04 December 2009

စတစ်ဂ်လစ်ရဲ့ မြန်မာပြည်ခရီးစဉ်

နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Joseph Stiglitz) ဒီဇင်ဘာလ ၁၄ ရက်နေ့ မြန်မာပြည်သွားမယ့် သတင်းက နိုင်ငံရေး အင်အားစုများအဖို့ သိပ်မထူးခြားလှပေမယ့်၊ ဖွံ့ဖြိုးရေးနယ်ပယ်က သူများနဲ့ ပညာရပ်အသိုင်းအဝိုင်းအဖို့ အတော့်ကို စိတ်ဝင်စားစရာပါ။ အဓိက အကြောင်းက ပါမောက္ခ စတစ်ဂ်လစ်ဇ် ဘယ်လိုလူလဲဆိုတာ သိနေကြလို့ပါပဲ။

စတစ်ဂ်လစ်ဇ်ရဲ့ စီးပွားရေးအမြင်တွေက မြန်မာစာဖတ်သူတွေ သိပ်မစိမ်းလှပါ။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ဟာကွက်တွေကို အစောဆုံးထောက်ပြတဲ့ သူ့ရဲ့ နာမည်ကျော် ‘ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ၎င်းကို အစာမကြေမှုများ’ (Globalization and its discontents) စာအုပ်ဆိုရင် စာရေးဆရာ ကျော်ဝင်းနဲ့ ဦးဟန်ထွန်း (အခွန်) တို့က အရင်မိတ်ဆက်ပေးတယ်။ မောင်ဝံသက ‘ဂလိုဘယ်လိုက်ဇေးရှင်း သဲတရှပ်ရှပ်’ ဆိုပြီး ရေးတယ်။ လသာအမတ် ဦးကြည်မြင့်က တအုပ်လုံးနီးပါး ဘာသာပြန်ပါတယ်။

တကမ္ဘာလုံး အလုအယက်ဖတ်ကြပြီး၊ အာရှတက္ကသိုလ်တွေမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်ကို မြန်မာပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်ရမှာပါ။ ၂ဝဝ၅ ခုနှစ်လောက်က ရန်ကုန် စာအုပ်ဆိုင်တွေမှာ
ဒီစာအုပ်မူရင်းကို ထုတ်ဝေသူတဦးက ကော်ပီကူးပြီး ဈေးနှုန်းချိုချိုနဲ့ လိုက်ဖြန့်ထားတာ တွေ့ရပါတယ်။ အစပိုင်း ဘယ်သူမှ စိတ်မဝင်စားလို့ ကုန်မယ်မထင်ပါ။ နောက်မှ ဝယ်မယ်ကြံတော့ ပြိုက်ကနဲကုန်သွားပြီး
ထပ်ထပ်ရိုက်နေရတယ်လို့ ဆိုပါတယ်။

အမာခံ အားပေးကြသူတွေကတော့ နိုင်ငံရေး၊ လူမှုသိပံ္ပနဲ့ ဖွံ့ဖြိုးမှုဘာသာရပ် မူရင်းစာအုပ်သစ်တွကို သဲကြီးမဲကြီး ကော်ပီကူးဖတ်နေတဲ့ လူငယ်တွေပါ။ နောက် Development Studies, MPA, တို့က လူလတ်ပိုင်း ကျောင်းသားတွေ။ နောက်ဆုံး နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သွားသင်တဲ့ လက်ချာ ဆရာဆရာမ တချို့ကြောင့် စစ်တပ်ဗိုလ်မှူးပိုင်းတွေအကြား တတ်သလောက်မှတ်သလောက် ဖတ်ကြတယ် ဆိုရပါမယ်။

ဒီလိုနဲ့ စတစ်ဂ်လစ်ဇ်ကို နအဖထိပ်ပိုင်းအထိ တစွန်းတစ နားပေါက်သွားပုံ ရပါတယ်။ စတစ်ဂ်လစ်ရဲ့ နောက် နာမည်ကြီးစာအုပ်ဖြစ်တဲ့ Making Globalization Works ကိုလည်း ကျော်ဝင်းက နှစ်အုပ်တွဲ ဘာသာပြန်ပါတယ်။ ဒီစာအုပ်က ဂလိုဘယ်လိုက်ဇေးရှင်းကို ဖြတ်သန်းနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက ခေါင်းဆောင်တိုင်း ပေါ်လစီမိတ်ကာတိုင်း လက်စွဲပြုရမယ့် စာအုပ်ပါ။

စတစ်ဂ်လစ်ဇ်ဟာ အမေရိကန်သမ္မတ ကလင်တန် စီးပွားရေးအကြံပေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး ပညာရှင် အကြီးအကဲလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်မှာ တာဝန်ယူနေစဉ် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အရင်းဈေးကွက်ထဲ မတိုးနိုင်တာ၊  ဆင်းရဲတွင်းက ဖောက်မထွက်နိုင်တာရဲ့ အကြောင်းရင်းခံ အများစုက
ကမ္ဘာ့ဘဏ် အဆောက်အဦနဲ့ မျက်နှာချင်းဆိုင်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF လက်ချက်ဆိုတာ သွားတွေ့ပါတယ်။

IMF နဲ့ အနောက်အုပ်စုက ဝါရှင်တန် သဘောတူညီချက် (Washington Consensus) ဆိုတဲ့ ပေတံနဲ့တိုင်းပြီးမှ ဆင်းရဲတဲ့ နိုင်ငံတွေကို ငွေချေးပါတယ်။ ဈေးကွက်တံခါးဖွင့်၊ ပုဂ္ဂလိကအသွင်ပြောင်း၊ နိုင်ငံပိုင်တွေဖျက် ဆိုတဲ့ ဆေးခါးကြီးတိုက်ပြီးမှ ကူညီမယ်ဆိုတာ အရင်းရှင်ဇာတ်သွင်းတာ၊ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားသက်သက် ရည်ရွယ်တာ။ အထူးသဖြင့် ၁၉၉၇ အာရှအကျပ်အတည်းအပေါ် IMF ကိုင်တွယ်ပုံကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခဲ့သူပါ။

စတစ်ဂ်လစ်ဇ်ဟာ ဥရောပ၊ အာရှနဲ့ လက်တင်အမေရိက အနှံ့သွားနေပြီး၊ အစိုးရ၊ လူထုနဲ့ တက္ကသိုလ်တွေကြားမှာ ဆူပါစတားပါ။ အမေရိကမှာထက် အာရှမှာက ‘ဂေါ့ဒ်’ တပါးလိုပါပဲလို့ ဆိုကြပါတယ်။ တပည့်အများအပြားက တရုတ်မှာရှိနေပြီး၊ ဝန်ကြီးချုပ် ဝန်ကျားပေါင်ကို သြဇာလွှမ်းထားနိုင်သူပါ။ တရုတ်စီးပွားရေး တိုးတက်မှု နောက်ကွယ်မှာ စတစ်ဂ်လစ်ဇ်တို့ တစုံတရာရှိနေတယ် ဆိုရပါမယ်။

ပညာရှင်လောကမှာ စတစ်ဂ်လစ်ဇ်ကို လူသိများတာကလည်း သမ္မတရေဂင် ခေတ်ကတည်းက နှစ် ၃ဝ လောက် လွှမ်းမိုးထားတဲ့ ဂလိုဘယ်အရင်းရှင်ပုံစံကို တောက်လျှောက် ဝေဖန်လာလို့ ဖြစ်ပါတယ်။ ဈေးကွက်တွေက သူ့အလိုလို အလုပ်လုပ်သွားမယ်၊ အစိုးရတွေ ခပ်ဝေးဝေးနေဆိုတဲ့ အယူအဆဟာ အလုံးစုံမမှန်ဘူး ဆိုတာကို ထောက်ပြလို့ပါ။

ဒါကလည်း မစ္စတာ ရေဂင်တို့၊ မစ္စသက်ချာတို့ခေတ်မှ ပေါ်တာမဟုတ်ဘဲ၊ ဘောဂဗေဒ ခေါင်းကိုင်ဖခင်ကြီး အဒမ်စမစ်ကတည်းက ရောင်းသူဝယ်သူဈေးကွက်ထဲ အစိုးရဝင်မရှုပ်နဲ့လို့ ဆိုပြီးသားပါ။ ဒါကို နီယိုလစ်ဘရယ်ဝါဒ အဖြစ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို ပြန်တင်ပြကြတာပါ။ စစ်အေးနဲ့ ကွန်မြူနစ်ဝါဒ အပြိုကြောင့် ဘဝင်မြင့်နေတဲ့ အရင်းရှင်လက်သစ်တွေကို ဆင်းရဲသားတွေဘက်က စတစ်ဂ်လစ်ဇ်က ဝင်ဇက်သတ်တော့ အမေရိကန်နဲ့ပဲ ပြန်ထိပ်တိုက်တိုးပါတယ်။

ဈေးကွက်တွေက သူ့ဘာသာသူ အလုပ်မဖြစ်နိုင်ဘူး။ အစိုးရ စွက်သင့်သလောက် ဝင်စွက်ထိန်းပေးမှဆိုတဲ့ စတစ်ဂ်လစ်ဇ်တို့ ‘ကိန်းဝါဒီ’ တွေရဲ့ အဆိုက၊ အစိုးရ ဝင်လက်မလျှိုရ မနေနိုင်တဲ့ ဆိုရှယ်လစ် လောင်းရိပ်မိခဲ့တဲ့ နိုင်ငံတွေအဖို့ ခံတွင်းတွေ့ နားတွေ့စေပါတယ်။ ဒါကြောင့်လည်း စတစ်ဂ်လစ်ဇ်ဟာ အာရှမှာ ဂေါ့ဒ်ဖြစ်သွားပြီး၊
မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းအထိ ‘ဟစ်’ ဖြစ်သွားပုံရပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးက စွက်ဖက်လွန်းတဲ့ အစိုးရလက်တံရှည် လျှော့ချရေးဆိုတာလည်း မမေ့ဖို့ လိုပါမယ်။

၂ဝဝ၁ ခု စတစ်ဂ်လစ်ဇ်ရဲ့ နိုဘယ်ဆုက ဈေးကွက်တွေမှာ ‘မမျှတမပြည့်ဝတဲ့ အခြေအနေ အချက်အလက်တွေ’ (imperfect information) ရှိနေတာကို ဖော်ပြလို့ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ဓနရှိသူ မရှိသူ၊ သတင်းသိသူ မသိသူ၊ ဖော်စားခွင့်ရှိသူ မရှိသူတွေအကြား မညီမျှမှုတွေ ရှိနေတယ်။

နိုင်ငံကြီးတွေ၊ ကော်ပိုရေးရှင်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဂလိုဘယ်ငွေကြေးကစားသူတွေက ဂလိုဘယ်လိုက်ဇေးရှင်းကို ဘာမှန်းညာမှန်း မသိလိုက်တဲ့ ဆင်းရဲသားတွေအပေါ် ‘လွတ်လပ်သော ကုန်သွယ်ရေး၊
ပုဂ္ဂလိက အသွင်ပြောင်းရေး၊ ရင်းနှီးမြှုပ်နှံမှု တံခါးဖွင့်’ စတဲ့ ခေါင်းစဉ် ပေါင်းစုံအောက်မှာ ခေါင်းပုံဖြတ်နေတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ အခွင့်အရေးသမား အချို့အတွက်ပဲ ဖြစ်နေတာကို စတစ်ဂ်လစ်ဇ်က ဖော်ထုတ်ခဲ့ပါတယ်။

အစောကြီးကတည်းက ဈေးကွက်နောက် အရမ်းလိုက်တဲ့ ရောဂါကို ဇက်သတ်ဖို့ စတစ်ဂ်လစ်က သတိပေးခဲ့ပါတယ်။ ဒါဟာ ဂလိုဘယ်စီးပွားရေး ပြိုဆင်းမှုဆီ ဦးတည်စေမယ်လို့ အာရှအကျပ်အတည်း မတိုင်မီကတည်းက သတိပေးခဲ့တာပါ။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ခိုင်ခိုင်မာမာ စည်းမျည်းဥပဒေတွေ မရှိသေးဘဲ
အတင်းဈေးကွက်တွေ ဖွင့်ခိုင်းတာဟာ ပျက်စီးရာပျက်စီးကြောင်းပဲလို့ ဆိုခဲ့ပါတယ်။ အခု အမေရိကန်စီးပွားရေး ပြိုလဲမှုရဲ့ အဓိကအကြောင်းက မရိုးသားမှုကြောင့်လို့ ပြောပါတယ်။

စတစ်ဂ်လစ်ဇ်တယောက် သမ္မတ အိုဘားမားရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး တာဝန်တွေအတွက် အရွေးမခံရတော့ အားလုံး အံအားသင့်စရာ ဖြစ်သွားပါတယ်။ အိုဘားမားကို ထောက်ခံပေးသူဖြစ်ပြီး အစိုးရရဲ့ စီးပွားရေး မူဝါဒတွေမှာ သူ့အရိပ်တွေ အများကြီး တွေ့ရပါတယ်။ အိုဘားမားကလည်း ခေါ်ချင်ပေမယ့် သူ့ရဲ့လက်ရှိ
စီးပွားရေးအကြံပေး လာရီဆမ်းမားက စတစ်ဂ်လစ်ဇ်ကို မလိုလားပါ။ ကိန်းဝါဒီချင်း တူပေမယ့် တဦးကိုတဦး လေးစားပေမယ့်၊ သဘောကွဲလွဲမှုတွေ ရှိနေတာကြောင့် တဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းမရပါ။

သေချာတာကတော့ စတစ်ဂ်လစ်ဇ်ဟာ အမေရိကန်လူ မဟုတ်သလို အာဏာရှင်နိုင်ငံတွေက လွယ်လွယ်ခေါ် အသုံးချလို့ရမယ့် လူလည်း မဟုတ်ပါ။ မှန်တာ၊ ဖြစ်သင့်တာကို ပရောဖက်ရှင်နယ်ပီပီ ဒဲ့ပြောဒဲ့လုပ်မယ့် လူမျိုးပါ။ မြန်မာ့မက်ခရို စီးပွားရေး အခြေအနေ၊ ဈေးကွက်၊ ဘတ်ဂျက်၊ ကြွေးမြီ၊ သယံဇာတကျိန်စာ၊
စီမံခံခွဲမှု ညံဖျင်းတာတွေအပေါ် သူဘာပြောမလဲ၊ ဘာရေးမလဲ။ အမေရိကန် အစိုးရအပါအဝင် အားလုံး စောင့်ကြည့်နေပါလိမ့်မယ်။

ချီလီ၊ တရုတ်၊ အင်ဒိုနီးရှားတို့မှာ နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် မီတန်လ် ဖရိုက်မင်၊ ပိုလန် အသွင်ကူးပြောင်းရေး ကာလမှာ ဂျက်ဖရီဆတ်ခ်ျတို့ ဝင်ခဲ့လုပ်ခဲ့၊ အကြံပေးခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ စတစ်ဂ်လစ်ဇ်တင်မက ဘယ်သူပဲဖြစ်ဖြစ် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုကို နေ့ချင်းညချင်း လမ်းကြောင်းမှန်ပေါ် ပြောင်းတင်ပေးနိုင်မယ် မဟုတ်ပါ။ မြန်မာ့အရေးမှာ ဆူပါမင်းတို့၊ အင်ဒီရာနာဂျုံးတို့ မရှိပါ။

သို့နှင့်တိုင် ဩစတြေးလျား စီးပွားရေးပညာရှင် ရှောင်တာနယ်လ် ပြောသလို ဘယ်သူသွားသွား ဘာမှထူးမှာ မဟုတ် ဆိုတာမျိုးလည်း အဆိုးမြင်မရပါ။ စတစ်ဂ်လစ်ဇ်သွားမယ့် ခရီးစဉ်ကို မြန်မာ့သတင်းဆိုးတွေထဲက ရှားရှားပါးပါး သတင်းကောင်းတခုအဖြစ် မျှော်လင့်ကြည့်မိပါတယ်။ အနည်းဆုံးတော့ သူလိုလူက ရှုပ်ရှုပ်ထွေးထွေး မြန်မာ့မြင်ကွင်းအပေါ် ဘာပြောလိမ့်၊ ရေးလိမ့်မလဲ။        ။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.