16 November 2009

ဒေါ်အောင်ဆန်းစုကြည်အမှု ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု တင်သွင်း

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တရားရုံးချုပ်သို့ ယမန်နေ့က တင်သွင်းလိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ပြောသည်။

အဆိုပါ ပယ်ချခံခဲ့ရသော အယူခံအတွက် နောက်တဆင့် အနေဖြင့် ယင်းပြင်ဆင်မှုကို တရားရုံးချုပ်သို့ တင်သွင်းရခြင်း ဖြစ်ကြောင်း ဦးကြည်ဝင်းက ဆိုသည်။

ဦးကြည်ဝင်းက “၂၀၀၉ခုနှစ် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှုနံပါတ် ၆၀၀-ခ/၂၀၀၉ လို့ နံပါတ် ပေးလိုက်တယ်၊ လက်ခံတယ်ဆိုတဲ့ အဆင့်က ဥပမာ ကျနော်တို့ဟာက ၆၀၀ဆိုတော့ ရှေ့ကတင်ထားတဲ့ တခြားအမှုတွေလည်း ရှိတယ်၊ အဲဒီအမှုတွေနဲ့ ကြားနာဖို့ရာ အစီအစဉ်ရှိတာပေါ့နော်၊ သောကြာနေ့တိုင်း အမှုခေါ်စာရင်းထွက်ပြီးတော့ ၁၄ ရက်စာ အတွက် အမှုတွေကို ချိန်းတယ်၊ မနေ့က သောကြာနေ့ ၁၄ ရက်စာမှာ မပါရင် နောက်သောကြာ ဆိုရင်ပါမှာပဲ၊ အဲသလိုသွားတယ်၊ မျှော်လင့်ချက်တော့ ထားတယ်၊ ဒါပေမယ့် အားသိပ်မရှိလှဘူး” ဟု ပြောဆို သည်။

dawsuu_nov09
သာမန်အားဖြင့် အမှုများတွင် အယူခံပိုင်ခွင့်ရှိကြောင်း၊ ခရိုင်တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်အတွက် အယူခံကို တိုင်းတရားရုံးသို့ တင်သွင်းခဲ့သော်လည်း  တိုင်းတရားရုံးက ပလပ်ခဲ့သောကြောင့် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု တင်သွင်းရခြင်း ဖြစ်ကြောင်း၊ ယခု အဆင့်သည် အယူခံ တင်သွင်းခြင်း မဟုတ်သေးကြောင်း၊ အဆိုပါ ပြင်ဆင်မှုကို တရားရုံးချုပ်မှ ပယ်ချခဲ့ပါက နောက်တဆင့် အနေဖြင့် အထူးအယူခံ ၀င်ခွင့်ပြုရန် လျှောက်လွှာ တင်ခွင့်ရှိကြောင်း ၎င်းကဆိုသည်။

ယင်းပြစ်မှုဆိုင်ရာ ပြင်ဆင်မှုတွင် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေပျက်သုဉ်းခြင်းနှင့် ပတ်သက်၍ အဓိကထား ရေးသား ထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ  ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် အယူခံဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.