16 November 2009

ကျွန်တော်မရေးနိုင်ခဲ့တဲ့ ကိစ္စတစ်ရပ် (ရေးသူ-ဖိုးသံ)

  ဒီကိစ္စကို ကျနော် အခုတော့ ရေးလို့ရပါပြီ။
၁၉၇၈ ခုနှစ်မှာ ကျနော့်အဖေ၊ အမေနဲ့ညီ၊ သုံးယောက်စလုံး အဖမ်းခံရတုန်းက အဖေနဲ့ ဘိုညိုကို အရင်လွှတ်ပြီး အမေ့ကို နောက်ဆုံးမှ အချိန်အတော်ကြာ ချန်ပြီးလွှတ်တယ်။ အဲဒါ ဘာလို့လဲလို့ ကျနော့်ကိုမေးတာ မကြာခဏကြုံရပါတယ်။ ဆွေရင်း မိတ်ရင်းတွေထဲက မေးကြတာတောင် ရှိပါတယ်။ ဒါပေမဲ့ ကျနော့်မှာ ထောက်ထားစရာတွေ ရှိနေလို့ ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူး။ အခုတော့ အမေကွယ်လွန်သွားပြီမို့ ကျနော်ရေးနိုင် သွားပါပြီ။



၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၃ဝရက်နေ၊ ကျနော့်ကိုလာဖမ်းတဲ့နေ့မှာပါ။ မှတ်မိသလောက် ဆိုရင် အဲဒါ တနင်္ဂနွေနေ့ကြီးပါ။ မန္တလေး ဗထူးအားကစားကွင်းမှာ မြို့မအသင်းနဲ့ ရဲအသင်း တို့ ကစားမယ့်နေ့ပါ။ ပွဲကလည်း ပွဲကောင်းဖြစ်လို့တကြောင်း၊ ကိုယ်တိုင်ကလည်း မြို့မ ဘော့လုံးအသင်းသားဟောင်း ဖြစ်ရုံမက မြို့မအသင်းကို ကမကထ ပြုသူ၊ ဦးစီးသူတွေ အားလုံးဟာ ကျနော့်မိဘများနဲ့ မကင်းသူတွေ ဖြစ်နေလို့ကတကြောင်း ကျနော်က အဲဒီ ဘော့လုံးပွဲကို သွားကြည့်ဖို့ အားခဲထားပါတယ်။ သူများတွေနဲ့ အဖော်တောင် ညှိထား ပါသေးတယ်။
နေ့လည် ၂နာရီ၊ ၃နာရီ လောက်ထင်ပါရဲ့ ကျနော်အိမ်သာတက်နေတုန်းမှာ ကျနော်တို့အိမ်မှာ ကားမောင်းတဲ့ ကိုအေးက ကျနော့်ကို အပြင်ကနေ တံခါးပုတ်ပြီး ခေါ်ပါတယ်။ ကျနော်ထွက်လာတော့ "ခင်ဗျားကို ခင်ဗျားအမေက ခေါ်နေတယ်၊ အောက်ကို ဆင်းလာခဲ့ပါတဲ့" လို့ဆိုတာနဲ့ ချက်ခြင်း သူ့နောက်က လိုက်သွားပါတယ်။ အောက်ရောက်တော့ ဧည့်ခန်းထဲမှာ အဖေရယ်-အမေရယ်၊ ရပ်ကွက်ထဲကလူကြီး ၃-၄ယောက်ရယ်၊ တခါမှမတွေ့ဖူးတဲ့ မျက်နှာထားတင်းတင်းနဲ့ လူတချို့ရယ် ထိုင်နေ ကြတာကို တွေ့ရပါတယ်။ အဖေနဲ့အမေကလည်း မျက်နှာမသာကြပါဘူး။ ဒါနဲ့ ကျနော်လည်း အခြေအနေကို ချက်ခြင်းရိပ်မိလိုက်ပါတယ်။ ကျနော်ရောက်တော့ ကျနော့်အဖေက ကျနော့်ကို- "ငါ့သားအခန်းကို နည်းနည်းရှာချင်လို့တဲ့" လို့ပြောပါတယ်။ အဖေပြောပြီးတာနဲ့ပဲ အဲဒီလူတွေ အားလုံး မတ်တပ်ထရပ် လိုက်ကြပါတယ်။ ကျနော်က နောက်ပြန်လှည့်လိုက်တာနဲ့ အားလုံးအပေါ်တက်တဲ့ လှေကားဆီ ထွက်လာကြပါတယ်။ အိမ်သားတွေပါပေါင်းရင် ၁ဝ ယေက်လောက် လူအုပ်ကြီးပါ။ လှေကားပေါ်တက်ရင်း တယောက်က ကျနော့်ကို "ပြီးရင်မေးချင်မြန်းချင်တာလေးတေရှိလို့ ကျနော်တို့နဲ့ လိုက်ရအောင် အိပ်ရာလိပ်နဲ့ အဝတ်အစားလည်း ပြင်ပါ" လို့ပြောပါတယ်။ ကျနော်နဲ့ အမေက အတူတူ တက်လာတာမို့ အမေ့ကို ပြောတဲ့သဘောလည်း ဆောင်နေပါတယ်။
အဲဒီနောက်တော့ သူတို့ ကျနော့်အခန်းထဲမှာ ရှာကြတော့တာပါပဲ။ နို့ပေမဲ့အလွန်ကြီး ရုပ်ပျက်ဆင်းပျက် ရှာတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာ တခုခုကို အတိအကျ သတင်းရထားလို့ ရှာတာ ဟုတ်ဟန်မတူပါဘူး။ ကျနော်နဲ့အမေက အခန်းအပြင် တံခါးဝနားမှာ ရပ်နေပါတယ်။ အဲဒီတုန်းက ကျနော့်ညီ ဘိုညိုအိမ်မှာ မရှိပါဘူး။ ခရီးသွားနေပါတယ်။ ကျနော့်အမနဲ့ နှမတို့ ရှိကြပါတယ်။ သူတို့လည်းပဲ ကျနော့်အနားမှာ ရှိကြပါတယ်။ ကျနော့်အဖေကတော့ အောက်ကဧည့်ခန်းထဲမှာ လာဖမ်းတဲ့ ထောက်လှမ်းရေးဗိုလ်မှူးကို ဧည့်ခံစကားပြောနေခဲ့တယ်လို့ ယူဆရပါတယ်။ ကျနော့် အပါးမှာ ရပ်နေတဲ့ နောက်တယောက်ကတော့ လာဖမ်းတဲ့ ထောက်လှမ်းရေးကလူပါ။ အသက် ၂ဝ နဲ့ ၃ဝကြား လောက်ရှိပါမယ်။ သူ့ခါးက ပုဆိုးထဲမှာ သေနတ်အတိုတလက်ကို ထိုးထားပါတယ်။ သူတို့ လှန်လှောရှာနေတာကို ကြည့်ရင်းကျနော်က မင်မပျက် မောင်းမပျက် အမေ့နားကိုကပ်ပြီး "ကျနော်ပြေးမှဖြစ်မယ်" (I must flee) လို့ အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ အနားက ထောက်လှမ်းရေးငနဲဟာ ဘာမှ ဂရုမထားတဲ့ ဟန်နဲ့ ရှာဖွေနေတဲ့ လူတွေဆီကိုပဲ ကြည့်နေပါတယ်။ ကျနော်တို့ ပြောတာကို သူနားမလည်တာ အမှန်ပါပဲ။ ဒီတော့အမေက "သူတို့မှာသေနတ်တွေပါတယ်" (They have guns) လို့ပြန်ပြောပါတယ်။ ဒီတော့ကျနော်က "ကျနော်သိတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တော့ ပြေးမှဖြစ်မယ်" (Yes, I know, But Imust flee at all cost) လို့ ထပ်ပြောလိုက်ပါတယ်။ သားအမိချင်းပြောတာဆိုတော့ ဒါလောက်ဆို လုံလောက်ပါပြီ။ ပြောလို့သာ ပြောတယ် ကျနော်နဂိုက စဉ်းစားထားတဲ့ ထွက်ပြေးတဲ့နည်းလမ်းတွေက ပိတ်နေသလောက် ဖြစ်နေပါတယ်။ ကျနော်ပြင်ထားတာက ၁၉၆၆ ခုနှစ်တုန်းက ကျနော့်ကို ဖမ်းသလို ညမှာ ဖမ်းလာခဲ့ရင်၊ ကျနော်က လက်ဦးခဲ့ရင် ဆိုတာမျိုးတွေပါ။ အခုတော့ အိမ်သာထဲရောက် နေတဲ့လူဟာ ဘယ်လိုမှ လက်မဦးနိုင်ပါဘူး။
အဲဒီနောက်မှာ ကျနော့်အခန်းထဲက သိမ်းယူတဲ့ စာအုပ်တွေနဲ့အတူ ကျနော့်ကို အောက်ထပ်ကို ခေါ်သွားပါတယ်။ ခုနက ဧည့်ခန်းဆီ ပြန်ခေါ်သွားတာ ဖြစ်ပါတယ်။ အဆင်းမှာ ကျနော်က အမေ့နားကပ်ပြီး ကျနော်တို့တိုက်ရဲ့ တောင်ဘက်က တံခါးပေါက်ကို ဖွင့်ထားပေးဖို့ ပြောလိုက်ပါတယ်။ ကျနော်တို့ အိမ်က ဂ၄လမ်းနဲ့ ၃၃လမ်းထောင့်မှာဆိုတော့ နှစ်မျက်နှာရှိတဲ့ အဆောက်အဦလိုဖြစ် နေပါတယ်။ အနောက်ဖက်မျက်နှာမှာ အဓိက တံခါးပေါက်ကြီးဖြစ်ပြီး တောင်ဖက်မျက်နှာစာမှာတော့ တံခါးပေါက် သေးသေးတခုနဲ့ ကားဂိုဒေါင် ရှိပါတယ်။ အဲဒီအချိန်က အဲဒီတခါးပေါက်ဟာ အဝင်အထွက် မရှိသလောက် နီးပါးမို့ ဘာဂျာတံခါးကို အမြဲလိုလို ကြေးဝါသော့ခလောက်ကြီးတလုံးနဲ့ ခတ်ထားပါတယ်။ နောက်ပြီး အဲဒီသော့ဟာ အမေ့ဆီမှာပဲ ရှိပါတယ်။
အောက်ပြန်ရောက်တော့ သူတို့က နဂိုနေရာတွေမှာ ပြန်ဝင်ထိုင်ကြပြီး ကျနော့်ကို ဧည့်ခန်းအဝင် တံခါးပေါက်မှာ ထိုင်စေပါတယ်။ ခုနက ထောက်လှမ်းရေးက လူက ကျနော့်ဘေးမှာ ကပ်လျက်ထိုင်ပါတယ်။ အခန်းလယ်မှာတော့ ရပ်ကွက်လူကြီးတွေဟာ ကျနော့် အခန်းထဲက သိမ်းလာတဲ့ပစ္စည်းတွေ (အများအားဖြင့်စာအုပ်တွေ) ကို စာရင်းပြု နေပါတယ်။ ကျန်တဲ့လူတွေကတော့ ထိုင်ကြည့်နေ ကြပါတယ်။ စာအုပ်တွေထဲမှာ မော်စီတုန်း လက်ရွေးစင်ကျမ်းတွေ ပါပါတယ်။
ဒီနေရာမှာ အခန်းဖွဲ့စည်းပုံကို နည်းနည်းပြောဖို့လိုပါတယ်။ ကျနော်တို့ အိမ်အပေါ်ကို တက်တဲ့ လှေကားဟာ အဖေ့အလုပ်ခန်းထဲမှာ ရှိပါတယ်။ အဖေ့အလုပ်ခန်းနဲ့ ဧည့်ခန်းက ကပ်လျက်၊ ဆက်လျက်ပါ။ အကြားမှာ နံရံတခုနဲ့ တံခါးပေါက်တခု ရှိပါတယ်။ အဖေ့ အလုပ်ခန်းရဲ့ တဖက်မှာက အခန်းငယ်တခုရှိပြီး နောက်ဖေးပေါက်က အဲဒီအခန်းကနေ ထွက်ရတာ ဖြစ်ပါတယ်။ နောက်ပြီး အဖေ အလုပ်လုပ်တဲ့ စာပွဲပတ်လည်မှာ စာအုပ်တွေ ထည့်ထားတဲ့ လူတရပ်ကျော်မြင့် မှန်ဘီဒိုကြီးတွေ ရှိပါတယ်။ ဒါကြောင့် ကျနော့်နဲ့ အဲဒီ ထောက်လှမ်းရေးကလူ ထိုင်နေတဲ့ နေရာကနေကြည့်ရင် အဖေ့အလုပ်စာပွဲကိုလည်း မမြင်ရ၊ တဖက်ခန်းကို ကူးတဲ့တံခါးကိုလည်း မမြင်ရပါဘူး။ အဲဒီတဖက်ခန်းမှာ အပြင်ထွက်ဖို့ တံခါးဖွင့်ထားတယ် ဆိုတာကတော့ ပိုမဖြစ်နိုင်ပါဘူး။
အပေါ်က ဆင်းလာကြတော့ အမေက နောက်ကနည်းနည်းချန် လိုက်လာပါတယ်။ နောက်ပြီးမှ စာအုပ်ဘီဒိုကြီးတွေနောက် ဝင်လိုက်ပြီး ဘာဂျာတံခါးသော့ကို သွားဖွင့် လိုက်တာပါ။ အဲဒီနောက်မှာ သူက ဧည့်ခန်းဆီကို ပြန်လာပြီး ကျနော့်ကို ခေါင်းတချက် ငြိတ်ပြ လိုက်ပါတယ်။ ဖွင့်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ ပြီးမှ သူဟာ ဧည့်ခန်းထဲက သူ့နဂို နေရာမှာ ဝင်ထိုင်နေပါတယ်။
ကျနော်က ကျနော့်နှမကို အစာအိမ်ဆေးသောက်ဖို့ ဆေးနဲ့ရေတခွက် သွားယူခိုင်း လိုက်ပါတယ်။ ဒါကို အားလုံးကမြင်သိကြ ပါတယ်။ သူက အပေါ်ထပ်ကိုတက်သွားပါတယ်။ ခဏကြာလို့ ကျနော့်နှမက မလာတော့ ကျနော်က "ဒီကောင်မလေးကလည်းကြာ လိုက်တာ" လို့ အားလုံးကြားအောင် ညည်းပြီး သူ့နောက်လိုက်ဖို့ ဟန်ပြုလိုက်ပါတယ်။ ဘေးက ထောက်လှမ်းရေးဟာ ဝေးဝေးသွားမယ် မထင်လို့ထင်ပါရဲ့ သူ့နေရာကပဲ ထိုင်ကြည့်နေပါတယ်။ ကျနော် မှန်ဘီဒိုကြီးတွေ နောက်ကွေ့ဝင်လိုက်တာဟာ ဘာဖြစ်နိုင် တယ် ဆိုတာ သူဘယ်လိုမှ တွက်မိဟန်မတူပါဘူး။ ကျနော်က အဲဒီ နောက်ဖေးပေါက်ကနေ တစွတ်ထဲ ထွက်ပြေးသွားတာက ကျနော့်ဘဝတခုလုံး အပြောင်းလဲကြီး ပြောင်းလဲသွား တော့တာပါပဲ။
ကျနော်အရှေ့မြောက် အခြေခံဒေသကိုရောက်တော့ မန္တလေးမြေအောက်လုပ်ငန်းက လာတဲ့ လူနဲ့တွေ့ပါတယ်။ ကျနော်နဲ့ လုပ်ဖော်လုပ်ဖက်ဟောင်း၊ သူငယ်ချင်းဟောင်းပါ။ သူ့ကို ပါတီဗဟိုကနေ တချို့လုပ်ငန်းတွေ မှာလိုက်ရာမှာ ကျနော်ကတဆင့် မှာခိုင်းပါတယ်။ ဒီအခါမှာ သူကလည်း မန္တလေးမှာကျန်ခဲ့၊ ဖြစ်ပျက်ခဲ့တာတွေပြောပြရင်း ကျနော့်အတွက် အင်မတန်စိုးရိမ်ခဲ့ကြကြောင်း ပြောပြပါတယ်။ ကျနော်ကလည်း ကျနော်ဘယ်လိုလွတ်ထွက် လာတယ်ဆိုတာတွေ သူ့ကိုပြောပြပါတယ်။ လူရင်းတွေမို့ပါ။ အမေ့ကြောင့် လွတ်လာပုံကို လည်း ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ မန္တလေးယူဂျီတခုလုံးနီးပါး အဖမ်းခံ ရတော့ ဒီလူလည်း ပါသွားပါတယ်။ သူကအကုန်ဖော်၊ အကုန်ဖောက်ပါတယ်။ ဒါကြောင့် စစ်အစိုးရဟာ ကျနော့်အမေပါဝင်တဲ့အခန်းကို သိသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ အမေ့ကို စစ်အစိုးရက ညှိုးစရာ ကိစ္စတခုတိုးသွားတာပါပဲ။
ဒီဖြစ်စဉ်တခုလုံးမှာ ကျနော်၊ ကျနော့်မိဖ၊ ကျနော့်အမနဲ့နှမ၊ လာဖမ်းတဲ့လူတွေ- ထောက်လှမ်းရေး၊ အက်စ်ဘီနဲ့ ရပ်ကွက်လူကြီးတွေ၊ တဦးစီ-တဦးစီမှာ ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ်နေကြမယ်ဆိုတာ ပြန်စဉ်းစားလိုက်ရင် အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းမှာပါ။ စာဖွဲ့ရင် စာတအုပ်များ ရမလားပါ။ ကျနော်အတိအကျ သိတာကတော့ ကျနော်တဦးတည်း ရင်ထဲကခံစားချက်ကို သာပါပဲ။ ပြောရရင် အဲဒီအချိန်က ကျနော့် ခေါင်းထဲမှာ အလုပ်သဘော စဉ်းစားနည်းက လွှမ်းမိုးနေပါတယ်။ ဆိုလိုတာ ဘယ်လို လွတ်အောင်ထွက်ရမလဲ၊ ဘယ်သူ့ဆီက ဘာသတင်းပေါက်သလဲ၊ သူတို့ ဘာတွေသိထား သလဲ စတာတွေပါပဲ။ တခြားဘာမှ တွေးမနေနိုင်ပါဘူး။
ညမှာ မန္တလေးမြို့က ခွာပြီဆိုတော့မှပဲ ကိုယ့်ခံစားချက်ဖက် အာရုံလှည့်မိပါတယ်။ ပထမဆုံး ခေါင်းထဲမှာ ပေါ်လာတာက မာတာပီတု ဂုန္တောအနန္တော ဆိုတာပါပဲ။

အိမ်က ထွက်လာပြီးနောက် ကျနော်တညလုံး ခရီးနှင်ပါတယ်။ အဲဒီတုန်းက ကျနော့် စဉ်းစားနည်းက မန္တလေးမြို့ နယ်နိမိတ်ထဲကနေ အမြန်ဆုံးထွက်ခွာဖို့၊ လက်နက်ကိုင်တော်လှန်ရေးဒေသထဲ၊ အထူးသဖြင့် ကျနော်တို့ ပါတီရဲ့ လက်နက်ကိုင်ဒေသတခုခုထဲကို အမြန်ဆုံး ရောက်ဖို့ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျနော့် အတွက် ဘာမှ တွေဝေနေစရာ၊ ဝေခွဲမရ ဖြစ်နေစရာ မရှိပါဘူး။ ရဲ မင်းဖြစ် ဆိုတဲ့လမ်းကိုပဲ လိုက်ရတော့မှာပါ။
ကျနော် ဒီလိုထွက်ပြေး လွတ်မြောက
်လာတဲ့အတွက် ထောက်လှမ်းရေးဟာ အင်မတန် အခဲမကြေ၊ အသေရှာလိမ့်မယ် ဆိုတာကို တွက်မိလို့ ကျနော်တို့ ယူဂျီက လူတွေပို့နေတဲ့ မြောက်ပိုင်းလမ်းကို အသုံးမပြုပဲ သွားနေကျ၊ သုံးနေကျ မဟုတ်တဲ့ လမ်းကြောင်းကနေ သွားမယ်လို့ စဉ်းစားပြီး ရှမ်းပြည်တောင်ပိုင်း ကျောက်ဂူဒေသ (၁ဝ၈စစ်ဒေသ) ကို ရည်မှန်းချက်ထား ထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်ဟာ နောက်တနေ့ ညနေစောင်း (၃၁-၈-၇၆) မှာ တောင်ကြီးကို ရောက်ပါတယ်။ ကျနော်နဲ့အတူ ဘော့လုံးလောကမှာ အင်မတန်ခင်ခဲ့တဲ့ ကိုတော်ဝင်း ပါလာပါတယ်။ သူက နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဘာမှမသိ၊ ဘာမှလည်း စိတ်မဝင်စား၊ ဘာမှလည်း မလုပ်ဖူးသူပါ။ ကျနော် အကူအညီ လိုတယ်ဆိုလို့ အကုန်စီစဉ်ပြီး လိုက်ပို့တာ ဖြစ်ပါတယ်။
ကားပေါ်က ဆင်းဆင်းချင်းတွေ့တဲ့ တက္ကစီ
ဆရာတယောက်ကို မေးလိုက်ပါတယ်။ ကျနော် လမ်းပေါ်မှာ ကြာကြာရပ်နေရင် တယောက်ယောက်က တွေ့သွားမှာ စိုးလို့ပါ။ "ခေါင်းတခေါင်းလုံးဖြူနေတဲ့ တက္ကစီ မောင်းတဲ့ ဦးထွန်းမြင့်လေးအိမ်ကို သိသလားဗျ။" မသိဘယ်သူ ရှိပါ့မလဲ။ ကျနော်ရှာတဲ့ ဦးထွန်းမြင့်လေး ဆိုတာက ရှမ်းပြည်နယ်ရဲ့ ဒုတိယ ကမ္ဘာစစ် ဒီဖက် နိုင်ငံရေးမှာ အင်မတန်တက်ကြွ၊ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တဦးပါ။ ပင်လုံစာချုပ် ဖြစ်ပေါ်ရေးမှာလည်း အရေးပါတဲ့ အခန်းက ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၆၂ခုနှစ်မှာ ဗိုလ်နေဝင်းတို့ အာဏာသိမ်းတော့ စော်ဘွားတွေနဲ့အတူ အဖမ်းခံရပြီး ဗိုလ်နေဝင်းက ရန်ညှိုးနဲ့ နောက်ဆုံးမှ လွှတ်ပေးတာခံရသူ ဖြစ်ပါတယ်။ ထောင်ထဲမှာပဲ သူ့ ခေါင်းတခေါင်းလုံး ဖြူသွားတာ ဖြစ်ပါတယ်။
သူ့အိမ်ကို ကျနော်ရွေးရတဲ့ အကြောင်းကိုလည်း ပြောပြသင့်
တယ်ထင်လို့ နည်းနည်းရေး ပြပါ့မယ်။ ပထမဆုံး စရေးသင့်တာက သူတို့ မိသားစုနဲ့ ကျနော်တို့ မိသားစုရဲ့ ထူးထူးခြားခြား နှောင်တဲနေတဲ့ သံယောဇဉ်ပါ။ ကျနော့်အဖွားနဲ့ ကြီးဒေါ်က ဆေးလိပ်လုပ်ငန်း လုပ်သူတွေဆိုတော့ အဲဒီတုန်းက ဗမာပြည်မှာ တခုတည်းသော သနပ်ဖက်ထွက်ရာ ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ အဆက်အသွယ်များ ပါတယ်။ အဲဒီလိုနဲ့ သနပ်ဖက် ပွဲစားကြီးတွေဖြစ်တဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးသူ တဦးဖြစ်တဲ့ ဦးခွန်ထီးတို့လို ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးခဲ့ ပါတယ်။ နောက်ပြီး ရှမ်းပြည်နယ်က လူတွေဟာ ဘုရားဖူး အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မန္တလေးကို မကြာခဏ ဆင်းလာနေကြတာပါ။ အဲဒီလိုနဲ့ အသွားအလာတွေများ၊ ကိုယ့်အိမ်သူတည်း၊ သူ့အိမ်ကိုယ်တည်းနဲ့ ပိုရင်းနှီးလာကြတယ် ထင်ပါတယ်။ နောက်တော့ ဦးခွန်ထီးလို လူတွေကတဆင့် လူထုမောင်နှံဟာ ရှမ်းပြည်နယ်က နိုင်ငံရေးသမားတွေနဲ့လည်း ရင်းနှီးလာခဲ့ ကြပါတယ်။ အဲဒီအထဲမှာ အရင်းနှီးဆုံးက လူထုသတင်းစာနဲ့ ဂျာနယ်မှာ အယ်ဒီတာလုပ်သွားတဲ့ သူရ(ရှမ်းပြည်) ခေါ် ဦးထွန်းဖေနဲ့ ဦးထွန်းမြင့်လေး တို့ လို့ဆိုရင် မမှားပါဘူး။
ဒီလိုနဲ့ ဦးထွန်းမြင့်လေးနဲ့ သူ့ဇနီး ဒေါ်(ဒေါ်)စောအုန်းကြူတို့ မိသားစုဟာ ကျနော်တို့ မိသားစု အဖို့ သာမန်ဆွေးမျိုးထက်မက ရင်းနှီးတဲ့ မိသ
ားစုတစု ဖြစ်လာပါတယ်။ ဦးထွန်းမြင့်လေး ထောင်ထဲရောက်နေတဲ့ ကာလတွေမှာ ဒေါ်ဒေါ်စောအုန်းကြူဟာ နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်ရောက်ရင် ကလေးတွေကို ခေါ်ပြီးမန္တလေးကို ဆင်းလာလေ့ ရှိပါတယ်။ သူတို့ ကလေးတွေဟာ ကျနော့်ထက် နည်းနည်းငယ်ပါတယ်။ ဒါပေမဲ့ ကစားဖော် ကစားဖက် လုပ်လို့ရပါတယ်။ နောက်ပြီး ရှမ်းပြည်တောင်ပိုင်းက အစားအစာတွေကိုလည်း ဒေါ်ဒေါ်က မှန်မှန်ပို့ပေးလေ့ ရှိပါတယ်။ ကျနော် ကောင်းကောင်း မှတ်မိနေပါတယ်။ အဲဒီတုန်းက နေ့ခင်း ၃နာရီ၊ ၄နာရီ လောက် ကျနော်တို့အိမ်ရှေ့မှာ မေမန်းကားကြီး ရပ်ပဟဲ့ဆိုရင် ကားပေါ်က သူတို့မိသားစုတွေ ဆင်းလာ၊ ဒါမှမဟုတ် သူတို့ပို့လိုက်တဲ့ ခေါပုတ်၊ ထောပတ်သီး၊ သဇင်ပန်း စတာတွေ ယူလာတာပါပဲ။ ပို့လာတာက နည်းနည်း မဟုတ်ပါ၊ တောင်းကြီး တောင်းငယ်နဲ့ ဖြစ်ပါတယ်။
ကျနော် ထောင်ကထွက်လာတော့၊ အဲဒီအချိန်မှာ ဦးလေးဦးထွန်းမြင့် ထောင်ကထွက်လာတာ ၂နှစ်-၃နှစ်လောက် ရှိပါပြီ။ ကျနော့်ကို ဒေါ်ဒေါ်စေ
ာအုန်းကြူက တောင်ကြီးကနေ တမင်တကာ လာတွေ့ပါတယ်။ ကျနော့်ကိုမြင်တော့ တံခါးပေါက်မှာရပ်ပြီး မျက်ရည်တွေ တွေတွေစီးကျရင်း ပြုံးကြည့်နေတဲ့ ဒေါ်ဒေါ့်ပုံဟာ ဒီနေ့အထိ ကျနော့်မျက်စိထဲက မထွက်ပါဘူး။ ကျနော့်ကို အဲဒီလို တမင်လာတွေ့ပြီး မျက်ရည်ကျသူတွေရဲ့ နောက်နှစ်ဦးက ကျောက်ဆည်က (သခင်တင်ရွှေ့ဇနီး) ဒေါ်မြရီနဲ့ ရွှေဘိုဒေါ်မိမိကြီးပါ။ သူတို့သားတွေက ကျနော်နဲ့ အင်မတန်ကိုရင်းတဲ့ တက္ကသိုလ်ကျောင်းနေဘက်တွေ ဖြစ်ပါတယ်။
ဦးလေးဦးထွန်းမြင့်၊ ဒေါ်စောအုန်းကြူတို့အ
ိမ်ကို ကျနော်သွားတဲ့ တခြားအကြောင်းရင်းတခုက သူတို့ရဲ့ ဒုတိယသားဖြစ်တဲ့ ကျနော်တို့အခေါ် ညီညီ (နာမည်ရင်းက စိုင်းဇေယျအောင်) ဟာကျနော်ထောင်ထဲမှာ ရှိတုန်းက ရလလဖအဖွဲ့ရဲ့ လက်နက်ကိုင် တော်လှန်ရေးထဲကို လိုက်သွားပြီး ဆီဆိုင်ကားလမ်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့ ပါတယ်။ သူဦးစီးတဲ့ ဒီတိုက်ပွဲမှာ ရန်သူအားလုံးကို ချေမှုန်းပြီးလို့ တိုက်ပွဲပြီးတဲ့ နောက်ကျမှ စစ်မြေပြင်ကို တက်ရှင်းတုန်းမှာ ဒဏ်ရာနဲ့လဲနေတဲ့ ရန်သူစစ်သားတယောက်က လဲနေရာကနေ ခေါင်းဆောင် ဖြစ်လောက် တယ်လို့ မှန်းပြီးပစ်လိုက်တာနဲ့ ကျဆုံးသွားတာပါ။

ဒါကြောင့် နိုင်ငံရေးအစဉ်အလာကြီးတဲ့ ဦးလေးဟာ ကျနော့်အတွက် လမ်းရှာပေးမယ်လို့ ယူဆပြီး သူတို့ဆီကို တန်းပြေးတာ ဖြစ်ပါတယ်။ ကျနော်က သူတို့ကို အခြေအနေအားလုံး ပြောပြပြီး ကျနော် ဖြစ်ချင်တာကိုလည်း ပြောပြလိုက်ပါတယ်။ ဒီတခါတော့ ဒေါ်ဒေါ် မျက်ရည်မကျအားတော့ပါဘူး။ ချက်ခြင်းပဲ ကျနော့်အတွက် ထမင်းချက်ပါတော့တယ်။ ဦးလေးကတော့ အပြင်ကိုထွက်သွားပြီး အဆက်အသွယ်၊ နည်းလမ်း ရှာဖွေပါတယ်။

သိပ်မစောင့်လိုက်ရပါဘူး။ ညမှောင်ကာစမှာပဲ ဦးလေးပြန်ရောက်လာပါတယ်။ "ရပြီကွာ၊ မင်းမနက်ဖန် ထွက်ရမယ်" တဲ့။ ဘယ်ကိုလဲလို့ ကျနော်က အားတက်သရော မေးလ
ိုက်တော့ "နက်ဖန်မှာ ပအို့အမျိုးသား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်စိန်တို့ဆီကို သွားမယ့် စိတ်ချရတဲ့ လူကြုံရှိတယ်။ မင်းကိုသူက ဦးကျော်စိန်ဆီကို ခေါ်သွားလိမ့်မယ်" တဲ့။
"ဟာ၊ အဲဒီအဖွဲ့ဟာ ကျနော်တို့ပါတီနဲ့ တိုက်နေတဲ့ အဖွဲ့ပဲ၊
ဘယ်ဖြစ်မလဲ" လို့ စိုးရိမ်တကြီး ပြန်ပြော လိုက်တော့
သူက-
"မင်းကလည်းကွာ။ ကိုကျော်စိန်ပဲ၊ တခြားလူမှတ်လို့။ သူက ဦးလှဒေါ်အမာသားကို ဘာမှမလုပ်ပါဘူးကွ။ သူမန္တလေး ထောင်ထဲမှာ နေရတုန်းက မင်းတို့အိမ်က အကူအညီပေးခဲ့တဲ့
ကျေးဇူးတွေကို သူမမေ့ပါဘူးကွ၊ မင်းအဲဒီမှာ အရင်သွားနေ၊ နောက်မှ မင်းသွားချင်တဲ့ ကွန်မြူနစ်ပါတီ လက်နက်ကိုင်ဒေသကို သွားနိုင်အောင် ငါတို့ အဆက်ရှာပြီး ဆက်ပေးမယ်" လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ငါးဆယ်စုနှစ်များအတွင်း
ဦးကျော်စိန်ထောင်ထဲ ရောက်နေတော့ ကျနော့်အမေက လက်ဆောင်ပစ္စည်းလေးတွေနဲ့ ထောင်ဝင်စာသွား တွေ့လေ့ရှိပါတယ်။ နောက် ဦးကျော်စိန်ထောင်က လွတ်လာတော့ သူ ရှမ်းပြည်နယ်ကို မပြန်ခင် ကျနော်တို့အိမ်မှာ ၃-၄ ည အိပ်သွားတာကို ကျနော် မှတ်မိနေပါတယ်။ သူက အသားဖြူဖြူ၊ နဖူးကျယ်ကျယ်၊ စကားနည်းနည်းပါ။
ဒါနဲ့ပဲ ဒီအစီအစဉ် အတည်ဖြစ် သွားပါတယ်။
ကျနော်ကတော့ ဘာမှထူးထူးထွေထွေ စဉ်းစားမနေတော့ပဲ သွားရိုးသွားစဉ်ခရီး၊ လုပ်ရိုးလုပ်စဉ် အလုပ်လို သဘောထားပြီး လက်ခံလိုက်ပါတယ်။ ဒေါ်ဒေါ်က ကျနော့်ကို စောစောအိပ်ခိုင်းပါတယ်။ ကျနော် ကလည်း ဒိအရင်တညက လုံးဝမအိပ်ခဲ့ရတာမို့ အိပ်ရာပေါ်တက်လှဲလိုက်တာ မနက်မှာ သူတို့လာနှိုးမှ နိုးပါတော့တယ်။ ဒေါ်ဒေါ်က ညတုန်းက သူချုပ်ထားတဲ့ ဧရာမလွယ်အိတ်ကြီး တလုံးကို လာပေးပါတယ်။ အလွယ်တကူ ရှိတဲ့ မီးခိုးရောင်ဖျင်စနဲ့ ချုပ်ထားတာပါ။ အဲဒီခေတ်က အခုလို ဘက်ခ်ပက်ခ် (ကျောပိုး အိတ်တွေ) မရှိသေး၊ ခေတ်မစားသေးပါဘူး။
နောက်တနေ့မနက်ကျတော့ ကျနော်လည်း ဒေါ်ဒေါ်ကို နှုတ်ဆက်ပြီး ချာကနဲ လှည့်ထွက်လာခဲ့ပါတယ်။ သူမျက်ရည်ကျတာ၊ ဝမ်းနည်းစကားတွေ ပြောတာတွေ မမြင်ချင်လို့ပါ။ ဦးလေးက ကျနော့်ကို ကားဆိပ်ကို လိုက်ပို့ပါတယ်။ တောင်ကြီးမြို့လယ်ခေါင်က ဂျစ်ကားလေးတွေပါ။ အဲဒီမှာ ကျနော်နဲ့ အတူသွားမယ့်လူ ၂ဦးက ရောက်နှင့် နေပါတယ်။ ဦးလေးက ကျနော့်ကို သူတို့ လက်အပ်ပြီး ဘာမှ ထွေထွေထူးထူး မပြောတော့ပဲ ပြန်သွားပါ တယ်။ သူကလည်း စကားနည်းသူလေ။
ကျနော်တို့က ကားနဲ့အဆုံးအထိ မလိုက်ပဲ လမ်းမှာဆင်းပါတယ်။ နောက်ပြီးကျတော့ တောင်ပေါ်ကို တက်တော့တာပါပဲ။
တောင်ဆိုတဲ့အတိုင်း တောင်ရဲ့သဘာဝ၊ တောင်ရဲ့အလှတွေ လွှမ်းမိုးနေတဲ့ နေရာတွေပေါ့။ မိုးရွာပြီးစ၊ ဒါပေမဲ့ တခါတခါ မှာတော့ မိုးစက်လေးတွေကျတာ မှတ်မိနေပါတယ်။ တောပန်းတွေ၊ စိုက်ခင်းတွေ၊ သနပ်ဖက်ခြံ တွေနဲ့ တတောလုံးစို၊ တတောင်လုံး စိမ်းနေတာပါ။ တခါတရံမှာ တိမ်သားတွေဟာ တံချူနဲ့ ချူယူလိုက်ရင် ရတော့မတတ် နိမ့်နိမ့်လေး မျောစီးနေတာလည်း တွေ့ရပါတယ်။ ပတ်ဝန်းကျင် တခုလုံးဟာ လှချင်တိုင်းလှ နေတယ်လို့ပဲ ဆိုကြပါစို့။ မိုးတိတ်ခါစ အချိန်မို့ ငှက်သံလေးတွေကလည်း ပိုမြိုင်ပါတယ်။ ဘာငှက်တွေ မှန်းတော့ ကျနော်မသိပါ။
ဒီကြားထဲမှာ အင်မတန် နားစိမ်းပေမဲ့ အင်မတန်သာယာတဲ့ ဆွဲဆွဲငင်ငင် ဟစ်ကြွေးသံတခုကို စူးစူးရှရှ ကြားလိုက်ရပါတယ်။ ကျနော့်စိတ်ထဲမှာ ဘယ်လိုခံစားလိုက်ရတယ်ဆိုတာ ပြောတောင် မပြောတတ်လောက် အောင်ဖြစ်သွားပါတယ်။ ဆန်းလိုက်တဲ့ အသံလို့သာ အောက်မေ့မိလိုက်ပါတယ်။ ရိုးရာတေးသံဆို ဖြစ်ရမယ်လို့ လည်း တွေးမိပါတယ်။ အသံက လူသံပါ။ ဒါပေမဲ့ ဒီအသံဟာ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ စိမ်းလန်းစိုအိ နေတဲ့ သဘာဝအလှဘုံနဲ့ ခွဲမရတဲ့ အစိပ်အပိုင်းတခုလို ထင်မှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒါဟာ ငါတို့ လူစိမ်းတွေ ဝင်လာ၊ ရောက်လာကြောင်း တနေရာနဲ့ တနေရာ အချက်ပေး အကြောင်းကြားတာလားလို့လည်း တွေးမိပါတယ်။ အကြောင်းက တနေရာက ဒီလိုဟစ်ကြွေးသံ ပေါ်လာပြီးတဲ့နောက် တခြားတောင်၊ တခြား တောင်စောင်းကလည်း ခပ်ဆင်ဆင် ဟစ်ကြွေးသံတွေ ပေါ်လာလို့ပါပဲ။ တခါတရံများဆိုရင် ပဲ့တင်သံတွေတောင် ပါနေတတ်ပါတယ်။ နောက်မှ သိရတာက ဒါဟာ ပအို့လူမျိုးတို့ရဲ့ ရိုးရာ 'ငေါက်တက်' တေးဖြစ်တယ် ဆိုတာပါပဲ။ လူငယ်တွေ သနပ်ဖက်ခြံတွေထဲမှာ အလုပ်လုပ်ကြရင်း အပြန်အလှန် အချီအချ၊ အတိုင်အဖောက်ဆိုကြတာ ဖြစ်ပါတယ်။ နားဝင်ပီယံ ရှိပါဘိတော့။
မှန်တာပြောရရင် အဲဒီအချိန်တုန်းက ကျနော့်ခေါင်းထဲမှာ ကျနော်တို့ဟာ ဦးကျော်စိန်နေတဲ့ ရွာတရွာ ကိုသွားနေတာ ဆိုတာကလွဲလို့ ရှေ့ရေးကို ဘာမှ မှန်းမရသလို စဉ်းစားတွေးတောနေတာလဲ လုပ်မနေတော့ပါ။ မဆလ ထောက်လှမ်းရေး လက်ကလွတ်တာ သေချာပြီဆိုတဲ့ အသိနဲ့ပဲ ခေါင်းထဲ၊ ရင်ထဲမှာ အတော်လေး ပေါ့ပါးနေတဲ့ သဘောရှိပါတယ်။ ဒီအဖွဲ့အစည်းကနေ တဆင့် ကျောက်ဂူဒေသမှာ ရှိတဲ့ ကျနော်တို့ ပါတီရဲ့ပျောက်ကြား အခြေခံဒေသကို အရောက်သွားမယ်လို့ပဲ ပြတ်ပြတ်သဘောပိုက် ထားလိုက်ပါတယ်။
ကားပေါ်က ဆင်းပြီးနောက် ၄-၅ နာရီ လောက်နေတော့ အတူပါတဲ့ လူတယောက်က ရှေ့က ကုန်းလေး ကျော်လိုက်ရင် ရွာကို ရောက်တော့မယ်လို့ ပြောလိုက်ပါတယ်။ ဒီတော့မှကျနော်လည်း တောင်တွေး မြောက်တွေး၊ သဘာဝရှုခင်းကို ခံစားနေတာတွေကနေ လက်တွေ့ အခြေအနေဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ကျနော့်ခေါင်း လှုပ်ရှားပါတော့တယ်။ တောင်ပေါ်ကရွာဆိုတော့ အတော့်ကို ဆင်းရဲ့ကြမှာပဲ။ သက်ကယ်မိုး ဝါးကပ် တဲတွေပဲများမှာ၊ သူတို့ ဥက္ကဋ္ဌနေရာ ရွာအနားကို ကပ်ပြီဆိုတော့ ကင်းပုန်းနဲ့များ တိုးနေအုန်း မှာလား၊ သူတို့တတွေ ကွန်မြူနစ်တွေကို သိပ်မုန်းနေကြသလား။ ကိုယ့်အမေးတွေနဲ့ကို လုံးလားထွေးလားနဲ့ တောင်စောင်း ပေါ်တက် လာတုန်းမှာ "ညာဖက်ကဟာ ရွာကဘုန်းကြီးကျောင်းပေါ့" တဲ့။ လှည့်ကြည့်လိုက်တော့- အမလေး၊ ဧရာမ တိုင်တရာကျောင်းကြီး။ ပျဉ်ထောင်ကာသွပ်မိုး ကျောင်းကြီး။ တမူးရလို့ တပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဆိုတာကို ပြေးသတိရမိတယ်။
အဲဒီလို ကျောင်းတော်ကြီးကို လည်တစောင်းစောင်း၊ ခေါင်းတလှည့်လှည့်နဲ့ ကြည့်ရင်း စုပ်သပ် လမ်းလျှောက်နေတုန်းပဲ
"ရှေ့ကဟာ ကျနော်တို့ရွာပဲ" တဲ့။
ဟာ။ တောင်စောင်းရှည်ကြီးတခုပေါ်မှာ ရွာသုံးရွာဆက်နေတယ်။ အားလုံး သွပ်မိုးတွေတဝင်းဝင်းနဲ့။ သွပ်မိုးမဟုတ်တဲ့ အိမ်ဟာ ရာခိုင်နှုန်း ၃ဝမှ ရှိပါ့မလား မသိဘူး။ အားလုံး ကျွန်းအိမ်ကြီးတွေ။ ဝါးကပ်အိမ်ဆိုလို့ ရှိလှ တရွာမှာမှ ၃-၄ အိမ်ပဲ။ အားလုံး ပအို့ရွာတွေ ဖြစ်ပါတယ်။
"အခုသွားမှာ ဘယ်ဖက်အဆုံးက ရွာပဲ" တဲ့။ ကြည့်လိုက်တော့ ရွာသုံးရွာထဲမှာ ဒုတိယအကြီးဆုံး၊ အိမ်ခြေ ၇ဝ-၈ဝ လောက် ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။
လမ်းဆုံးတော့ ရွာတွေ့ရမယ်ဆိုတာသိပေမဲ့ ဒါလောက်ကြီးတဲ့ သွပ်မိုးတဝင်းဝင်း ရွာဖြစ်လိမ့်မယ်လို့ ထင်မထားတာကိုတော့ ဝန်ခံရမှာပါ။ ဒီလိုနဲ့ မိုးလေး တဖြောက်နှစ်ဖြောက် ကျနေတဲ့ အကြားမှာပဲ ကျနော်တို့ အားတက်သရော တက်သွားကြတယ်။ လမ်းက နည်းနည်းတော့ ချော်တယ်။ ဒါပေမဲ့ မိုးတွင်းပေါင်း ရာပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ လမ်းမို့ လိုအပ်တဲ့နေရာမှာ မချော်အောင် ကျောက်တုံးတွေ၊ သစ်တုံးတွေ နဲ့ အထစ်တွေ လုပ်ထားတာ တွေ့ရပါတယ်။
တိုတိုပြောရရင် ကျနော်တို့ ဦးကျော်စိန်နေတဲ့ အိမ်ကို တန်းသွားကြပါတယ်။ အိမ်က တခြားအိမ်ကြီး တွေလိုပဲ ပျဉ်ကာသွပ်မိုး၊ ခြေထောက်အမြင့်နဲ့ အိမ်ကြီးဖြစ်ပါတယ်။ ရေနံချေးရောင်နဲ့ တောင်စောင်းမှာ အိနြေ္ဒ အပြည့်နဲ့ တည်ရှိနေတဲ့ အိမ်ကြီးပါ။ ကျနော်တို့ ဝင်သွားတော့ ဦးကျော်စိန်ဟာ အဲဒီဒေသက အိမ်တွေရဲ့ ထုံးစံအတိုင်း မီးလှုံလို့ရတဲ့ အခန်းအလယ်က မီးဖိုအထက်မှာ စာဖတ်နေတာ တွေ့ရပါတယ်။ သူက သူ့ရှေ့မှာ လာထိုင်တဲ့၊ လူစိမ်းတွေဖြစ်တဲ့ ကျနော်တို့ကို တချက်ကြည့်ပြီး ဘာမှမပြောပါဘူး။ အတူပါလာတဲ့ လူကိုပဲ ဘယ်လိုလဲဆိုတဲ့ သဘောမျိုးနဲ့ လှမ်းကြည့်ပါတယ်။ အတူပါလာတဲ့လူက သူ့ကို ပအို့စကားနဲ့ အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ သူပြောတဲ့ အထဲမှာ လူနာမည်တွေပဲ ကျနော်နားလည်လိုက်တာပါ။
ဒီတော့မှ သူက ကျနော့်ဖက်ကို လှည့်ကြည့်၊ ပြုံးပြီး "အော်၊ ခင်ဗျားက ဦးလှဒေါ်အမာ သားလား၊ ဒီမှာ ကြိုက်သလိုနေဗျာ" တဲ့။
မာတာပီတုဂုန္တော-အနန္တော။
ကျနော် အဲဒီကနေ ၁ဝ၈ စစ်ဒေသလို့ခေါ်တဲ့ ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် အခြေခံဒေသကို သွားနိုင်အောင် မြေအောက်လုပ်ငန်းကတဆင့် ဆက်သွယ်ပို့ပေးခဲ့ သူကတော့ သူကိုယ်တိုင် ကျနော်ရှိရာ တောင်ပေါ်ကို တက်လာပြီး ပြောပြတဲ့ ဦးခွန်ထီးဖြစ် ပါတယ်။ သူနဲ့ ဦးထွန်းမြင့်လေးတို့ရဲ့ ကျေးဇူးပါ။

မာယာမဂ္ဂဇင်းမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.