01 January 2010

နှစ်သစ်ကူးကြို ဂီတဖျော်ဖြေပွဲတွင် IC ပါဝင်ဆင်နွှဲ



ရန်ကုန်ရှိ ကြယ်ငါးပွင့် Chatrium ဟိုတယ်တွင် ယနေ့ ပြုလုပ်မည့် နှစ်သစ်ကူးကြို ဂီတဖျော်ဖြေပွဲ၌ Iron Cross - IC ဂီတဝိုင်းလည်း ပါဝင် ဆင်နွှဲသွားမည်။

IC နာမည်ကြီး အဆိုတော်များဖြစ်သည့် လေးဖြူ၊ မျိုးကြီး၊ အငဲနှင့် ဝိုင်ဝိုင်းက တာမွေမြို့နယ် နတ်မောက်လမ်းရှိ Chatrium ဟိုတယ် လေဟာပြင်တွင် ယနေ့ည ၁၀ နာရီမှ နှစ်သစ်ကူးနေ့ နံနက်အထိ စုစုပေါင်း ၃ နာရီကြာ သီဆိုဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ထုံးစံအတိုင်းပေါ့ဗျာ။ သူတို့ သီချင်းတွေနဲ့ ဆိုသွားကြမှာပါ။ တယောက် ဘယ်နှပုဒ် ဆိုတာကတော့ နှစ်သစ်ကူး မနက်အထိ ကျနော်တို့ ဆိုသွားမှာပါ” ဟု IC မှ lead တီးခတ်သူ ချစ်စမ်းမောင်က မဇ္စျိမကို ပြောသည်။

၎င်းတို့အပြင် ဟစ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် အခြား အဆိုတော်တချို့ကလည်း သီးခြား တေးဂီတဝိုင်းများနှင့် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။

“စိုင်းစိုင်းတို့အဖွဲ့က အစောပိုင်း (ညနေ) ၆ နာရီလောက် ဆိုမယ်။ IC က ၁၀ နာရီနောက်ပိုင်း လာဆိုကြမှာပါ” ဟု ဟိုတယ်ဝန်ထမ်းက ပြောဆိုသည်။

ယခု ဂီတပွဲကို စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ကုမ္ပဏီတခုက ငှားရမ်းခဲ့ခြင်းဖြစ်ပြီး၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များသာ တက်ရောက် အားပေးမည်ဖြစ်ကာ ပြင်ပလူများ မပါဝင်ကြောင်း သိရသည်။

“ရှိုးပွဲ လက်မှတ် မရောင်းပါဘူး။ ဦးတေဇက သူ့ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေအတွက် သီးသန့် လုပ်တာပါ။ အပြင်လူဆိုလို့ သူတို့ဖိတ်တဲ့ သူတွေသာ ပါလို့ရပါမယ်” ဟု ဟိုတယ်ဝန်ထမ်းက ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.