18 January 2010

ရှမ်းချစ်သူများနေ့ လူကုန်ကူးမှု ပညာပေး ဟောပြော

ထိုင်းနိုင်ငံရောက် ရှမ်းအမျိုးသားများက ရှမ်းချစ်သူများနေ့ကို ယမန်နေ့က ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

ရှမ်းရေဒီယိုနှင့် ပညာရေး သတင်းမီဒီယာမှ ဦးဆောင်ကျင်းပခဲ့သော ပွဲတွင် ရွှေ့ပြောင်း အလုပ်သမားများ အတွက် လူကုန်ကူးမှု၊ ပညာပေး ဟောပြောမှုနှင့် အလုပ်အကိုင် ခန့်ထားရေးဆိုင်ရာများကို ထိုနေ့တွင် အစီအစဉ် တရပ်အဖြစ် ရှင်းလင်း ပြောကြားသွားခဲ့သည်။

တပို့တွဲလဆန်း ၃ ရက်နေ့ကို ရှမ်းတို့၏ ရိုမီယိုနှင့် ဂျူးလီယက်ဖြစ်သော ခွန်ဆမ်လောနှင့် နန်းဦးပြင် ဒဏ္ဍာရီကို အခြေခံကာ ရှမ်းချစ်သူများနေ့ဟု ထိုင်းနိုင်ငံရောက် ရှမ်းအသိုင်းအဝိုင်းက ၃ နှစ်တကြိမ် သတ်မှတ် ကျင်းပ လာခဲ့ကြသည်။

လူကုန်ကူးမှုဆိုင်ရာ ဟောပြောချက်ကို ချင်းမိုင်အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (TRAFCORD) မှ ဦးဆောင် ဟောပြောခြင်း ဖြစ်သည်။

"အခု ကျမတို့ စိုးရိမ်နေတာက ယောက်ျားလေးတွေကို လိမ်လည် လှည့်ဖျားပြီး ခေါ်ဆောင်သွားတာမျိုး ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပေါ်နေပါတယ်။ အခုလို လာရောက် ဟောပြောခြင်းကနေ လိမ်လည်မှု ပုံစံတွေကို သိထားခြင်းအားဖြင့် လိမ်လည် လှည့်ဖျားမှုတွေကနေ ကြိုတင် ကာကွယ်နိုင်တာပေါ့" ဟု ချင်းမိုင် အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ မန်နေဂျာ Ms. Duean Wonsa က မဇ္ဈိမကို ပြောသွားသည်။ 

"ဒီပြသနာကို အကျဉ်းချုပ်ပြီး ပြောရမယ်ဆိုရင် ဖြစ်နိုင်ချေများတာက ကိုယ်နဲ့သိတဲ့ သူတွေထဲကပဲ လှည့်ဖျားဖို့ များပါတယ်။ ကိုယ်နဲ့သိတော့ ယုံကြည်ဖို့ လွယ်တယ်။ ကိုယ့်ကိုလိမ်လည်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ယုံကြည်ကြတာ များပါတယ်" ဟု ဆက်လက် ပြောကြားသွားသည်။

ချင်းမိုင်အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့သည် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် အခြား အာဏာပိုင် အဖွဲ့များနှင့်လည်း ပူးပေါင်း လုပ်ကိုင်နေကြောင်း သိရသည်။ 

"တနှစ်တနှစ်ကို ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတာ ဒုက္ခသည်တွေ၊ တရားဝင် ဝင်ရောက်လာတဲ့ သူတွေရော၊ တရားမဝင်တဲ့ သူတွေရော အများကြီး ရှိပါတယ်။ အဲဒီလို တိုးလာတာနဲ့အမျှ သူတို့ကို လူကုန်ကူးမယ့် ဂိုဏ်းတွေ၊ ပွဲစားအဖွဲ့တွေလည်း တိုးလာပါတယ်" ဟု ကိုစိုင်းအောင်က ပြောသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.