11 June 2010

သာသနာရေး ၀န်ထမ်းများ အလုပ်မထွက်ရန် ၀န်ခံလက်မှတ်ထိုးရ

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ၀န်ထမ်းများအား တာဝန်ထမ်းဆောင်ရာတွင် ၀န်ခံကတိလက်မှတ် ရေးထိုးခိုင်းနေကြောင်း သိရသည်။

နေပြည်တော် သာသနာရေးဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူး ဗိုလ်မှူးမြင့်ဦး (ငြိမ်း) က အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၁၀ ထုတ်ပြန်ပြီး လက်မှတ်ရေးထိုးခိုင်းနေခြင်းဖြစ်သည်။

အမိန့်ကြော်ငြာစာတွင် ဒုတိယညွှန်ကြားရေးမှူးနှင့် အောက် အမြဲတမ်းဝန်ထမ်းအား (၅) နှစ်၊ တဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့် ၀န်ထမ်းအား (၅) နှစ်၊ ယာယီနေ့စားဝန်ထမ်းအား (၃) နှစ်၊ အသစ်ခန့်အပ် ၀န်ထမ်းအား ၅ နှစ် တဆက်တည်း တာဝန်ထမ်းဆောင်ရန် လက်မှတ်ရေးထိုးစေခြင်းဖြစ်သည်။

“ဌာနက နုတ်ထွက်တဲ့ အရာထမ်းတွေ၊ အခြား ၀န်ကြီးဌာနတွေကို ကူးပြောင်းသွားတဲ့ အရာထမ်းတွေ များလာလို့ ၀န်ကြီးဌာနအနေနဲ့ ထိန်းလိုက်တဲ့ သဘောပါ။ အနှောင်အဖွဲ့ သဘောတူစာချုပ် (Bond) ထိုးခိုင်းခြင်းဖြစ်ပါတယ်” ဟု နေပြည်တော်ရှိ သာသနာတော် ထွန်းကားပြန့်ပွားရေးဌာနမှ အရာထမ်းတဦးက ပြောသည်။

အဆိုပါအမိန့်အရ လက်မှတ်ရေးထိုးပြီး ၀န်ထမ်းများသည် အလုပ်တာဝန်မှ နုတ်ထွက်ခြင်း၊ အခြား ၀န်ကြီးဌာနများသို့ ကူးပြောင်းခွင့်မရှိတော့ဘဲ ကူးပြောင်းခဲ့ပါက ထုတ်ယူခဲ့သည့် လုပ်ခ/လစာ၏ (၂) ဆ ပေးလျော်ရမည်ဟု ကြော်ငြာစာတွင် ဖော်ပြထားသည်။

ဥပမာ လစာငွေ (၅) သောင်းကျပ်နှင့် (၁) နှစ်တာဝန်ထမ်းဆောင်ပြီးပါက လုပ်ခလစာ (၆) သိန်းရရှိပါက ယင်းငွေ နှစ်ဆ (၁၂) သိန်းကို ပေးလျော်ရမည်ဖြစ်သည်ဟု သာသနာရေးဝန်ထမ်းတဦးက ရှင်းပြသည်။

ထိုကတိစာချုပ်ကို သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန တခုတည်းကိုသာ လက်မှတ်ရေးထိုးစေခြင်းဖြစ်ပြီး အခြား ဌာနကြီး (၃) ခုအား ရေးထိုးစေခြင်းမရှိကြောင်း၊ အခြား ၀န်ကြီးဌာနများသို့လည်း အဆိုပါ ညွှန်ကြားချက် ရောက်ရှိခြင်းမရှိကြောင်း သိရသည်။

လုပ်သက်ရင့် သာသနာရေး ၀န်ထမ်းတဦးကမူ “နုတ်ထွက်စာတင်ပြီးထွက်တဲ့ အမှုထမ်း မရှိပါဘူး။ နယ်ပို့တယ်။ နေပြည်တော် ပို့တယ်။ မသွားဘူး။ အပြုတ်ခံတယ်။ အဲလိုဝန်ထမ်းမျိုးပဲ တနှစ်ကို (၁) ယောက် (၂) ယောက် ရှိပါတယ်။ တပ်က ရွှေ့လာတဲ့ အရာရှိတွေသာ သာသနာရေးမှာ လာပြီး တာဝန်ထမ်းကြည့်တယ်။ ဟန်ပုံမပေါ်တော့ နီးစပ်ကျွမ်းဝင်ရာလူကြီးနဲ့ ညှိပြီး အခြားဝန်ကြီးဌာနတွေကို ကူးနေကြတာ။ (၂ ) နှစ်အတွင်းမှာ ခုလိုပုံစံနဲ့ အရာရှိ (၁၀) ယောက်လောက် နုတ်ထွက်သွားကြတယ်” ဟု ပြောသည်။
(ခေတ်ပြိုင်မှတဆင့်)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.