17 January 2010

Yangon EXPO' 2010 ကုန်စည်ပြပွဲ တွက်ချေမကိုက်

ရန်ကုန်တွင် ယခုနှစ်အတွက် ပထမဆုံး ကုန်စည်ပြပွဲဖြစ်သည့် YANGON EXPO'2010 တွင် တန်ဖိုးနည်း ပစ္စည်းများသာ အများဆုံး ရောင်းခဲ့ရသဖြင့် ပြသသည့် ပြခန်းအများစု တွက်ချေ မကိုက်ခဲ့ကြောင်း သိရသည်။

ပြပွဲသို့ လာရောက် ကြည့်ရှုသူ များပြားသော်လည်း တန်ဖိုးမြင့်မားသော ကုန်ပစ္စည်းများကို ဝယ်ယူခြင်း နည်းပါးပြီး ဈေးနှုန်းချိုသာသော တန်ဖိုးနည်း ပစ္စည်းများကိုသာ အဓိက ဝယ်ယူကြကြောင်း ပြပွဲတွင် ပါဝင်ရောင်းချခဲ့သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက ပြောဆိုကြသည်။

''နှစ်ဆန်းပိုင်းမို့လို့ ဆိုင်နာမည်ရအောင် ဝင်ရောင်းဖြစ်သွားတာ။ မကိုက်ဘူးဗျ။ ဖုန်းအပိုပစ္စည်း နည်းနည်းပဲ ရောင်းရတယ်။ ပြခန်းဖိုးနဲ့ အခြား ကုန်ကျစရိတ်တွေ ပေါင်းရင် ရှုံးပါတယ်'' ဟု မိုဘိုင်းဖုန်း အရောင်းဆိုင်တခုက ဆိုသည်။

''ထင်သလောက် မကိုက်ဘူး။ နှစ်ဦးပိုင်းမို့ နာမည်ရအောင်သာ ဝင်ရောင်းတာ လက်ပ်တော့တွေကို ၁၀ ရာခိုင်နှုန်းလောက် ဈေးချထားတာတောင် စိတ်ဝင်စားတဲ့သူ နည်းတယ်။ ဝယ်တဲ့သူတွေက Memory Stick လို၊ Web Cam လို၊ Accessories အတိုအထွာလေးတွေလောက်ပဲ ဝယ်ကြတယ်။ ရောင်းရတဲ့ ပစ္စည်းတွေက သောင်းဂဏန်းလောက် ပစ္စည်းတွေချည်းပဲ။ ဒီပြပွဲကတော့ နာမည်ကျန်ရုံလောက်ပါပဲ'' ဟု ပါဝင်ခင်းကျင်း ရောင်းချခဲ့သည့် ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်တခုက ဆိုသည်။

နာမည်ရ အမှတ်တံဆိပ်များ၊ အရောင်းဆိုင်များနှင့် ကုမ္ပဏီကြီးများက ယင်းတို့အနေဖြင့် ကုန်စည်ပြပွဲများတွင် ပရိုမိုးရှင်းဆန်ဆန် အနေအထားမျိုးဖြင့်သာ ခင်းကျင်းခဲ့ရကြောင်း ပြပွဲကာလအတွင်း ရောင်းချရမှု အနေအထားမှ အမြတ်အစွန်း ရရှိမှု နည်းပါးကြောင်း ဆိုသည်။

ဆိပ်ကမ်းသာလမ်းရှိ နာမည်ရ ကွန်ပြူတာရောင်းဝယ်ရေး ဆိုင်တဆိုင်က ''နောက်ပိုင်းပွဲတွေမှာ ကျမတို့ ဝင်မရောင်းဖြစ်တော့ဘူး။ သွင်းရတဲ့ငွေနဲ့ တခြား စရိတ်တွေပေါင်းရင် ပြပွဲမှာ ရောင်းတာ မကိုက်ဘူး။ တခြားဆိုင်တွေနဲ့ အပြိုင်သဘော ဖြစ်နေလို့သာ ပွဲ ၃-၄ ခုမှာ တခုဝင်ရောင်းဖြစ်တာ။ မှတ်မှတ်ရရ ပြောရရင် ၂၀၀၈ ခုနှစ် ၁၁ လပိုင်း အိုင်တီရှိုးတခုပဲ ရောင်းအားကောင်းလိုက်တယ်။ တခြားဆိုင်တွေလဲ ကျမတို့လိုပါပဲ'' ဟု ဆိုသည်။

ပြခန်းအများစု တွက်ချေမကိုက်ကြသော်လည်း ပြည်တွင်းထုတ် စားသောက်ကုန်များ၊ တန်ဖိုးနည်း အိုင်တီ အပိုပစ္စည်းများ၊ အလှကုန်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တရုတ်နိုင်ငံလုပ် အီလက်ထရွန်းနစ် ပစ္စည်းများ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် တရုတ်နိုင်ငံလုပ် တီဗီ၊ ရေခဲသေတ္တာ၊ ဒီဗီဒီ၊ အဝတ်လျှော်စက်များကို လျှော့ဈေးဖြင့် ရောင်းချသည့် ပြခန်းများမှာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့သည်။

''ကျမတို့ ကုမ္ပဏီအနေနဲ့တော့ ဒီပွဲက ရောင်းအားကောင်းတယ်လို့ ပြောလို့ရပါတယ်။ နှစ်သောင်းကနေ သုံးသောင်းခွဲကြားလောက် ဒီဗီဒီစက်နဲ့ အီးဒီဗီဒီစက်တွေတွေ အရောင်းရဆုံးပဲ။ တီဗီတွေကိုလည်း ငါးသောင်းကနေ ရှစ်သောင်း၊ တသိန်းကြားလောက် ရောင်းတော့ လူတွေဝယ်ကြတယ်။ ကုမ္ပဏီမှာ လက်ကျန်ပစ္စည်း ပြတ်သလောက်တောင် ဖြစ်သွားပါတယ်'' ဟု ပြပွဲတွင် ခင်းကျင်းပြသခဲ့သည့် တရုတ်နိုင်ငံလုပ် အီလက်ထရွန်းနစ် ပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီက ပြောသည်။

Smart Business Group မှ ဦးဆောင်ကျင်းပသည့် EXPO' 2010 ပွဲတွင် ကုမ္ပဏီပေါင်း ၉၀ ကျော်က ပြခန်းပေါင်း ၁၈၀ ခင်းကျင်းပြသ ရောင်းချခဲ့သည်။ ပြခန်းများကို အဆင့် ၄ မျိုးခွဲထားပြီး နေရာ အနေအထားအလိုက် ပြခန်းတခန်းလျှင် FEC 200 မှ FEC 300 အကြား ပေးသွင်းရကြောင်း သိရသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.