15 November 2009

အပစ်ရပ်တပ်ဖွဲ့များနှင့် ဗိုလ်ချုပ်ရဲမြင့် မနက်ဖြန် လားရှိုး၌ထပ်တွေ့ဘို့ရှိ

သျှမ်းပြည်မြောက်ပိုင်းရှိ အပစ်ရပ်တပ်ဖွဲ့များနှင့်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်/ အသွင်ကူးပြောင်းရေးကော်မတီ ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်တို့ လားရှိုး၌ ထပ်မံတွေ့ဆုံမည်ဟု ရွှေလီသတင်းရပ်ကွက်က ပြောပါသည်။

“မနက်ဖြန်လားရှိုးမှာတွေ့ကြမယ်ပြောတယ်။ မြောက်ပိုင်း SSA ရယ် ၀ ရယ် အဓိကပေါ့” - ဟု အဆိုပါ ဆိုစ့် ကပြော၏။

နိုဝင်ဘာ ၁၄ ရက် မြောက်ပိုင်း SSA ခေါင်း ဥက္ကဌ စ၀်လွယ်မောဝ်း စ၀်ကိုင်ဖှ အပါအ၀င် အခြားခေါင်းဆောင်အချို့က ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် လားရှိုး၌တွေ့ဆုံမည်ဟု ရွှေလီဆိုစ့်က ပြောပါသည်။

ဗိုလ်ချုပ်ရဲမြင့်
“မြောက်ပိုင်း SSA ကလဲ အသွင်ပြောင်းရေးကို မိုင်းလားတို့လိုဘဲ မူအရလက်ခံထားတယ်။ တခြားအချက်တွေတော့ လက်မခံနိုင်သေးဘူး။ အခု ဗိုလ်ရဲမြင့်နဲ့တွေ့ရင် ဈေးဆစ်ကြည့်မယ်ပေါ့ဗျာ။ တင်ပြဖို့ အကြောင်းအရာ ၁၀ ချက်ကျော် ပြင်ဆင်ထားတယ်လို့ သိရတယ်” - ဟု အမည်မဖေါ်လိုသည့် လားရှိုးဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါ သည်။

ထို့အတူ ၀ ပြည်သွေးစည်းရေးပါတီ UWSP /၀ပြည်သွေးစည်းရေးတပ်မတော် UWSA ခေါင်းဆောင်ပိုင်းဖြစ်သည့် ကျောက် ၀င်ကွမ်း၊ ပေါဝ်းယျိုလျှန်၊ လီဇူးလျဲ့(ဦးအောင်မြင့်)၊ တာ့အိုက်လွန်း၊ ပေါဝ်းဆမ်ကတ် တို့လည်း ဒုဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် မြောက်ပိုင်း SSA ကဲ့သို့ လားရှိုး၌ နိုဝင်ဘာ ၁၄ ရက်တွင်သီးခြားတွေ့ဆုံမည်ဖြစ်ကြောင်း၊ တင်ပြဆွေးနွေးရန် အဓိက အကြောင်းရင်း ၅-၆ ချက် ပြင်ဆင်ထားကြောင်း ထိုင်းနယ်စပ်သတင်းကလည်းပြောပါသည်။

“ တာချီလိတ် ကျိုင်းတုံဘက်မှာ အခုတလော ကောဠာဟာဠ သတင်းထွက်နေတာက ဒီနှစ်ကုန်အထိ ဗမာတပ် ပေါ်လစီ အတိုင်း မလိုက်လျောရင် စစ်အင်အားသုံးပြီး တိုက်မယ်ပြောတယ် ”
- ဟု တာချီလိတ် မြို့သားတဦးက ပြောပြပါ သည်။

အောက်တိုဘာ၂၈ ရက် ဥက္ကဌကြီး ဦးစိုင်းလင်းခေါင်းဆောင်သည့် မိုင်းလားကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ်ရဲမြင့်တို့ ကျိုင်းတုံ၌တွေ့ဆုံစဉ် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စဆွေးနွေးရာ မိုင်းလားဘက်မှ ဆွေးနွေးဈေးဆစ်ရန် အကြောင်းအရာအချက်အလက်ပြင်ဆင်ထားသော်လည်း တခွန်းတပါဒမျှ ဖွင့်ဟခွင့်မရဘဲ၊ နယ်ခြားစောင့်တပ်သာ လုပ်ရန် ဗိုလ်ချုပ်ရဲမြင့်မှ တဘက်သတ်ဖိပြောခဲ့ပါသည်။

သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေးသုံးသပ်သူတဦးက - “ဗိုလ်ရဲမြင့်  ၀ နဲ့ SSA ကို လားရှိုးမှာတွေ့မယ်ဆိုတာက သူ့ဘက် အသာစီးရအောင်ပြင်ဆင်ထားတာဘဲ။ ပြောဆိုဆွေးနွေးမယ်ဆိုတာကလဲ ၀ ဘက်၊ SSA ဘက်ဘာမှဆွေးနွေးနိုင်မှာ မဟုတ် ဘူး၊ မိုင်းလားအဖွဲ့လို ဖိမပြောရင်တောင်မှ  ဦးတည်ချက်တူတဲ့အသုံးအနုန်းဘဲ လဲလှယ်သုံးမှာဘဲ။ အပစ်ရပ် ခေါင်းဆောင် တွေရဲ့ဆွေးနွေးချက်တွေကိုလဲ အရေးတယူလုပ်ပြီး အလေးထားမှာမဟုတ်ဘူး။ အမျိုးသားရေးအတွက်ပြတ် သားတဲ့ ဆုံးဖြတ်ချက်ချမထားဘဲ၊ ဗမာတပ်ကိုကြောက်နေမယ် အထင်ကြီးနေမယ်ဆိုရင်တော့ သူတို့ခိုင်းတာလုပ်ရမှာဘဲ။ အနှေးနဲ့အမြန်ဘဲကွာမယ်” - သုံးသပ်ပြ၏။
သျှမ်းသံတော်ဆင့်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.