05 February 2010

ဒေါ်စုက ဗဟိုတရားရုံးချုပ်တွင် ကန့်ကွက်စာတင်

နေအိမ်ပြုပြင်မှုကို ဦးအောင်ဆန်းဦးက တားဝရမ်းထုတ်ခြင်းအပေါ် ပြန်လည် ကန့်ကွက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗဟိုတရားရုံးချုပ်တွင် ယနေ့ စတင်လိုက်သည်။

နေအိမ်အချုပ်ကျနေစဉ် နှစ်ပေါင်းများစွာ မပြုမပြင်သဖြင့် ယိုယွင်းလာနေသော နေအိမ်ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပြုပြင်နေခိုက် အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးက အမွေပိုင်သည်ဆိုကာ တားမြစ်ခဲ့သဖြင့် ရှေ့နေများမှတဆင့် ကန့်ကွက်လိုက်သည်။

“ဒီနေ့ အန်ကယ်တို့က ကန့်ကွက်စာတင်တယ်။ အဓိကအားဖြင့် ဦးအောင်ဆန်းဦးက သူ့ဆီက သဘောတူညီမှု မယူဘဲ အိမ်ပြင်တာ ကန့်ကွက်တာ။ ဥပဒေမှာ အဲဒီလို ခွင့်ပြုချက် တောင်းရမယ်။ ခွင့်ပြုချက် ပေးရမယ်ဆိုတာ မရှိဘူး” ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဦးအောင်ဆန်းဦးက သူ၏ ရှေ့နေ ဦးဟန်တိုးမှတဆင့် ယခင်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တွဲဖက် ၂ တရားရုံးတွင် တားဝရမ်း လျှောက်လဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

ဥပဒေအမိန့် ၃၉ နည်းဥပဒေ (၁) အရ အငြင်းပွားနေသည့် ပစ္စည်းအား ပျက်ဆီးရန်၊ ဆုံးရှုံးရန်နှင့် တမင်ဖြုန်း တီးစေခြင်း မဟုတ်ပါက တားဝရန်း ထုတ်ခွင့် မရှိကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

“ဒီလိုအငြင်းပွားနေတဲ့ ပစ္စည်းကို ပျက်ဆီးမယ် ဆုံးရှုံးမယ် တမင်ဖြုန်းဆိုရင် တားဝရန်း ထုတ်လို့ ရတယ်။ ဒီပြသာနာက ရှိမှ မရှိဘဲ။ ဒီလိုပစ္စည်းကို တန်ဖိုးလျော့အောင်၊ ပျက်ဆီးအောင်၊ ဖြုန်းတီးအောင် လွဲပြောင်း အောင် လုပ်မှ။ ခု အဲဒီလိုလုပ်တာ ရှိမှ မရှိဘဲ”ဟု ပြောသည်။

ယခုလ  ၁ဝ ရက်နေ့မှာ နှစ်ဘက်လျှောက်လဲချက် ကြားနာမည်ဟု သိရသည်။

မြို့တော် စည်ပင်သာယာက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ယခုလအတွင်း အပြီးသတ် ပြင်ဆင်ရန် ခွင့်ပြုထားရာမှ ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှုကို ရပ်နားထား ရခြင်း ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သက်ရှိထင်ရှား သားသမီးနှစ်ယောက်အနက် ဦးအောင်ဆန်းဦးမှာ စစ်အစိုးရနှင့် အလွမ်းသင့်သူ ဖြစ်သည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.