“ဘာကြောင့် တိုက်ပိတ်တယ်ဆိုတာ မသိဘူး။ ဝန်ထမ်းတွေကို မေးရင်လည်း အထက်က ပိတ်ခိုင်းလို့ ပိတ်တာဘဲလို့ ပြောတယ်” ဟု မကြာခင်က အင်းစိန်ထောင်ရှိ နိုင်ငံရေးသမား တဦးထံသို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သူက မဇ္ဈိမကို ပြောသည်။
ယခုလ ၁၈ ရက်နေ့တွင် ကိုညီညီအောင်၏ အဒေါ်များဖြစ်သည့် ဒေါ်စုစုကြည်နှင့် ဒေါ်ခင်ခင်ဆွေတို့ နှစ်ဦး အင်းစိန်ထောင်၌ ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ဘဲ ပြန်သွားကြရသည်။
ပုံမှန်အားဖြင့် နှစ်ပတ်တကြိမ် တွေ့ခွင့်ပြုထားသော်လည်း ယခုမူ ၃ ပတ်တကြိမ်သာ ခွင့်ပြုတော့သည်ဟု ဆိုပြီး ထောင်အာဏာပိုင်များက မိသားစုဝင်များကို အကြောင်းပြန်ခဲ့သည်။
ကိုညီညီအောင် တိုက်ပိတ်ခံထားရသည်ဟု ကြားသိရကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းကလည်း ပြောသည်။
“ကျနော်တို့ကတော့ တိုက်ပိတ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ ထောင်နဲ့မနီးစပ်တော့ အသေးစိတ် မသိဘူး။ နောက်ဆုံး ရုံးချိန်းနေ့ (ယခုလ ၁၂ ရက်) ကတော့ သူပြောတယ်။ သူနေကောင်းတယ်။ သူ့ကို ကောင်းတဲ့အခန်းမှာ ထားတယ်လို့ ပြောတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ယခင်လကလည်း အသက် ၄၀ အရွယ် ကိုညီညီအောင်က အကျဉ်းသား အခွင့်အရေးအတွက် အစာငတ်ခံ ဆန္ဒပြရာ တိုက်ပိတ်ခံခဲ့ရသည်။
စစ်တပ် အာဏာသိမ်းအပြီး တောခိုကာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သော ကိုညီညီအောင်သည် ယခင်နှစ် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် အဖမ်းခံရသည်။ မှတ်ပုံတင် အတုကိုင်ဆောင်မှု၊ နိုင်ငံခြားငွေလဲလှယ်မှု တို့ဖြင့်သာ တရားစွဲ ခံထားရသည်။
လာမည့် ၂၂ ရက်နေ့တွင် သူ၏ အမှုအတွက် နောက်ဆုံး လျှောက်လဲရမည် ဖြစ်သည်။ အမေရိကန် အစိုးရနှင့် ရန်ကုန်ရှိ အမေရိကန် သံရုံးအရာရှိများကလည်း သူ၏အမှုအား အနီးကပ် စောင့်ကြည့်နေပြီး နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်ရန် စစ်အစိုးရအား သတိပေး တိုက်တွန်းနေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂၁၀၀ ဦးကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားသည်။
မဇ္ဈိမမှတဆင့်
No comments:
Post a Comment
မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။