28 December 2009

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ လျှပ်စစ် နှင့် သဘာဝဓာတ်ငွေ့ ဝယ်လို

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအား အထောက်အကူ ဖြစ်စေမည့် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရထံမှ လျှပ်စစ်နှင့် သဘာဝ ဓာတ်ငွေ့ ဝယ်ယူရန် စီစဉ်လျှက်ရှိသည်။

မနက်ဖြန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့၌ ပြုလုပ်မည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ၌ မြန်မာပြည်ဘက်မှ လျှပ်စစ်နှင့် သဘာဝ ဓာတ်ငွေ့ ဝယ်ယူရေးကိစ္စအား အဓိက အလေးပေး၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ရိုက်တာ (Reuters) သတင်းတွင် ဖော်ပြထားသည်။

“ကျနော်တို့ဘက်ကနေ သဘာဝဓာတ်ငွေ့ နဲ့ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး အစီအစဉ်နဲ့ ပက်သက်ပြီး၊ သူတို့မှာလည်း အဲဒီ အစီအစဉ်ရှိမှာပါ။ ကျနော်တို့ လိုအပ်နေတဲ့ သဘာဝ ဓာတ်ငွေ နဲ့ လျှပ်စစ် စွမ်းအားတွေ မြန်မာဘက်မှာ ပိုလျှံနေတယ်။ ကျနော်တို့ကို ရောင်းဖို့ အဆင်သင့်ဖြစ်နေပြီ” ဟု ဘင်္ဂလား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Quayes ကို ကိုကား၍ ရိုက်တာက ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိ နေ့စဉ် လျှပ်စစ်ထုတ်လုပ်မှု ပမာဏမှာ  ၃၈၀၀ မဂ္ဂါဝပ်ရှိပြီး၊ နောက်ထပ် လျှပ်စစ်ပမာဏ ၁၂၀၀ မှ ၁၅၀၀ မဂ္ဂါဝပ် အထိ လိုအပ်နေဆဲ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုမှာ ကုဗပေ ၇.၂ ထရီလီယံရှိပြီး၊ နောက်ထပ် သဘာဝ ဓာတ်ငွေ့ ထုတ်ယူနိုင်သော ပမာဏ ကုဗပေ ၅.၅ ထရီလီယံရှိနေသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို နတ်မြစ်က ပိုင်းခြားထားပြီး နယ်စပ်မှာ စုစုပေါင်း ကီလိုမီတာ ၃၂၀ (မိုင်ပေါင်း ၂၀၀) ရှည်လျားသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် နောက်ထပ် ဆွေးနွေး အကြောင်းအရာတခုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များကို မြန်မာပြည် နေရပ်သို့ ပြန်ပို့ရေး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကဲ့သို့ ဆင်းရဲပြီး၊ လူနေထူထပ်သည့် နိုင်ငံအတွက် ကြောက်စရာ ကောင်းလောက်အောင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း၊ ဒုက္ခသည်စခန်း အတွင်း၊ အပြင်ဘက်တွင် ရောထွေးနေသည့် မူဆလင် ဒုက္ခသည်များ နေရပ် ပြန်ပို့ရေးကိုလည်း အဓိက ထား၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဘင်္ဂလား ဝန်ကြီးက အစောပိုင်းက သတင်းထောက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထိုပြောဆိုချက်နှင့် ပက်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်းတခု ဖြစ်သော Arakan Rohingya National Organization - ARNO က စစ်အစိုးရဘက်မှ ရိုဟင်ဂျာ များအား လက်ခံရန် လွယ်ကူမည် မဟုတ်ဟု ပြောသည်။

“ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ပြန်ပို့ချင်ပေမယ့် နအဖကက လက်ခံဖို့ အခြေအနေ ဖြစ်လာမယ်လို့ ကျနော်တို့ မထင်ဘူး။ သူတို့ လက်ခံမယ်လို့ ပြောရင်လည်း ဒါက တကယ်တမ်း လက်ခံမယ့်ဟာကို အကောင်အထည် ဖော်လို့ရလိမ့်မယ်လို့ ကျနော်တို့မထင်ဘူး။ သူတို့ရဲ့ ပေါ်လစီကိုက ဒီရိုဟင်ဂျာ တွေကို ဘယ်လို မောင်းထုတ်ရမလဲဆိုတဲ့ ပေါ်လစီလေ။ သူတို့ဘက်ကတော့ လက်ခံဖို့လွယ်မှာ မဟုတ်ဘူး” ဟု အဖွဲ့မှ ဦးစလင်းအိုလာက မဇ္ဈိမ ကို ပြောသည်။

ရိုဟင်ဂျာ လူမျိုး ၂၈၀၀၀ ကျော်သည် ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက် ကော့ဘဇာ ခရိုင်အတွင်းရှိ ကုလသမဂ္ဂ ဒုက္ခသည် စခန်းထဲတွင် နေထိုင်လျှက်ရှိသည်ဟု ကော့ဘဇာခရိုင်ရှိ အရာရှိများ၏ ပြောပြချက်ကို ကိုးကား၍ reuters သတင်းတွင် ဖော်ပြထားသည်။

ကော့ဘဇာ ခရိုင်ရှိ အာဏာပိုင်များ၏ ပြောပြချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းပြင်ပတွင် ရိုဟင်ဂျာ စုစုပေါင်း သုံးသိန်း ဝန်းကျင်ခန့် နေထိုင်လျှက်ရှိကြောင်း သိရသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.