13 November 2009

ကာလကတ္တား အကျဉ်းထောင်ရှိ ရခိုင်ကရင် ၃၄ ဦးကို ကုလ မဟာမင်းကြီးရုံးက ဒုက္ခသည် အဖြစ် အသိမှတ်ပြု


အိန္ဒိယနိုင်ငံ ကာလက္တား အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ရခိုင်ကရင် ၃၄ ဦးကို အိန္ဒိယအခြေစိုက် ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိမှတ်ပြုလိုက် ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

သူတို့၃၄ ဦးကိုလွန်ခဲ့သည့်တနင်္လာနေ့က အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ များရုံးမှ ဒုက္ခသည်အဖြစ် အသိမှတ်ပြုလိုက်ခြင်းဖြစ်ကြောင် ရခိုင်အမျိုးသားကောင်စီ နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးညီညီလွင်က ပြောသည်။

“တကယ်လို့ သူတို့လွတ်လာရင်အခြေတကျနေထိုင်ဖို့အတွက် ဥရောပနိုင်ငံသုံး နိုင်ငံက အစိုးရတွေကို ချဉ်းကပ်ထားပါတယ်။သူတို့လည်း သာမန်အားဖြင့် သဘောတူထားတယ်။ ဒါပေမဲ့ စာရွက် စာတန်းတွေနဲ့ အတိအကျလုပ် ထားတာတော့ မရှိသေးဘူး။” ဟုပြောသည်။

ရခိုင်အမျိုးသားကောင်စီ အေအန်စီ ဒုဥက္ကဌဦမောင်လူကြီးကလည်းအကျဉ်းကျခံနေရသည့်ရဲ ဘော်များအခြေအနေမှာ ပိုမိုအလားအလာကောင်းကြောင်းကို ယခုကဲ့သို့ပြောသည်။

“အယင်ကထက်ပိုပြီး အလားအလာ ကောင်းပါတယ်။ ယူအန်ကလည်းအသိ အမှတ်ပြုလိုက်ပြီ ဆိုတော့ အိန္ဒိယ အစိုးရကလည်း နအဖကိုလွဲပေးဖို့ ဆိုတာ သိပ်မလွယ်တော့ဘူး။ နောက်တခု တရားလိုတွေ ဘက်ကလည်း ရုံးချိန်းတိုင်းမှာ သက်သေလာတာကိုမတွေ့ရပါဘူး။ နောက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေလည်း သူတို့မပြနိုင်ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ ဘော်တွေ မကြာမီ လွတ်လိမ့်မယ်လို့ မျော်လင်းပါတယ်။”ဟုပြောသည်။

ယနေ့တွင် သူတို့ ၃၄ ဦးကို ရုံးတင်စစ်ဆေးနေပြီး စစ်ဆေးရာရုံးတော်သို့ သတင်းထောက် များ စာနယ်ဇင်းသမားများကို အစိုးရမှတက်ရောက်ခွင့်မပြုကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းစာတစောင် တွင်ရေးသားသည်။

အဆိုပါ ရခိုင်ကရင်ရဲဘော် ၃၄ ဦးမှာ ယခုရင်ဆိုင်နေရသည့် အမှုမှလုံးဝလွတ်မြောက်ရန် နောက်ထပ်ရုံး ချိန်အနည်းဆုံး ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်ခန့်ကြာနိုင်သေးကြောင်းလည်း ဦးမောင်လူကြီးမှ ဆက်ပြောသည်။

ယခုအကျဉ်းကျခံနေရသည့် ရခိုင်ကရင် ၃၄ ဦးကို ၁၉၉၈ ခုနှစ်က အန်ဒမန်ကျွန်းအနီး လန်ဖော့ကျွန်းတွင် အိန္ဒိယစစ်တပ်မှ ရေတပ်စခန်းဆောက်ပေးမည်ဟု လိမ်လည်ခေါ်ယူပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သူတို့အား ဦးဆောင်ခဲ့သည့် ဗိုလ်ရာဇာ၊ ဗိုလ်မှူး စောထွန်း၊ ဗိုလ်မှူး ရန်နိုင် နှင့်အခြား ခေါင်းဆောင် ၃ ဦးကို အိန္ဒိယ စစ်တပ်မှ သွေးအေးအေးဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။
 
နိရဉ္စရာ မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.