11 June 2010

ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသူကို အရေးမယူသဖြင့် မြို့ခံများ မကျေနပ်

သစ်တောဝန်ကြီး အရှိန်အဝါဖြင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခဲ့သူကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ယနေ့အထိ အရေးယူခြင်း မရှိသည့်အတွက် မြို့ခံများက မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့လ (၂၅) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်တွင် သစ်တောဝန်ကြီး ဦးသိန်းအောင်၏ နေအိမ်ကို ဆောက်လုပ်ပေးနေသူ ဖိုးလပြည့်သည် သံဃာတပါးနှင့် အဆင်မပြေဖြစ်ရာမှ လမ်းဘေးပလက်ဖောင်းများ၊ လမ်းမီးတိုင်များ၊ ဖုန်းကြိုးများနှင့် စည်ပင်သာယာဆိုင်းဘုတ်များကို မြေတူးစက်ဖြင့် ထိုးကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အဲဒီနေ့က မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဌ ဦးရေဝတက သူ့ကျောင်းဝန်းထဲက ရေကန်ကို တူးပေးဖို့ပြောတော့ ချက်ချင်းမတူးပေးနိုင်ဘူးလို့ ဖိုးလပြည့်က ပြန်ပြောတယ်၊ အဲဒါနဲ့ ဘုန်းကြီးက သူ့ကိုပါးရိုက်လိုက်တော့ စိတ်ဆိုးပြီး ဘုန်းကြီးကျောင်းသွားတဲ့ လမ်းတလျှောက်မှာရှိတဲ့ ပစ္စည်းတွေကို (ဘူဒိုဇာ) မြေတူးစက်ကို မောင်းပြီး လိုက်တိုက်တာ” ဟု ပြောသည်။

ယင်းကဲသို့ ဖျက်ဆီးခဲ့သည့်အတွက် ဖုန်းတိုင် (၅)တိုင်၊ လမ်းမီးတိုင် (၁) တိုင်၊ လမ်းဘေးပလက်ဖောင်းအရှည် ပေ (၃၂၀) နီးပါး၊ စည်ပင်သာယာ လမ်းညွှန်ဆိုင်းဘုတ် (၂) ခု၊ လမ်းမီးချိတ်ဆက်ထားသည့် နေအိမ် (၁၂)အိမ်မှ မီးကြိုးများ ပျက်စီးခဲ့ပြီး လျှပ်စစ်မီတာဘောက်များလည်း ပြုတ်ကြခဲ့သည်။

ယင်းကဲ့သို့ ဖိုးလပြည့်က ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေသည်ကို မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ဌေးမောင်က ဆိုင်ကယ်ဖြင့် လိုက်လံဟန့်တားသည်ကို ၎င်းက မြေတူးစက်မောင်းတံဖြင့် ရိုက်လိုက်သည့်အတွက် ဆိုင်ကယ်ပျက်စီးသွားပြီး ဖိုးလပြည့်က တိုင်ချင်ရာတိုင်လို့ ပြောဆိုခဲ့ခြင်းကြောင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

သစ်တောဝန်ကြီး နေအိမ်ဆောက်လုပ်ပေးနေသူ ဖိုးလပြည့်ဆိုသူ ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည့်အတွက် ယနေ့အချိန်ထိ အင်္ဂပူမြို့ပေါ်ရှိ ရပ်ကွက်အချို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကြောင်း အဆိုပါဒေသခံက “အဲဒီဖိုးလပြည့်က အခု မြို့နယ် ကြံဖွံ့ရုံးမှာ နေနေတယ်၊ အဲလိုဖျက်ဆီးလိုက်တော့ အမှတ်(၁) ဇေယျသုခရပ်ကွက်၊ သရက်ချောင်းရပ်ကွက်၊ ကန်ဦးရပ်ကွက်နဲ့ အမှတ်(၂) ရပ်ကွက်က ဥယျာဉ်ရပ်တို့က ဒီနေ့အထိ မီးမလာ၊ ဖုန်းလိုင်းတွေလဲ ပျက်နေတယ်” ဟု ပြောသည်။

သစ်တောဝန်ကြီး ဦးသိန်းအောင်သည် အင်္ဂပူမြို့ ကံသာယာလမ်းတွင် ၎င်းယာယီနေထိုင်ရန်အတွက် အိမ်တလုံး ဆောက်လုပ်နေလျှက်ရှိပြီး ခန့်မှန်ချေ သိန်း (၂,၀၀၀) ခန့်ကုန်ကျမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင်လည်း အဆိုပါ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်ဟု သတင်းများ ထွက်ပေါ်နေလျှက်ရှိကာ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေလျှက်ရှိသည်။
(ရိုးမမှတဆင့်)

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.