“စက်တွေက တရုတ်နိုင်ငံက ဝယ်ထားတာပါ။ လာမယ့်လကို ရောက်ပါမယ်။ အခု ကုန်ကြမ်းဖြစ်တဲ့ ပလပ်စတစ်တွေကို အဝယ်ဒိုင် ၁၁ ခုဖွင့်ပြီး ကျနော်တို့ စုဆောင်းနေပါပြီ။ ဒဂုံဆိပ်ကမ်းမှာပဲ စက်တည်မှာပါ။ မတ်လဆန်းပိုင်းလောက်မှာ စပြီး လည်ပတ်နိုင်ပါလိမ့်မယ်” ဟု ပလပ်စတစ် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

စွန့်ပစ် ပလပ်စတစ် ပစ္စည်းများမှ ပလပ်စတစ် အသားချောင်း (သစ်သားအဆင့်သို့) ပြုလုပ်ရာတွင် အဆင့် ၅ ဆင့် ရှိပြီး ပထမဦးစွာ ပလပ်စတစ်များကို ကြိတ်စက် အတွင်းသို့ ထည့်ကာ ချေဖျက်သန့်စင်၍ အမှုန့်ပြုလုပ်ပြီး၊ ထွက်ပေါ်လာသည့် ပလပ်စတစ် အမှုန့်များကို သီးခြား စက်တခုဖြင့် Recycle ပစ္စည်း ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကော်စေ့အဖြစ် ပြုလုပ်ခြင်း၊ ကော်စေ့နှင့် ရောရန်အတွက် သစ်မှုန့် ထုတ်လုပ်ခြင်း၊ သစ်မှုန့်၊ ကော်စေ့နှင့် ဓာတုအမှုန့်တို့ကို စက်ဖြင့် ရောနှောလိုက်ပြီး ပလပ်စတစ် အသားချောင်း (သစ်သားအဆင့် ရောက်ရှိ၍) ပစ္စည်းများ ပြုလုပ်ရန် ကုန်ကြမ်းရရှိလာမည်။

ယင်းကုန်ကြမ်းကို ကုန်ချောအဖြစ် ထိုင်ခုံ၊ စားပွဲစသည့် လူသုံးကုန် ပလပ်စတစ် ပစ္စည်းများအဖြစ် ဆက်လက် ပြုလုပ်နိုင်မည်။

ကုန်ကြမ်းအတွက် ပလပ်စတစ်များကို အမျိုးအစား ၄ မျိုး ခွဲခြားကာ ကျပ် ၂၀၀ မှ ၁၀၀၀ ကျပ်  ဈေးနှုန်းဖြင့် ရန်ကုန်တိုင်းအတွင်း ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ တောင်ဒဂုံနှင့် လှိုင်သာယာမြို့နယ်တို့တွင်  အဝယ်ဒိုင် ၅ ခု ဖွင့်လှစ်ကာ ဝယ်ယူလျက်ရှိပြီး မြို့တော် စည်ပင်ထံမှလည်း ခရိုင်အလိုက် အဝယ်ဒိုင် ၆ ခု ဖွင့်ကာ ဝယ်ယူ စုဆောင်းလျက် ရှိသည်။

“ကျနော်တို့ အခုဝယ်နေတာတော့ ပိဿာ ၃ ထောင်လောက် စုမိပါပြီ။ အဓိကကတော့ စည်ပင် အမှိုက်ကားတွေကို အားထားရတာပေါ့။ အပြင်မှာကတော့ သိပ်တော့ လာမရောင်းကြဘူးခင်ဗျ။ စက်ရဲ့ ကြိတ်နိုင်အားနဲ့ဆို မလောက်သေးဘူး” ဟု ဒဂုံဆိပ်ကမ်း ပလပ်စတစ် အဝယ်ဒိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။

အသင်းဝင် လုပ်ငန်းရှင် ၈ ဦး စုပေါင်း ဝယ်ယူထားသည့် အမေရိကန် ဒေါ်လာ ၄ သိန်း တန်ဖိုးရှိ Recycle ပြုလုပ်သော စက်ပစ္စည်းများကို ဂျာမဏီ နည်းပညာဖြင့် တရုတ်နိုင်ငံတွင် တပ်ဆင်ထားခြင်း ဖြစ်သည်။

အဆိုပါ စက်မှာ တနေ့လျှင် ပလပ်စတစ်များကို ပိဿာ ၃၀၀၀ မှ ၇၀၀၀ အထိ ပလပ်စတစ် အသားချောင်း (သစ်သား အဆင့်) ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းရှိ ပလပ်စတစ် စက်ရုံများအားလုံး ပိတ်သိမ်းရန် အမိန့် ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းရှင်များက စာဖြင့် တင်ပြ တောင်းဆိုခဲ့သဖြင့် လာမည့်နှစ် မတ်လ ၃၁ ရက်နေ့ လုပ်ငန်းလိုင်စင် သက်တမ်း ကုန်ဆုံးသည်အထိ ဆက်လက် လုပ်ကိုင်ခွင့် ပြုခဲ့သည်။

ရန်ကုန်တိုင်း အတွင်းတွင် ပလပ်စတစ် လုပ်ငန်း စက်ရုံပေါင်း ၁၄၀ ကျော် ရှိကြောင်း စည်ပင် မှတ်တမ်းများက ဆိုသည်။

“သက်တမ်းကုန်တဲ့ နောက်ပိုင်းတော့ မပြောတတ်သေးဘူး။ ဦးတို့ကတော့ ဒီလို အလဟဿ ဖြစ်နေတာတွေကို တတ်နိုင်တဲ့ ဘက်ကနေ အလကား မဖြစ်အောင် လုပ်ပေးနေတာပဲလေ။ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ အားလုံးတော့ ပိတ်မပစ်လောက်ပါဘူး” ဟု ဒဂုံဆိပ်ကမ်းမှ ပလပ်စတစ် လုပ်ငန်းရှင် တဦးက ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.