29 December 2009

မြန်မာ့အရေး ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပမည်

မြန်မာ့အရေး ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်နိုင်ရန် ဒီမိုကရက်တစ် အင်အားစုတစုက ကြိုးပမ်းလျက် ရှိသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အစီအစဉ် အပေါ် မတူညီ ကွဲပြားသည့် ရှုထောင့် အမြင်များကို စုစည်းကာ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည့် အချက်များပေါ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အကြိုဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်မည် ဖြစ်သည်။

“အဓိက ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ ဖြစ်တယ်။ ၂၀၁၀ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ဘယ်လို ဖြတ်သန်း သွားမလည်း၊ ဘယ်လို ဆောင်ရွက်ကြမလည်း ဆိုတာကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုဖြိုးမင်းသိန်းက ပြောသည်။

“၂၀၁၀ ရဲ့ ပေါ်ပေါက်လာမယ့် နိုင်ငံရေး သဘောထားအမြင် အများကြီး ဖြစ်ပေါ်နေတဲ့အပေါ် တူညီတဲ့ သဘောထား တရပ် ရနိုင်အောင်၊ တူညီတဲ့ အချက်တွေကို စုစည်းပြီးတော့ ရှေ့ဆက်သွားရမယ့် အလုပ်တွေကို ပူးပေါင်း ဆောင်ရွက်သွားဖို့ပါပဲ” ဟု ဆိုသည်။

ယခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့သည့် မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီကို ၈၈ ကျောင်းသားများ ဖြစ်သည့် ကိုသိန်းဌေး၊ ကိုသောင်းဝင်း၊ ကိုမင်းလွင်နှင့် ကိုသိန်းတင်အောင် တို့ ပါဝင် ဖွဲ့စည်းထားသည့် ၅ ဦး ကော်မတီအဖွဲ့ ဖြစ်သည်။

လာမည့် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ပြုလုပ်ရန် ရည်ရွယ်ထားပြီး၊ ယခုအခါတွင် ဝါရင့် နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရေစီ အင်အားစုများကို လိုက်လံတွေ့ဆုံမှု ပြုလုပ်နေသည်။

“လာနိုင်မယ့် ဒီမိုကရေစီ အင်အားစုထဲက ခေါင်းဆောင်တွေကို ဖိတ်မယ်။ NLD ကိုလည်း ခေါ်ဖိတ်ထားတယ်။ မလာနိုင်ရင်တောင် သူတို့သဘောထားတွေ ပေးလို့ရတယ်” ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်။

“ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံ ဆွေးနွေးမှုကနေ အဖြေတခု ရလာလိမ့်မယ်လို့ ကျနော်တို့ဘက်က မျှော်လင့်တယ်။ အဲဒီအခြေအနေဟာ ရွှေဂုံတိုင် ကြေညာစာတမ်းလည်း ဖြစ်ချင်မှဖြစ်မယ်။ နောက်ထပ် အသစ်တခုလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ပိတ်ဆို့ အရေးယူမှုများ ပယ်ဖျက်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပူးပေါင်း ဖြေရှင်းပေးမည်ဟု ကမ်းလှမ်းခဲ့သော စာတွင် နှစ်ဦး တွေ့ဆုံ ဆွေးနွေးရေး အတွက်လည်း တောင်းဆိုထားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မှာ လွတ်လွတ်လပ်လပ်နဲ့ ရွေးချယ်ပြီးတော့ ဒေါ်စုဆုံးဖြတ်ပါ။ အဲဒီ ဆုံးဖြတ်ချက်နောက်မှာ ကျနော်တို့ ရှိတယ်ဆိုတဲ့၊ ရှိမယ်ဆိုတာပါ” ဟု ကို ဖြိုးမင်းသိန်းက ပြောသည်။

နေအိမ်တွင် အချုပ်နှောင် ခံနေရသော အတိုက်အခံ ခေါင်းဆောင်နှင့် သူမ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - CEC များ တွေ့ခွင့်ရခဲ့ပြီးနောက် စစ်အစိုးရဘက်က လိုက်လျောမှု ဖြစ်ထွန်းလာနိုင်သည်ဟူသော မျှော်လင့်ချက်များ ကျောင်းသားဟောင်းများတွင် ရှိနေသည်။

“ဘာပဲဖြစ်ဖြစ် ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာ ဒီတိုင်းပြည်မှာ ကျနော်တို့နဲ့ စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ နိုင်ငံရေးပါတီတွေအားလုံး သင့်သင့်မြတ်မြတ်နဲ့ အခြေအနေ တခုပေါ်မှာ ရောက်နေပြီးတော့ ရနိုင်တဲ့ ပုံစံတခုကို တည်ပြီးသွားရမှာလေ”

“စစ်တပ်ဆိုတာကလည်း ကျနော်တို့ တိုင်းပြည်ထဲက အဖွဲ့အစည်းတရပ် ဖြစ်နေတယ်။ ပြည်တွင်းမှာ ကျနော်တို့ အကောင်းဆုံး ဘယ်လို ရပ်တည်မလည်းဆိုတာ စဉ်းစားရမယ်” ဟု ပြောသည်။

၎င်းတို့အဖွဲ့၏ ဆန္ဒသည် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် ၈၈ ကျောင်းသားများ၏ စိတ်ဆန္ဒဖြစ်၊ မဖြစ်ကိုမူ ပြောဆိုရန် ခက်ခဲသေးကြောင်း ၈၈ ကျောင်းသား အရေးအခင်းအပြီး ၁၅ နှစ်ကြာ (၁၉၉၀-၂၀၀၅) ထောင်ကျခဲ့ဘူးသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်းက ယခုလို ပြောဆိုခဲ့သည်။

“နိုင်ငံရေး စကားတောင် ပြောဆိုခွင့် မရှိတဲ့အခြေအနေမှာ ကျနော်တို့ လုပ်နေတဲ့အပေါ်မှာ ကြိုဆိုမလား ဆိုတာကိုတော့ ပြောရ ခက်ခဲပါသေးတယ်။ တိုင်းပြည် အခြေအနေပေါ်မှာ တကယ်ကို စိတ်ကောင်း စေတနာ ကောင်းထားပြီး ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုကကော၊ ကျနော်တို့ သူငယ်ချင်းတွေကရော ဒီမိုကရေစီ အင်အားစုတွေရော၊ နိုင်ငံတကာကရော ကျနော်တို့အပေါ် တုန့်ပြန်လာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

အမေရိကန် နိုင်ငံ အပါအဝင်၊ ကုလသမဂ္ဂ အဖွဲ့အစည်း၊ အီးယူ စသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း တောင်းဆိုနေသည်။

“အထဲရောက်နေတဲ့ ကျနော်တို့ သူငယ်ချင်းတွေလည်း ကျနော်တို့ ရွေးချယ်တဲ့ လမ်းကြောင်းအပေါ် ဝင်ရောက် ပူးပေါင်းနိုင်ဖို့အတွက် ကြိုးစားနေတယ်။ သူတို့ ပြန်ထွက်လာနိုင်ရေးက အဓိက ကျတဲ့အရာပါ” ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်

ဆွေးနွေးပွဲ ကျင်းပမည့် သူများက ထုတ်ဖော် ပြောဆိုမှုတခုတွင် စစ်တပ်နှင့် တသားတည်းကျ လှုပ်ရှားနေသော အင်အားစုများကိုမူ ဆွေးနွေးပွဲသို့ ဖိတ်ကြားမည် မဟုတ်ဟု ပါရှိသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.