04 December 2009

စာမေးပွဲနီးချိန် မီးမမှန်၍ ဆယ်တန်း ကျောင်းသားများ အခက်တွေ့

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နီးလာပြီဖြစ်သော်လည်း စာကြည့်ရန် မီးပုံမှန် မရကြောင့် နာဂစ်ဒေသ မြို့ အချို့မှ အထက်တန်း ကျောင်းသားများ အခက်တွေ့နေကြောင်း ကျောင်းသားနှင့် ဆရာများက ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို လာမည့်နှစ် မတ်လ ၁ဝ ရက်နေ့၌ စတင်ဖြေဆိုရမည်ဖြစ်သောကြောင့် စာကျက်မှတ်နိုင်ရန် လျှပ်စစ်မီး အရေးတကြီး လိုအပ်နေကြောင်း လပွတ္တာမြို့နှင့် ဘိုကလေးမြို့မှ ဆရာနှင့် ကျောင်းသားများထံမှ သိရသည်။

“စာမေးပွဲ နီးပေမယ့် မီးကလည်း ပျက်တယ်။ ပျက်တော့ ကလေးတွေက ဖယောင်းတိုင်နဲ့ပဲ ကြည့်ရတာ ပေါ့။ မီးက လာတဲ့အလှည့်ကျရင်လည်း ညဥ့်နက်ပိုင်းလာပြီး မိုးလင်းရင် ပျက်သွားရော” ဟု ဘိုကလေး အထက ၁ မှ အထက်တန်းပြ ဆရာမတဦးက မဇ္ဈိမကိုပြောသည်။

ဘိုကလေးမြို့တွင် မီးက တရက်ခြားလာသော်လည်း ဆက်တိုက်မလာသဖြင့် မီးစက်ကိုသာ အားထားရ ကြောင်း ‘အလင်းတံခါး  အခမဲ့ပညာသင်ကျောင်း’ တာဝန်ခံ ကိုစောဘန်ကူးက မဇ္ဈိမကိုပြောသည်။

‘အလင်းတံခါး  အခမဲ့ပညာသင်ကျောင်း’ သည် ဘိုကလေးမြို့ရှိ  ၁ဝ တန်း နှစ်ကျနှင့် ကျောင်းသားသစ် ၅ဝ ခန့်ကို အခမဲ့ပညာသင်ပေးနေသော ကျောင်း ဖြစ်သည်။

“လျှပ်စစ်မီးကတော့ တရက်ခြားလို့ ပြောလို့ရတယ်။ အဲဒီတရက်ခြားတောင် ပုံမှန်မလာတဲ့ အနေအထား ဖြစ်နေတယ်။ မီးမလာရင် ဓာတ်ဆီရှိရင် ဓာတ်ဆီနဲ့ပေါ့။ မီးလည်းမလာ ဓာတ်ဆီလည်း မရှိတဲ့အခါ ဖယောင်းတိုင် သုံးရတော့ မီးလောင်မှာကို သတိထားရတယ်” ဟု သူက ဆိုသည်။

ပုဂ္ဂလိက လျှပ်စစ်မီး ဝယ်ယူသုံးစွဲသည့် လပွတ္တာမြို့ခံ ဆယ်တန်းကျောင်းသားတဦးကမူ ပုဂ္ဂလိက လျှပ်စစ် မီးပေးချိန်သည် မနက် ၇ နာရီမှ ည ၁၂ နာရီအထိသာဖြစ်သဖြင့် နေ့ကျောင်းနှင့် ကျူရှင် တက်နေသော ကျောင်းသားများမှာ ည ၉ နာရီကျော်မှသာ စာကျက်ချိန်ရသောကြောင့် မလုံလောက်ကြောင်း ပြောသည်။

လပွတ္တာမြို့၌လည်း လျှပ်စစ်မီး ပုံမှန်မရပဲ တခါတရံ ညည့်နက်သန်းခေါင်မှ မနက် ၆ နာရီခန့် အထိသာ ရတတ်ကြောင်း လပွတ္တာအထက်တန်းကျောင်း ဝန်ထမ်းများထံမှ သိရသည်။

လာမည့်နှစ် မတ် ၁ဝ ရက်နေ့မှ ၁၉ ရက်အထိ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ကျင်းပမည်ဖြစ်ပြီး မတ်လ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) တရက်တည်းသာ ရပ်နားကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ထုတ်ပြန်ထားသည်။

လာမည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘိုကလေးမြို့နယ်၌ တွဲဘက် အထက ကျောင်းများ အပါအဝင် ဝင်ရောက်ဖြေဆိုမည့်သူ စုစုပေါင်း အတွင်းဖြေ ၁၅၆၆ ဦး နှင့် အပြင်ဖြေ ၁၁၅၄ ဦး ရှိကြောင်း ဘိုကလေး မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

လပွတ္တာတမြို့နယ်လုံးရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ စုစုပေါင်းကို မသိရသော် လည်း လပွတ္တာမြို့နယ်မှ ယခုနှစ် ဖြေဆိုမည့် နှစ်ကျ ကျောင်းသားဦးရေမှာ ၁၂၁၃ ဦးရှိကြောင်း လပွတ္တာ ပညာရေးမှူးရုံးနှင့် ဆရာ၊ ဆရာမများ ၏ ပြောပြချက်အရ သိရသည်။

လပွတ္တာ အထက (၁) ၌လည်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် နှစ်တက် ကျောင်းသားဦးရေ ၃၈၅ ဦးရှိ ကြောင်းသိရသည်။

ယခုနှစ် မေးခွန်းပုံစံများ အပြောင်းအလဲ မရှိကြောင်းနှင့် ဆရာ-ဆရာမ အပါအဝင် ဖြေဆိုသူများ အတွက် လည်း စည်းမျဉ်းသစ်များ ချမှတ်ခြင်းလည်း မရှိကြောင်း တာမွေ အထက (၂) မှ ဆရာမကြီး တဦးက မဇ္ဈိမ ကို ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.