04 December 2009

ဗီဒီယိုပြသခွင့် လိုင်စင်ကြောင့် ရန်ကုန် လက်ဖက်ရည်ဆိုင်များ တီဗီဖြုတ်သိမ်း

ဆိုင်ထဲတွင် တီဗီထားရှိပါက တနှစ်စာအတွက် ဗီဒီယိုပြသခွင့် လိုင်စင်ကြေး ကျပ် ၄ သောင်းခွဲ ပေးရမည်ဟု မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့က ပြောဆိုသဖြင့် ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင် အများအပြား တီဗီများကို ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆိုင် ၃ မျိုးဖြစ်သည့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အလှပြင်ဆိုင်များသို့ မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့က ပေးပို့ခဲ့သော အကြောင်းကြားစာတွင် ၇ ရက်အတွင်း ဗီဒီယို ပြသခွင့်လိုင်စင် မပြုလုပ်ပါက အရေးယူမည်ဆိုသဖြင့် အမြတ်ငွေ နည်းပါးသည့် လက်ဖက်ရည်ဆိုင် အများအပြားအနေဖြင့် တီဗီများကို ဖြုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“အရင်တုန်းက ဆိုင်ထိုင်တဲ့ လူတွေကို ပြတယ်။ မိသားစုလည်း ကြည့်တယ်။ ပြီးခဲ့တဲ့လထဲမှာ ဗီဒီယိုအဖွဲ့က စာပို့ပြီး လိုင်စင်လုပ်ခိုင်းတယ်။ ကျနော်တို့က ဒါကြီးကို ပြစားတာ မဟုတ်ဘူးဗျာ။ အဲဒါနဲ့ ပိုက်ဆံမပေးချင်လို့ ဖြုတ်ပြီး အပေါ်မှာပဲ ထားလိုက်တယ်” ဟု လသာမြို့နယ်မှ လက်ဖက်ရည်ဆိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

အင်းစိန်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင်ရှင် တဦးကလည်း “အခု လမ်းမတန်းမှာရှိတဲ့ ဆိုင်တွေ ဘယ်သူမှ မပြတော့ဘူး။ ပိုက်ဆံပေးရမှာ စိုးလို့။ သူတို့က ဆိုင်ထဲမှာ တီဗီရှိတဲ့လူတွေ အကုန်လုံး လိုင်စင်လုပ်ခိုင်းတာခင်ဗျ။ ကျနော်တို့လည်း ဒီအတွက် သီးသန့်အကုန်မခံနိုင်လို့ ဆိုင်ထဲမှာ တီဗီမထားတော့ဘူး။ နောက်ခန်းကို ပို့လိုက်ပြီ” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စားသုံးသူများကို ဆွဲဆောင်သည့်အနေဖြင့် ဗီဒီယိုဇာတ်လမ်းများ၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ ကာရာအိုကေ သီချင်းများကို ဆိုင်များအတွင်း ပြသလေ့ရှိသည်။

ယခင်က ဗီဒီယိုပြသခွင့်လိုင်စင်ကို ဗီဒီယိုရုံများသာ လျှောက်ထားရသော်လည်း ယခုနှစ် သြဂုတ်လ လဆန်းပိုင်းမှစ၍ ရန်ကုန်တိုင်းရှိ အဆိုပါ ဆိုင် ၃ မျိုးကိုပါ လိုင်စင်လုပ်ရန် ညွှန်ကြားလာခဲ့သည်။ သို့သော် တမြို့နယ်နှင့် တမြို့နယ် အချိန်မတူဘဲ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

စာထဲတွင် ၇ ရက်အတွင်း လိုင်စင်ပြုလုပ်ရန် ညွှန်ကြားထားပြီး၊ မပြုလုပ်ပါက ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ အရ ထောင်ဒဏ် ၃ နှစ် ဖြစ်စေ (သို့) ဒဏ်ငွေ ကျပ် ၁ သိန်း ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမည်ဟု ပါရှိသည်။ ယင်း ဥပဒေကို ၂၀၀၈ ခုနှစ် သြဂုတ်လမှ စတင်၍ ပြဋ္ဌာန်းခဲ့သည်ဟု သိရသည်။

တီဗီဖြုတ်သိမ်းခဲ့သည့် တာမွေမြို့နယ်မှ လက်ဖက်ရည်ဆိုင်တခုက ယခင်ကထက် စားသုံးသူဦးရေ ကျဆင်းသွားခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။

ဆိုင်ရှင်က “အရင်က ဇာတ်လမ်းခွေ၊ သီချင်းခွေလေးတွေ ဖွင့်ပြပြီးတော့ ဝယ်သူတွေကို စွဲဆောင်နေရတာလေ။ ဒါပေမဲ့ အခုလို လိုင်စင်ကိစ္စ ဖြစ်လာတော့ နဂိုကတည်းက ဆိုင်က (အမြတ်) သိပ်ကျန်တာ မဟုတ်တော့ မလုပ်နိုင်တော့တာနဲ့ တီဗီဖြုတ်ပစ်လိုက်တယ်။ အဲဒီနောက်ပိုင်း ရောင်းအားကျသွားတယ်ဗျာ” ဟု ပြောသည်။

ဆိုင်အများစုမှာ လိုင်စင်မပြုလုပ်လိုသဖြင့် တီဗီများကို ဖြုတ်သိမ်းခဲ့သော်လည်း လိုင်စင်ပြုလုပ်သည့် ဆိုင်အချို့လည်း ရှိနေသည်။

ဗဟန်းမြို့နယ်မှ လက်ဖက်ရည် ဆိုင်ပိုင်ရှင်က “ကျမတို့ဆိုင်က လိုင်စင်တော့ သွားလုပ်ပြီးပြီ။ ရွှေတောင်ကြားလမ်းထဲက ရုံးမှာ။ ၄ သောင်းခွဲ ပေးလိုက်ရတယ်။ သူတို့က လုပ်ဆိုတော့လည်း လုပ်လိုက်တဲ့ သဘောပါ” ဟု ပြောသည်။

ရေဒီယို၊ တီဗီ၊ ဗီဒီယိုနှင့် ဂြိုဟ်တုစလောင်း စသည့် စက်နှင့်ပတ်သက်သော လိုင်စင်ကြေးများကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနတွင် ပေးဆောင်ရသော်လည်း  ဗီဒီယိုပြသခွင့် လိုင်စင်အတွက်မူ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့  သွားရောက် ပေးသွင်းရသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.