04 December 2009

အကောက်ခွန်မဲ့ ဆိုင်ကယ်များ ဒီဇင်ဘာ ၁ ရက်နေ့မှ စ၍ တစ်နိုင်ငံလုံး စီးနင်း သွားလာ နိုင်သည့် ၁၇/ယ နံပါတ်ဖြင့် လိုင်စင်ချ

အကောက်ခွန်မဲ့ ဆိုင်ကယ်များ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ လိုင်စင်ပြုလုပ်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။ ယင်းသို့ ပြုလုပ် ပေးသွားမည့် လိုင်စင်အမျိုးအစားမှာ သက်ဆိုင်ရာမြို့အတွင်းသာ စီးနင်း သွားလာနိုင်သော ယခင်ချထားပေး သည့် ဒေသလိုင်စင် မဟုတ်ဘဲ တစ်နိုင်ငံလုံး သွားလာမောင်းနှင်နိုင်မည့် လိုင်စင်မျိုး ဖြစ်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၀ ခုနှစ် ဇန်န၀ါရီ လကုန်အထိ အချိန်ကာလနှစ်လကြာ ယာယီသတ်မှတ်ကာ လိုင်စင်များ ချထားပေးသွားမည် ဖြစ်ပြီးဆိုင်ကယ် နံပါတ်များကို ၁၇/ယ ၄၁၀၀၁ မှ စတင်ချထားပေးမည် ဖြစ်ကြောင်း သိရသည်။

''ဒီဇင်ဘာလ ၁ ရက်နေ့ ကနေ ဇန်န၀ါရီလကုန်အထိ အချိန်ကာလနှစ်လ အကြမ်းအားဖြင့် သတ်မှတ်ထား ပါတယ်။ အရင်လို သတ်မှတ်ဒေသတွင်းသာ စီးနင်းနိုင်တဲ့ လိုင်စင်မျိုး မဟုတ်ဘဲ တစ်နိုင်ငံလုံး မောင်းနှင်သွားလာနိုင်မယ့် ၁၇/ယနံပါတ်တွေ ချထားပေးသွားမှာပါ။ ဒီဇင်ဘာလ ၁ ရက်နေ့ ကနေစပြီး တစ်နိုင်ငံလုံး မှာရှိတဲ့ သက်ဆိုင်ရာ ကညနခရိုင်ရုံး တွေမှာတစ်ပြိုင်တည်း စတင်ပြုလုပ် ပေးပြီး မြို့နယ်တွေကို နောက်ပိုင်းမှာ ဆင်းပြီး ဆောင်ရွက်ပေးသွားမှာပါ'' ဟုတာဝန်ရှိသူတစ်ဦးက ဆိုသည်။

''မန္တလေးခရိုင်အနေနဲ့ တောင်ပိုင်းရုံးမှာ ဆောင်ရွက်ပေးမှာဖြစ်ပြီး မိုးကုတ်၊ မိုးမိတ်၊ မတ္တရာစတဲ့ မြို့ နယ်တွေကို နောက်ပိုင်းမှာ ခရိုင်ရုံး ကနေဆင်းပြီး ဆောင်ရွက်ပေးသွားမှာပါ''ဟု မန္တလေးက.ည.နရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ အကောက်ခွန်မဲ့ ဆိုင်ကယ်များကို တရားဝင်လိုင်စင်များ ချထားပေးမည် ဖြစ်သောကြောင့် လိုင်စင်မ၀င်ရသေးသည့် ဆိုင်ကယ်ဈေးကွက်တွင် နိုဝင်ဘာလလယ်ခန့်မှ စတင်၍ အရောင်းအ၀ယ်များ ကောင်းမွန်လာခြင်းနှင့်အတူ ဈေးနှုန်းများ လည်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

''၂၀၀၈ ခုနှစ်က လိုင်စင်တွေ ချထားပြီး နောက်ပိုင်းကတည်းက ဆိုင်ကယ်ဈေးနှုန်းတွေက ကျပြီးရင်း ကျနေတာ။ အရင် ၁၅ သိန်းလောက် ရှိတဲ့ ဘီးတွေက ခုနစ်သိန်းခွဲတောင် မရတော့ဘူး။ ဈေးတွေက ထက်ဝက် လောက်ကျတယ်။ အခုလည်း တချို့ ရပ်ကွက်ရုံးတွေမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ လဆန်းပိုင်းလောက်ကတည်းက လာရောက် စာရင်းပေးဖို့ကြော်ငြာဘုတ်တွေအရ without ဈေးတွေလှုပ်လာတာပဲ။
ဆိုင်ကယ်တစ်စီးကို အရင်ဈေးတွေ ထက် ကျပ်ငါးသောင်းကျော်ကနေ ကျပ်တစ်သိန်းကျော်အထိ ဈေးတွေ မြင့်သွားပြီး အရောင်းအ၀ယ်တွေ ဖြစ်လာကြတယ်။ အခုချထားပေးမယ့် လိုင်စင်က တစ်နိုင်ငံလုံးမှာ အရောင်းအ၀ယ် လုပ်နိုင်တာဆိုတော့ ကိုယ့်လက် ထဲရှိတဲ့ ဆိုင်ကယ်လေးတွေ ပြန်ထုတ်ပြီး အသစ်လုပ်ဖို့ ၀ယ်ရောင်းလေးတွေ လုပ်လာကြတယ်''ဟု ဆိုင်ကယ် ပွဲစားတစ်ဦးက ပြောကြားခဲ့သည်။

အကောက်ခွန်မဲ့ ဆိုင်ကယ်များ ကို ၂၀၀၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် များတွင် ဒေသဆိုင်ရာ လိုင်စင်များ ချထားပေးခဲ့ခြင်းဖြစ်ပြီး ယခု အကြိမ်မှာ တတိယအကြိမ်မြောက် ပြုလုပ် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။၂၀၀၈ ခုနှစ်အတွင်း ယင်းကဲ့သို့ ဒေသဆိုင်ရာလိုင်စင်များကို ချထား ပေးခဲ့ရာ မော်တော်ဆိုင်ကယ် စီးရေ မှာ တစ်နိုင်ငံလုံး ယာဉ်စီးရေ၏၇၅ ရာခိုင်နှုန်းကျော် အထိ ရှိလာခဲ့ကြောင်း သိရှိရသည်။ 
ဟံသာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.