31 October 2009

မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ

စစ်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ခြင်းကြောင့် ပြီးခဲ့သော နှစ်အတွင်း အနည်းဆုံး လူဦးရေ ၇၅၀၀၀ နှင့် နောက်ထပ် လူသန်းဝက်ခန့်မှာ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ဤမျှများပြားသော ပမာဏကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင်  ဖြစ်ပေါ်လျက်ရှိသော အခြေအနေမှာ ဒါဖောတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကြီးနှင့် နှိုင်းယှဉ်၍ပင်ရသော အခြေအနေ ဖြစ်ပေါ်လာနေသည်ဟု လူသားချင်းစာနာသည့် အကူအညီိများပေးအပ်နေသည့် ညွန့်ပေါင်းအဖွဲ့ကြီးတခုက ပြောဆိုလိုက်သည်။

တိုင်းရင်းသား လူနည်းစုများ နေထိုင်သော ဒေသများတွင် မြန်မာစစ်အစိုးရက စစ်ပြုခြင်းများ ဆက်လက် လုပ်ဆောင်နေသောကြောင့် လူသားမျိုးနွယ်လုံခြုံမှုအပေါ် ခြိမ်းခြောက်နေမှုများမှာ တိုးပွားလာနေသည်ဟု ကြာသပတေးနေ့က ထုတ်ပြန်လိုက်သော အကူအညီပေးရေးအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းထားသည့် ‘Thailand Burma Border Consortium’ (TBBC) ဟူသည့် ညွန့်ပေါင်းအဖွဲ့၏ `မြန်မာပြည် အရှေ့ပိုင်းတွင် ရေရှည် နေရာရွှေ့ပြောင်းရခြင်းနှင့်  စစ်ပြုနေခြင်းများ´ (Protacted Displacement and Militarization in Eastern Burma) ဟူသည့် အစီရင်ခံစာသစ်တွင် ရေးသားဖော်ပြထားသည်။

`စစ်ပုံသွင်းခြင်းဖြစ်စဉ် မြန်မာပြည်တွင် ပေါ်ပေါက်နေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ဤသို့လုပ်ခြင်းသည် တိုင်းရင်းသားများ နေထိုင်ရာဒေသသို့ မြန်မာစစ်တပ်များ ဝင်ရောက်နိုင်ရန်နှင့် နေရင်းဒေသရှိ လူများကို ရွှေ့ပြောင်းရွာသစ်များသို့ မောင်းထုတ်ပြီး ထိုဒေသရှိ လူဦးရေကို ထိန်းချုပ်ထားနိုင်ရန် နည်းပရိယာယ်တခုအဖြစ် ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်သည်´ ဟု TBBC ၏ လက်ထောက်ညွှန်ကြားရေးမှူး ဆယ်လီသွန်မဆင် (Sally Thompson) က မဇ္ဈိမ ကို ပြောသည်။

တိုင်းရင်းသားဒေသများတွင် စစ်ပြုနေခြင်းနေများမှာ ဆက်လက်ဖြစ်ပေါ်နေပြီး စစ်အစိုးရ ကျင်းပရန် စီစဉ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကြောင့် နောက်ထပ်တိုး၍ပင် လာနိုင်သည်၊ အကြောင်းမှာ စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးနေခြင်းကြောင့် ဖြစ်သည်ဟု သွန်မဆင်က ပြောသည်။

၂၀၀၈ ခုနှစ် သြဂုတ်လမှ ၂ဝဝ၉ ခုနှစ် ဇူလိုင်လအတွင်း ပြောင်းရွှေ့ခဲ့ရသော ရပ်ရွာ ၁၂၀ အပါအဝင် ကျေးရွာပေါင်း ၃၅၀၀ မှာ ၁၉၉၆ ခုနှစ် ကတည်းကစ၍ မြန်မာပြည်အရှေ့ပိုင်းတွင် ဖျက်ဆီးခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းတို့ ပြုလုပ်ခံခဲ့ရသည်ဟု TBBC က ပြောသည်။

မကြာခင်က ထိုသို့ ရွှေ့ပြောင်းခံခဲ့ရသည့် ဖြစ်ရပ်များတွင် အများဆုံးဒေသများမှာ ကရင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ကရင်ရွာသား ၆ သောင်းခန့်မှာ ကျောက်ကြီး၊ သံတောင်၊ ဖာပွန်မြို့နယ်များရှိ တောင်များပေါ်တွင် ပုန်းအောင်းနေခဲ့ရသည်။ အဆိုပါ အရပ်သားများထဲမှ သုံးပုံတပုံမှာ လွန်ခဲ့သော နှစ်အတွင်း ဒေသအတွင်း ကင်းလှည့်နေသော မြန်မာစစ်တပ်၏ ခြိမ်းခြောက်မှုကြောင့်လည်းကောင်း၊ အမြောက်ဒဏ်မှလွတ်ရန်လည်းကောင်း၊ ထွက်ပြေးခဲ့ကြရခြင်းဖြစ်သည်ဟု TBBC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူပင် ရှမ်းပြည်နယ်၌လည်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ကို လက်တုံ့ပြန်သည့်အနေနှင့် လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်များတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများကြောင့် ရှမ်းကျေးရွာပေါင်း ၃ဝ မှ အရပ်သား ၂ သောင်းနီးပါးမှာ မြန်မာစစ်တပ်၏ အတင်းအကျပ်ရွှေ့ပြောင်းခြင်း ခံခဲ့ကြရသည်ဟု ဆိုသည်။

သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ကိုးကန့်သူပုန်များ၏ ပဋိပက္ခကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ မြန်မာဒုက္ခသည် ၃ သောင်းကျော်မှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

မြန်မာစစ်တပ်နှင့် ယင်းတို့၏ မဟာမိတ်ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) တို့က ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ဇူလိုင်လက ပူးတွဲထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၄ ထောင်မျှ ထိုင်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုဝင်ခဲ့ကြရသည်ဟု သွန်မဆင်က ပြောသည်။

''၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒီလိုမျိုးဖြစ်ရပ်တွေ တိုင်းရင်းသားဒေသတွေနဲ့ နယ်စပ်ဒေသတွေမှာ ဆက်ဖြစ်နေဦးမှာပဲလို့ ကျမတို့ မျှော်လင့်ထားပါတယ်'' ဟု သွန်မဆင်က ပြောသည်။

TBBC သည် မြန်မာဒုက္ခသည်များကို ၁၉၈၄ ခုနှစ်ကတည်းက ကူညီနေခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး လောလောဆယ်တွင် ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်နေကြသော မြန်မာဒုက္ခသည်ပေါင်း တသိန်းငါးသိန်းကျော်ကို အစားအစာနှင့် ခိုကိုးစရာ နေရာများ ပေးနေသည်။

မြန်မာနိုင်ငံတွင်းတွင် ပဋိပက္ခများ ပိုမိုပေါ်ပေါက်လာနေပြီး ဒုက္ခသည်များ ထပ်မံရောက်ရှိလာနေခြင်းကြောင့်  မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးပွဲမှတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မရရှိသမျှ အဆိုပါ ဒုက္ခသည်များမှာ ပြန်စရာနေရာမရှိ ဖြစ်နေလိမ့်မည်ဟု သွန်မဆင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး သူတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးလျှင်  စစ်အစိုးရ ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲမှာလည်း ယုံကြည်နိုင်စရာ မရှိသောကြောင့် တည်ငြိမ်အေးချမ်းမှုကို ရနိုင်ဖွယ်မရှိဟု သွန်မဆင်က ပြောသည်။

ပြည်တွင်းရွှေ့ပြောင်းခံရသူများနှင့် ဒုက္ခသည်များ အိမ်ပြန်နိုင်မည့် ထူးခြားသော နိုင်ငံရေး အပြောင်းအလဲတရပ် ပေါ်ပေါက်လာသည်အထိ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသည်  အစားအစာနှင့် အိုးအိမ် အပါအဝင် အကူအညီများကို ဆက်လက်ပေးအပ်နေသင့်သည်။

ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာနေသော ဒုက္ခသည်ဦးရေ တိုးပွားလာနေခြင်းနှင့် ကုန်ဈေးနှုန်းများ တက်လာနေခြင်းတို့ကြောင့် ဒုက္ခသည်များကို ထောက်ပံ့ကူညီရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် အထောက်အပံ့များ တိုးမြှင့်ပေးအပ်ပါရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို TBBC က တိုက်တွန်းလိုက်သည်။ လောလောဆယ်တွင် TBBC ကို အလှူရှင် ၁၅ နိုင်ငံက ထောက်ပံ့ကူညီနေသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.