14 November 2009

ဗဟိုတရားရုံးက ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံကို လက်ခံ

ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် စီရင်ခဲ့သည်ကို ပြန်လည်ပြင်ဆင်ရန် အယူခံဝင် လျောက်လဲချက်ကို ဗဟိုတရားရုံးက ယနေ့ လက်ခံလိုက်သည်။

နေအိမ်အချုပ်ဒဏ် ၁ နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တိုင်းတရားရုံးတွင် အမှုကို အယူခံ တင်သွင်းခဲ့ရာ ပြီးခဲ့သည့်လ ၂ ရက်နေ့က ပယ်ချခဲ့၍ ယနေ့တွင်  ဗဟို တရားရုံးချုပ်သို့ တင်သွင်းခြင်း ဖြစ်သည်။

“ဒီနေ့ ၁၀ နာရီခွဲလောက်မှာ တရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ပြင်ဆင်မှု သွားတင်တယ်။ လက်ခံထားတယ်။ လက်ခံတယ် ဆိုတဲ့က ကျနော်တို့ကို အမှုနံပတ် ၆ဝဝ (ခ) ပေးလိုက်ပါတယ်။ ကျနော်တို့က လက်ခံပေးပါလို့ လျှောက်လဲလိုက်တယ်။”ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်ကြောင်းနှင့် အဆိုပါ အခြေခံဥပဒေအပေါ် တည်၍ တရားစီရင်ခြင်းမှာ မလျော်ကန်ဟု  အမှုပြင်ဆင်ချက်တွင် တင်ပြထားကြောင်း ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

“၇၄ ဖွဲ့စည်းပုံ မရှိတော့ဘူး။ ၁၉၈၈ ခုနှစ် ကတည်းက ၁၅ နှစ်ကျော်ပြီပေါ့။  မရှိတော့တဲ့ ဖွဲ့စည်းပုံကို ရပ်ဆိုင်းသွားပြီ၊ ချုပ်ငြိမ်းသွားပြီ ဖြစ်ပါလျက်နဲ့ အဲဒီထဲက ပုဒ်မထုတ်ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ကို အရေးယူ ကန့်သတ် ထားတာဟာ ဘယ်လို တရားဥပဒေနဲ့ ညီမှာလဲ။ သေနေတဲ့ ဥပေဒကို ထုတ်တာက တရားမဝင်ဘူးလေ”ဟု သူက ပြောသည်။

သြဂုတ်လ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်တွင်း မြောက်ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့ရာ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက  သက်ညာသောအားဖြင့်ဆိုကာ ပြစ်ဒဏ်ထက်ဝက်ကို ဆိုင်းငံ့ပြစ်ဒဏ် ထားပြီး နေအိမ်တွင် ပြန်လည် ချုပ်နှောင်ရန် ညွန်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်မည့် လူများဘေးမှ ကယ်တင်ရန် လာရောက်သည်ဆိုသော အင်လျားကန်ဖြတ်ကာ နေအိမ်သို့ ခိုးဝင်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို ဧည့်ခံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံခဲ့ရသည်။  နောက်ထပ် ဆက်တိုက် ချုပ်နှောင်၍ မရသော နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်ခါနီးတွင် အမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဂျွန်ယက်တောကိုတော့ လူသားချင်း စာနာသောအားဖြင့် ဆိုကာ စစ်အစိုးရက လွှတ်ပေးခဲ့သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.