20 November 2009

ရွှေဂုံတိုင် ကြေငြာ စာတမ်းကို လမ်းပြမြေပုံအဖြစ် ၈၈ တို့သတ်မှတ်

ရွှေဂုံတိုင် ကြေငြာစာတမ်းကို လူထုရှေ့ဆောင်လမ်းပြမြေပုံအဖြစ် သတ်မှတ်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ပြောကြားလိုက်သည်။

“သန့်ရှင်းပြီး၊ တရားမျှတတဲ့၊ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ရာ ပထမဦးဆုံး နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ တယောက်မကျန် ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ပြီးတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းပြည်ရဲ့ အနာဂတ်ကောင်းဖို့ရော၊ အားလုံးပါဝင်နိုင်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ ဝိုင်းဝန်းပြီးတော့ ပြင်ဆင်သုံးသပ်ရမှာ ဖြစ်ပါတယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ရေးသားခဲ့သော စာပါအချက်များဖြစ်သည့် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် တွေ့ဆုံခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းနိုင်ရေး ဆိုသည်တို့မှာ အဓိပ္ပါယ်အပြည့်အဝရှိပြီး အပြုသဘောဆောင်သည့် တောင်းဆိုချက်များ ဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့၏ ယနေ့ထုတ်ပြန်သော ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဥက္ကဌ ဦးအောင်ရွှေ အပါအဝင် ဦးညွှန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးစိုးမြင့်တို့နှင့် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မစ္စတာဂမ်ဘာရီနှင့်အတူ နောက်ဆုံးအကြိမ်အဖြစ် အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံနိုင်ခဲ့သည်။

ယခု ထပ်မံတွေ့ဆုံခွင့်တောင်းသည့် စာရင်းတွင်မူ နေအိမ်အကျယ်ချုပ် ကျနေသော ဒု-ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေတို့ ပါဝင်သည်။

ထို့အပြင် ကြေငြာချက်က စီးပွားရေးပိတ်ဆို့မှုကို ရပ်တန့်စေသွားစေရေးတွင် အဓိကတာဝန်ရှိသူမှာ နအဖပင် ဖြစ်ကြောင်း ထောက်ပြလိုက်ပြီး၊ တိုင်းပြည်နှင့်လူထုအကျိုးနှင့် တပ်မတော်၏ ဂုဏ်သိက္ခာအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် အခွင့်အခါကောင်းကို လက်မလွှတ်သင့်ကြောင်း တိုက်တွန်းထားသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ရွှေဂုံတိုင် ကြေငြာစာတမ်းအား အခိုင်အမာကိုင်ဆွဲပြီး “ပြည်သူနှင့်အတူလက်တွဲ၊ ပြည်သူလူထုရှေ့မှ မားမားမတ်မတ် ရပ်တည်” လှုပ်ရှားစေလိုကြောင်း တိုက်တွန်း ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီပါတီက ယင်းသို့ တိုက်တွန်းတောင်းဆိုနေမှုကို နအဖ စစ်ခေါင်းဆောင်များက သူတို့၏ “ဝါဒဖြန့်ချီရေး” အတွက်သာ အသုံးပြုသွားမည်ကိုလည်း သံသယ ရှိနေသည်ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံစကားပြောသည် ရှိဦး။ ဓာတ်ပုံရိုက်ပြီးတော့ တွေ့ဆုံပါတယ်လို့ ဝါဒဖြန့်ချီတာကို လိုချင်တာမဟုတ်ပါဘူး” ဟု သူက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အား ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုသော လူထုအုံကြွမှု၌ ဦးဆောင် ပါဝင်ခဲ့သည့် ကျောင်းသားများဖြင့် စုဖွဲ့ထားခြင်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြမှုတွင်လည်း ဦးဆောင်ခဲ့ကြပြန်သည်။ ခေါင်းဆောင်အများကို စစ်အစိုးရက ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ဝေးလံခေါင်သီသော ဒေသများရှိ အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်။  
မဇ္ဈိမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.