ယခုကဲ့သို့ ပြောဆိုခြင်းသည် မျှတမှုကင်းပြီး နအဖစစ်အုပ်စုက တိုင်းရင်းသားအဖွဲ့အစည်းများအပေါ် စစ်ရေးအရချေမှုန်းရန် ထောက်ခံအားပေးရာရောက်သည်ဟု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောသည်။
“သတင်းစာရှင်းလင်းပွဲမှာ သူစွပ်စွဲပြောဆိုသွားတဲ့အချက်ဟာ အခုနောက်ဆုံးထုတ်ပြန်တဲ့ UNODC ရဲ့ အစီရင်ခံစာထဲမှာမပါဘူး။ ဒါက နိုင်ငံတကာကိုလည်း အထင်လွဲစရာတွေ အများကြီးဖြစ်စေတယ်။ တိုင်းရင်းသားအဖွဲ့တွေဟာ မူးယစ်ဆေးဝါးတခုတည်း အပေါ်မှာပဲ မီခိုနေရတယ်ဆိုတာက အင်မတန်မှားယွင်းတဲ့ ကိစ္စတွေဖြစ်တယ်။ ကျနော်တို့ကိုတော့ ထောက်ပြပြီး နအဖလုပ်တဲ့ ကိစ္စကိုတော့ ဘာမှထောက်ပြတာမရှိဘူး။ မူးယစ်ဆေးတိုက်ဖျက်ရေးကို တကယ်မှန်မှန်ကန်ကန် လုပ်ချင်တယ်ဆိုရင် ဘက်ပေါင်းစုံ ထောက်ပြဖို့လိုပါတယ်” ဟု ပြောသည်။
ကိုးကန့်အဖွဲ့ကို နအဖတိုက်ခိုက်ပြီးသည့်နောက်ပိုင်း အခြားတိုင်းရင်းသားအဖွဲ့များကို စစ်ရေးအရတိုက်ခိုက်လိုသည့်အတွက် မူးယစ်ဆေးရောင်းဝယ်မှုများကို တဖက်လှည့်ဖြင့် ခွင့်ပြုမှုများရှိပြီး ကိုးကန့်ပြဿနာနောက်ပိုင်း အရေအတွက်များပြားသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းသည် အာဏာပိုင်များပါဝင်ပတ်သက်ခြင်း မရှိပါက နယ်ခြားကိုဖြတ်လာရန် အကြောင်းမရှိသည်ကို UNODC အနေဖြင့် အထူးစုံစမ်းလေ့လာသင့်သည်ဟုလည်း တိုက်တွန်းထားသည်။
မဒတ အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ရဲ့အမျိုးသားနဲ့ ပြည်သူတွေအပေါ် မှီခိုပြီးတော့ အမျိုးသားရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကေအန်ယူဆိုရင် နှစ်ပေါင်း (၆၀) ကျော်ပြီ ဘယ်အကူအညီမှ မရရှိခဲ့ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ပြီး စစ်အာဏာရှင်ကို တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။ မဒတအဖွဲ့ဝင် (၈) ဖွဲ့ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အချိန်မရွေး လာရောက်စစ်ဆေးနိုင်တယ်” ဟု ပြောသည်။
နအဖနှင့်အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ မူးယစ်ဆေးဝါးနှင့် ပါဝင်ပတ်သက်မှု အနေအထားများအပေါ် တစုံတရာမှတ်ချက်ပေးရန် မဒတက ဖြေကြားရန် ငြင်းပယ်ခဲ့သည်။
မဒတကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့ဖြင့် ၁၉၇၆ ခုနှစ် မေလ (၁၀) ရက်နေ့က မာနယ်ပလောတွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အချို့ နအဖနှင့် အပစ်ရပ်စဲခဲ့ကာ လက်ရှိတွင် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအိုဝ့်၊ ပလောင်၊ ‘၀’ စသည့်အဖွဲ့များက လက်နက်ကိုင်တိုက်ပွဲဝင်လျက်ရှိသည်။
ခေတ်ပြိုင်မှတဆင့်
No comments:
Post a Comment
မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။