14 November 2009

မြန်မာကျပ်ငွေ စံချိန်တင် တန်ဖိုးတက်


  ပြင်ပပေါက်ဈေးတွင် အမေရိကန် တဒေါ်လာလျှင် တထောင်ကျပ်အောက် ရောက်ရှိသွားသဖြင့် မြန်မာကျပ်ငွေသည် ၇ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာသည်။

ငွေလဲသူများက အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၉၀ နှုန်းရောင်းချသဖြင့် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သော ဈေးနှုန်းပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်သည်။ ၂၀၀၁ ခုနှစ်က တဒေါ်လာလျှင် ၉၀၀ ကျပ်ဝန်းကျင်အထိ ဈေးပေါက်ခဲ့သည်။

သို့သော် ငွေလဲလှယ်သူများက ဈေးနှုန်းမှာ တည်ငြိမ်မှုမရှိသေးကြောင်း သတိပေး ပြောကြားထားသည်။

“မနက်ဈေးနဲ့ ညနေဈေးက တူတာမဟုတ်ဘူး။  တရက်တည်းကို ဈေးက ၇ မျိုးလောက် ပြောင်းတယ်။” ဟု ရန်ကုန်မှ ငွေလဲလှယ်ရေး လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သော ၃ ရက်ခန့်ကအထိ တဒေါ်လာလျှင် ၁၀၃၀ ကျပ်နှင့်အထက်တွင် ရှိခဲ့သည်။

ကျပ်ငွေတန်ဖိုး ထိုးတက်ရခြင်း အကြောင်းကို ရှင်းလင်းစွာ မသိရသေးသော်လည်း စီးပွားရေး ပညာရှင်များနှင့် လေ့လာသူများက ကုန်သွယ်မှု ထိုင်းမှိုင်းခြင်း၊ နာဂစ်သင့်ဒေသသို့ နိုင်ငံခြားအကူညီများ ဝင်ရောက်မှု၊ ဘိန်းထွက်ချိန်နှင့် တိုက်ဆိုင်မှုဟု ထောက်ပြ ကြသည်။

သို့သော် စစ်အစိုးရကလည်း ဒေါ်လာဈေးနှင့် ရွှေဈေးကို ငြိမ်အောင် ကြိုးစားနေခဲ့သည်။ ကမ္ဘာ့ ရွှေဈေးကွက်တွင် ရွှေဈေး တက်သွားသော်လည်း မြန်မာနိုင်ငံတွင် ရွှေတကျပ်သားလျှင် ၆ သိန်း အောက်တွင်သာရှိအောင် စစ်အစိုးရက ထိန်းထားသည်။

ဈေးနှုန်း အတက်အကျကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဈေးနှုန်းထိန်းပေးရန်ု သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ်အုန်းမြင့်က အောက်တိုဘာလအတွင်းက ပြုလုပ်သော ရွှေလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အစည်းအဝေးတွင် သတိပေး ပြောကြားခဲ့သည်။

“ကမ္ဘာ့ ရွှေဈေးကလည်း အတက်အကျ ဖြစ်တယ်။ ကျနော်တို့ဈေးကလည်း အတက်အကျ ဖြစ်တယ်။ ဒါပေမယ့် အတက်အကျ မကြမ်းဖို့။ ပြီးတော့ လူထုက ထိတ်လန့်တကြားဖြစ်ပြီး ရွှေဈေးကြောင့် တိုင်းပြည် ပျက်သွားတာမျိုး မဖြစ်ဖို့ လိုပါတယ်”ဟု ဗိုလ်မှူးချုပ် အုန်းမြင့်က ပြောသွားသည်။

လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့သော နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံခြားမှ အကူညီများဝင်ရောက်ရာ နိုင်ငံခြားဝင်ငွေရရှိခြင်းကလည်း အထောက်အကူဖြစ်ခဲ့သလို တန်ဆောင်တိုင်ကာလမှစ၍ ဘိန်းရိတ်သိမ်းချိန် ဖြစ်သောကြောင့် မြန်မာကျပ်ငွေဖြင့် ဘိန်းဝယ်ယူမှု ပြုလာသဖြင့် ကျပ်ငွေတန်ဖိုး တက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အာဖဂန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ ဘိန်းအများဆုံးထွက်သည့် နိုင်ငံ ဖြစ်သည်။

သို့သော်လည်း စာရင်းအင်းမှန်ကန်စွာ ထုတ်ပြန်မှု မရှိခြင်းအပေါ် လေ့လာသူများက ထောက်ပြကြပြီး ပမာဏ တိတိပပ ပြောနိုင်ခြင်းမရှိဟု ဆိုသည်။

အက်ဖ်အီးစီဈေးကလည်း ပြင်ပပေါက်ဈေးအရ တဒေါ်လာလျှင် ၉၈၀ ကျပ် ဝန်းကျင် ရောင်းချနေသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.