14 November 2009

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးနှင့် တိုက်ရိုက်တွေ့ဆုံရန် တောင်းဆိုမည်


အထိန်းသိမ်းခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် မကြာမီ တောင်းဆိုမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
ယင်းသို့ တွေ့ဆုံရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ဒေါ်အောင်ဆန်းစုကြည်က စာတစောင် ထပ်မံပို့ဆောင် မည်ြဖစ်ကြောင်း၊ အဓိကဆွေးနွေးမည့် အကြောင်းအရာတွင် အနောက်နိုင်ငံများ၏ ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် ပါဝင်နိုင်ကြောင်း၊ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ် အမှုဆောင် CEC အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် တွေ့ဆုံခွင့် ပေးရန် တောင်းဆိုမှုလည်းပါဝင်နိုင်ကြောင်း သိရှိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ စီးပွားရေး အရေးယူပိတ်ဆို့မှုမှ စတင်၍ အကျပ်အတည်းဖြစ်နေသော မြန်မာ့ နိုင်ငံရေးလမ်းကြောင်းကို ဖွင့်ရမည်ဖြစ်သည်ဟု ပြောဆိုသည်။

“ဒီကနေ စတာပေါ့ဗျာ၊ ဒီကောင်နဲ့ ချိတ်ထားတာပေါ့၊ အဲသလိုပြောရင်ရတယ်၊ အဲဒါတော့ အပိတ်မခံဘူး၊ အဲဒါနဲ့ ဖွင့်ရမှာ၊ ကြေညာချက်ထွက်လာတဲ့အခါကြည့်လိုက်ပါ ၊ ကျနော်ပြောရင် ကျနော့်အမြင်ဖြစ်နေမယ်၊ ရှေ့အပတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ နိုင်ငံအတွက် ပြည်သူအတွက် အကျိုးရှိမယ့် အဆိုပြု ချက် တခုထွက်မယ်”ဟု ၎င်းက ပြောသည်။

ယင်းကြေညာချက်ထုတ်ပြန်မည့်ကိစ္စ နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သွားရောက်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ဗဟို အလုပ်အမှုဆောင် CEC သို့ တင်ပြဆွေးနွေး၍ သဘောတူညီပါက လာမည့် အင်္ဂါနေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းတွင် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီးပူးပေါင်းဆောင်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် စတင်ပေးပို့ခဲ့သည်။ စာတွင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်၊သြစတြေးလျနှင့် ယူကေနိုင်ငံ သံတမန်များနှင့်လည်း တွေ့ဆုံလို ကြောင်း တောင်းဆိုထားသည်။

ယင်းစာနှင့်ပတ်သက်၍ အောက်တိုဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်သည် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့်၂ ကြိမ်တွေ့ဆုံကာ အမေရိကန်၊သြစတြေးလျနှင့် ယူကေနိုင်ငံ သံတမန်များနှင့်လည်း တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် စစ်အစိုးရနှင့် ဆွေးနွေးရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးသည်။

စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဓာတ်ပုံအထောက်အထားများအရ ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး သုံးကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း သုံးကြိမ်စလုံးမှာ တွေ့ဆုံမှုသက်သက်သာ ဖြစ်ပြီး ဆွေးနွေးမှုများ ပြုလုပ်သည့်အဆင့်သို့ မရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူတွေ့ဆုံပြီး နိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းကြောင်း ရှင်းပြခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် ပြစ်ဒဏ် တ၀က်လျှော့၍ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲချမှတ်ထားသည်။

တချိန်တည်းတွင်ပင် ယမန်နေ့က လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ပါက နိုင်ငံတကာ အသိုင်း အ၀ိုင်းအနေနှင့် ယင်းရွေးကောက်ပွဲကို ယုံကြည်မှုကင်းမဲ့မည်ဖြစ်ကြောင်း မေရိကန် အစိုးရ က သတိပေး ပြောကြားထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ မျှတ သည့် ရွေးကောက်ပွဲဖြစ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိပြန်လွှတ်၍ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင် ၈၉ နှစ်မြောက် အမျိုးသားနေ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သ၀ဏ်လွှာတွင်“လွတ်လပ်သည့် နိုင်ငံတနိုင်ငံအနေဖြင့် မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ ၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဖော်ဆောင်နိုင်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းတပါးမှ ၀င်ရောက်စွက်ဖက် နှောင့်ယှက်မှုများကို အမျိုးသားရေး ဦးတည်ချက်များဖြစ်သည့် ဒို့တာဝန် အရေး သုံးပါးကို လက်ကိုင်ထားပြီး တားဆီးကာကွယ် ရမည်ဖြစ်ကြောင်း”ဟု ဖော်ပြထားသည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.