15 November 2009

မူးယစ်ဆေးဝါးကို နိုင်ငံရေးလက်နက်အဖြစ် နအဖ အသုံးချနေ



အသွင်ကူးပြောင်းရေးကိစ္စ အာခံငြင်းဆန်သည့် အပစ်ရပ်အဖွဲ့အစည်းများအား - “မူးယစ်ဆေးဝါးကိစ္စ အကွက်ဆင်ပြီး အပြတ် ချေမှုန်းဖို့ ဗမာ့တပ်မတော်မှာ နည်းဗျူဟာရှိပြီးသား”- ဟု ဗိုလ်မှူးကြီးယွက်စစ် ရေးသားသည့်သျှမ်းဘာသာ ဆောင်းပါး၌ ဖေါ်ပြ ထားပါသည်။

ဆောင်းပါးပါ အဓိက အကြောင်းအရာ ၃ ခုမှာ - ၁။ မြန်မာစစ်ခေါင်းဆောင်က အမေရိကန်နှင့် ရင်းနှီးမှုပိုမိုရရှိလာစေရန် နိုင်ငံရေးအကျဉ်းသားအချို့ဟန်ပြလွတ်ပေးပြီး လမ်းပြမြေပုံ ၇ ရပ်အတိုင်းဆက်လက်ဖေါ်ဆောင်မည်။ ၂။ ဆန့်ကျင် အာခံ သည့်အုပ်စုများအား နည်းလမ်းအမျိုးမျိုးရှာကြံ၍ သုတ်သင်ရှင်းလင်းသွားမည်။ ၃။ အမေရိကန်၏ မူးယစ်နှိမ်နင်းရေးပေါ် လစီကို အခွင့်ကောင်းယူ၍ အသွင်ကူးပြောင်းရေး အာခံသည့် အပစ်ရပ်တပ်ဖွဲ့များအပေါ် မူးယစ်ဆေးဝါးအမှုဖြင့် အကွက်ဆင် ယမယ်ရှာတိုက်ခိုက်သွားမည် - စသည်တို့ပါဝင်သည်။
“အထူးသဖြင့် ၀ ခေါင်းဆောင် ဝေရှော်ကန်း နဲ့ တချို့လူတွေ အမေရိကန်လိုချင်တဲ့ နာမည်ပျက်စာရင်းထဲ ပါတယ်လေ။ အဲဒါကို အခွင့်ကောင်းယူပြီး ၀ ကို ဖိအားပေးမှာဘဲ” - ဟု ဗိုလ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြော၏။

ထို့အတူ စရဖ ညွှန်ချုပ် ဗိုလ်ချုပ်ရဲမြင့်က မိုင်းလားတပ်ဖွဲ့နှင့်တွေ့လျှင်သော်လည်းကောင်း၊ မြောက်ပိုင်း SSAအပစ် ရပ်တပ် ဖွဲ့နှင့်တွေ့လျှင်သော်လည်းကောင်း ၀ တပ်ဖွဲ့နှင့်ပတ်သက်ခြင်းမပြုရန် - “ခင်ဗျားတို့အပစ်ရပ်တဲ့နေ့ချင်း လဲမတူဘူး၊ နယ် မြေလဲသီးခြားစီဘဲ၊ ဘာလို့ ၀ ကို အဓိကထားနေရတာလဲ - သူတို့တွေက နာမည်ပျက်တွေ၊ ခင်ဗျားတို့ အဖွဲ့က သူတို့နဲ့ တူတာမဟုတ်ဘူး” - ဟု မကြခဏပြောကြောင်း၊ အောက်တိုဘာ ၂၈ ရက် မိုင်းလားနဲ့တွေ့စဉ်ကလည်း အပေါ်စီးမှ ဖိပြောအကြပ်ကိုင်ခဲ့သေးကြောင်း - ဆို၏။

ပလောင်ခေါင်းဆောင်တဦးက - “ဗမာပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့တိုင်း မူးယစ်နဲ့ကင်းတာမဟုတ်ဘူး၊ အဖွဲ့အစည်းကြီး လေ မူးယစ်ဆေးဝါးနဲ့ပိုပါတ်သက်လေဘဲ။ အဲဒါကြောင့်ကျနော်တို့နိုင်ငံမှာ ဗမာ့တပ်မတော်ကအင်အားအကြီးဆုံးဆိုတော့ သူများထက်ပိုပတ်သက်တယ်” - ဟု ပြောဘူး၏။

သျှမ်းပြည်မှ ထိပ်တန်းကုန်သည်တဦးကလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတိုင်း၊ ကုန်သွယ်ရေး - အလုပ်မှန်သမျှ နအဖ နှင့် ကင်းသည့်လုပ်ငန်းမရှိကြောင်း -“အနိမ့်ဆုံးလုပ်ငန်းဖြစ်တဲ့ ပြည့်တန်ဆာလုပ်ငန်းတောင်မှ သူတို့နဲ့မကင်းဘူး၊ ဘာ လုပ်ငန်း မဆို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဗမာစစ်အာဏာပိုင်တွေနဲ့ ပါတ်သက်နေရတာဘဲ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြော ဖူး၏။

သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင်ဦးခွန်စိုင်းက - မူးယစ်ဆေးဝါးနဲ့ပတ်သက်မယ် ဆိုလျှင် နိုင်ငံရေးအရ နအဖစစ်အုပ်စုဘက်ရပ်တည်ရမည်ဖြစ်ကြောင်း၊ မိုင်းဆတ်မြို့နယ် - မိုင်းတူး(မ်း) အုပ်စု ပူနားကို လားဟူ ပြည်သူ့စစ် တပ်ဖွဲ့မှ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းမှုတွင်ပင် ခမရ ၅၅၃ နှင့် ၅၅၄ တို့ကလုံခြုံရေးယူ ပေးကြောင်း - ပြောဆိုသုံးသပ်ပြပါ သည်။သျှမ်းသံတော်ဆင့်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.