13 January 2010

Miss Tourism 2010 အား သံတမန်အဖြစ် ရွေးချယ်မည်

မြန်မာ့ခရီးသွားလုပ်ငန်းရှင်များအသင်း၏ Miss Tourism 2010 ဆုရရှိသူကို ခရီးသွားလုပ်ငန်း သံတမန်အဖြစ် ရွေးချယ် ခန့်အပ်သွားရန် စီစဉ်လျက်ရှိသည်။

“Miss Tourism 2010 ဆုက ငွေသား ၁ဝ သိန်းဖြစ်ပြီးတော့၊ အဲဒီဆုအရွေးခံရမယ့်သူကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက သံတမန်အဖြစ်ရွေးချယ်သွားမှာပါ။ သူ့ရဲ့ တာဝန်တွေကိုတော့ ခရီးသွားလုပ်ငန်းရှင်များအဖွဲ့က တာဝန်ပေး ပါလိမ့်မယ်” ဟု အခမ်းအနားဦးဆောင်ကျင်းပမည့် People Media မှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကို ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြိုင်ပွဲကျင်းပရန် စီစဉ်ထားပြီး မြန်မာ့ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ အတွင်းမှ စိတ်ဝင်စားစရာ ဒေသများအကြောင်း အများသိစေလိုခြင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်းအသင်း၏ သံတမန်တဦးအား ရွေးချယ်ခန့်ထားလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူက ပြောသည်။ 

လျှောက်လွှာများကို မနက်ဖြန်မှ စတင်၍ လပြည့်ဝန်းပလာဇာ ၁၀ ထပ်ရှိ People Media ရုံးခန်းတွင် လည်းကောင်း၊ Talents and Model Agency ရုံးခန်းတွင်လည်းကောင်း တစောင်လျှင် ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ 

ပြိုင်ပွဲဝင်မည့် သူများသည် စိတ်ကြိုက်ဝတ်စုံတစုံ နှင့် ရိုးရာဒေသတခုခုကို ကိုယ်စားပြုသော ဆန်းသစ် တီထွင်ထားသည့် ဝတ်စုံတစုံ စုစုပေါင်း နှစ်စုံဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း လျှောက်လွှာတွင် ရေးသားထားသည်။ 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ကနဦး ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တခုအရ ၂၀၀၇ ခုနှစ်အတွင်း ဝင်ရောက်သော ခရီးသွားဦးရေမှာ ခရီးသွားလုပ်ငန်းများ တရှိန်ထိုးတက်လာခဲ့သော ၂၀၀၆ ခုနှစ်ကထက် ၅ ဒဿမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဖော်ပြထားရာ ၂၀၀၈ ခုနှစ်အတွင်း ကျဆင်းမှုမှာ ပိုမိုဆိုးလာကြောင်း ပြသနေသည်။ 
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.