20 November 2009

Burma VJ ၂၀၀၉ ခုနှစ် အော်စကာဆုအတွက် ပဏာမ ရွေးချယ်ခံရ



သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပုံအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင် ရုပ်ရှင်ကားမှာ လာမည့်နှစ် အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ခံရပြီး အမည်စာရင်း တင်သွင်းထားခြင်း ခံရပြီ ဖြစ်သည်။

မြန်မာပြည်သူများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဒီမိုကရေစီရေးအတွက် သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ပုံအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားသည့် ရုပ်ရှင်ကားကို ၂၀၀၉ ခုနှစ်အတွင်း ပြသခဲ့ပြီး ယင်းကို ၂၀၁၀ ခုနှစ် အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း အမေရိကန် ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲ့ကြီး၏ အပြောအရ သိရသည်။

ဒါရိုက်တာ ဒင်းနစ် အင်ဒါးစ် အိုစ်တီဂါဒ် (Danish Anders Ostergaard) ရိုက်ကူးသော Burma VJ ရုပ်ရှင်ကားကို မှတ်တမ်းတင် ဇာတ်လမ်းရုပ်ရှင် (Documentary Feature) အမျိုးအစားအတွက် ပဏာမ ရွေးချယ်သော ဇာတ်ကား ၁၅ ထဲတွင် ထည့်သွင်းရွေးချယ်ထားသည်ဟု Beverly Hills ရှိ အကယ်ဒမီအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာသည်။ အဆိုပါ ပဏာမ ၁၅ ကားကို ၈၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် ဆက်လက်၍ မဲပေးရွေးချယ်သွားမည်။

Burma VJ မှတ်တမ်းတင် ဇာတ်လမ်းရုပ်ရှင်ကားသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများအတွင်း သတင်းသမားများနှင့် အတိုက်အခံတို့ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် စွန့်စားလှုပ်ရှားခဲ့ရပုံအကြောင်း အသားပေး ဖော်ပြရိုက်ကူးထားခြင်း ဖြစ်သည်။ ဤဆန္ဒပြပွဲကို နောင်တွင် `ရွှေဝါရောင်တော်လှန်ရေး´ ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဤမှတ်တမ်းတင် ရုပ်ရှင်ကားသည် ယခုအထိ ‘World Cinema Documentary Film Editing Award’, ‘Golden Gate Persistence of Vision Award’ အပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်း ၃၃ ခု ရရှိထားပြီဖြစ်ပြီး  EFA Documentaire 2009 –Prix Arte အတွက်လည်း အမည်စာရင်း တင်သွင်းထားခြင်း ခံရပြီးဖြစ်သည်။

Burma VJ မှတ်တမ်းတင်ကားအတွက် ၈ဝ ရာခိုင်နှုန်းမျှသော ဗီဒီယိုကလစ်များကို ပေးပို့ခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ထိုင်းဗျူရိုရုံး အကြီးအကဲ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ခံရခြင်းအတွက် သူ့အနေဖြင့် ဂုဏ်ယူမိကြောင်း ပြောသည်။

''အခုတော့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေဟာ နိုင်ငံတကာ မီဒီယာတွေတင်မက ရုပ်ရှင်တွေထဲမှာလည်း အသားပေးဖော်ပြတာ ခံနေရပါပြီ။ ဒါဟာ မြန်မာနိုင်ငံတွင်း သတင်းအမှောင်ချမှု ရှိနေကြောင်း နိုင်ငံတကာအဆင့်မှာပါ သိရှိအောင် လုပ်ရေးအတွက် ကျနော်တို့ရဲ့ သန္နိဋ္ဌာန်ကို အောင်မြင်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးလိုက်တာပဲ ဖြစ်ပါတယ်'' ဟု ဦးတိုးဇော်လတ်က ပြောသည်။

ဤရုပ်ရှင်ကားသည် အော်စလိုအခြေစိုက် DVB ၏ ၂၇ နှစ် အရွယ်ရှိ လျှို့ဝှက်သတင်းထောက် ဂျိုရှူးဝါး (Joshua) အကြောင်း အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ မြို့တော်ဟောင်း ရန်ကုန်ရှိ လမ်းများပေါ်တွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ အုံကြွမှုအတွင်း ဗီဒီယို ကင်မရာ အငယ်စားကလေးများဖြင့် ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။

သူက မည်သို့မည်ပုံ မှတ်တမ်းတင် ရုပ်ရှင်ကို ရိုက်ကူးခဲ့ကြောင်းနှင့် ဤမှတ်တမ်းတင် ဗီဒီယိုရုပ်ရှင်များကို နိုင်ငံတကာ မီဒီယာများဖြစ်သော CNN, BBC, Aljazeera တို့မှတဆင့် ဂြိုဟ်တုမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှင့်ထုတ်ပေးခဲ့ပုံ အကြောင်းများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။

''ညှဉ်းပမ်းနှိပ်စက်ခံရမယ့် အန္တရာယ်နဲ့ ထောင်သွင်းအကျဉ်းချခံရမယ့် အန္တရာယ်တွေ ရှိနေပေမယ့် မြန်မာနိုင်ငံက သတ္တိပြောင်မြောက်ပြီး ငယ်ရွယ်တဲ့ သတင်းထောက်တွေက တံခါးပိတ်ထားတဲ့ သူတို့နိုင်ငံက သတင်းတွေကို ပြည်ပကို ပေးပို့နိုင်အောင် စာနယ်ဇင်းလုပ်ငန်းရဲ့ အနှစ်သာရအတိုင်း နေထိုင်လုပ်ကိုင်ခဲ့ကြပါတယ်'' ဟု Burma VJ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဗီဒီယိုသတင်းထောက် အများအပြားသည် ဆန္ဒပြပွဲအတွင်း လမ်းမများပေါ်တွင် ရိုက်ကူးမှတ်တမ်းတင်နေစဉ် မြန်မာနိုင်ငံ လုံခြုံရေးအဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု ဦးတိုးဇော်လတ်က ပြောသည်။

ဤရုပ်ရှင်ကား အမျိုးအစားအတွက် ကားပေါင်း ၈၉ ကားထဲမှ ပဏာမ ရွေးချယ်ခံခဲ့ရသော ၁၅ ကားမှာ “The Beaches of Agnes,” “Burma VJ,” “The Cove,” “Every Little Step,” “Facing Ali,” “Food, Inc.,” “Garbage Dreams,” “Living in Emergency: Stories of Doctors Without Borders,” “The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers,” “Mugabe and the White African,” “Sergio,” “Soundtrack for a Revolution,” “Under Our Skin,” “Valentino The Last Emperor,” and “Which Way Home,” တို့ ဖြစ်သည်။

ပဏာမ ရွေးချယ်ခံထားရသော ၁၅ ကားထဲမှ ၂ဝဝ၉ ခုနှစ် ထူးချွန်ရုပ်ရှင် အောင်မြင်မှု အကယ်ဒမီဆုအတွက် နောက်ဆုံးဆန်ခါတင် ၅ ကားကို မှတ်တမ်းတင်ရုပ်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆက်လက်ရွေးချယ်မည်ဖြစ်သည်။

၈၂ ကြိမ်မြောက် အကယ်ဒမီဆုအတွက် ဤသို့ ဆန်ခါတင်ရွေးချယ်ခံရသော စာရင်းကို ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။ ဆုပေးပွဲကိုမူ မတ်လ ၇ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့ Hollywood & Highland Center ရှိ ကိုဒတ်ဇာတ်ရုံ (Kodak Theatre) ကြီးတွင် ကျင်းပပေးအပ်မည်ဖြစ်သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.