26 January 2010

ဧရာဝတီ မြစ်ကူးတံတားကြီး (၄) စင်း ဆောက်လုပ်ရေး နအဖနှင့် တရုတ်ကုမ္ပဏီ ညှိနှိုင်း

နောက်ထပ် တည်ဆောက်မည့် ဧရာဝတီ မြစ်ကူးတံတားကြီး (၄) စင်း ဆောက်လုပ်ခွင့်အတွက် တရုတ် CMAC Engineering Group Co Ltd က စစ်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေပြီဖြစ်သည်။
ယခုလ (၂၂) ရက်တွင် စစ်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးနှင့် တရုတ်နိုင်ငံ China CMAC Engineering Group Co Ltd ဥက္ကဋ္ဌ Madam Luo Yan တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်ဖြစ်သည့် The New Light of Myanmar သတင်းစာတွင် ဖော်ပြသည်။
မြန်မာဘာသာဖြင့်ထုတ်ဝေသည့် သတင်းစာများတွင်မူ ဧရာဝတီ မြစ်ကူးတံတား (၄) စင်း တည်ဆောက်ရေး တရုတ်နှင့် ညှိနှိုင်း နေခြင်းကို မဖော်ပြဘဲ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The New Light of Myanmar တွင်သာ သတင်းထုတ်ပြန်သည်ကို တွေ့ရသည်။
တည်ဆောက်မည့် မြစ်ကူးတံတားကြီးများမှာ ဧရာဝတီတံတား (ပခုက္ကူ)၊ ဧရာဝတီတံတား (စင်းခန်း)၊ ဧရာဝတီတံတား (ညောင်တုန်း) နှင့် ဧရာဝတီတံတား (မလွန်) တို့ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ သိရသည်။
တရုတ်ကုမ္ပဏီ China CMAC Engineering Group Co Ltd က အဆိုပါတံတား (၄) စင်း တည်ဆောက်ရေးအတွက် လုပ်ငန်းအကြို စီမံကိန်းများကို ထိုနေ့က ဆွေးနွေးကြကြောင်း သိရသည်။
မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှ တောင်ဘက်စွန်းဒေသထိ ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်ကြီးပေါ်တွင် ယခင် မြစ်ကူး တံတားကြီး (၈) စင်းရှိနေရာမှ ယခု တံတား (၄) စင်း ထပ်မံတည်ဆောက်မည်ဖြစ်ရာ ဧရာဝတီမြစ်ကူးတံတားကြီး (၁၂) စင်း ရှိလာမည်ဖြစ်သည်။
စစ်အစိုးရလက်ထက် မြစ်ကူး ချောင်းကူး တံတားပေါင်းများစွာ တည်ဆောက်ထားသော်လည်း တံတားကြေး ကြီးမြင့်မှုကြောင့် ကုန်စည်ပို့ဆောင်ရေး နှုန်းထားများ မြင့်တက်နေဆဲဖြစ်သည်။
ထို့အပြင် တံတားများကို အချိန်အကန့်အသတ်ဖြင့် သွားလာခွင့် ပြုထားသည့်အတွက် သွားလာရေး အဆင်ပြေချောမွေ့ ရမည့်အစား အခက်အခဲတခုအဖြစ် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ရှုမြင်သည်။
၎င်းက “စစ်တောင်းတံတားကို ဖြတ်ဖို့ဆိုရင် မနက် (၆) နာရီကနေ ည (၈) နာရီထိပဲ ဖြတ်သန်းသွားလာခွင့်ရှိတယ်။ အဲတော့ တံတားတွေဆောက် လမ်းတွေဖောက်တာရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲလို့ ပြန်မေးစရာ ဖြစ်နေပါတယ်” ဟု ပြောသည်။
စစ်အစိုးရလက်ထက်တွင် မြန်မာ့အသက်သွေးကြောဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီမြစ်အပါအ၀င် ၎င်း၏ အဓိက မြစ်လက်တက်များပေါ်တွင် ဆည်တာတမံများ ပိတ်ဆို့မှု၊ တံတားများ တည်ဆောက်မှုကြောင့် ရေဝေရေလဲ ဧရိယာများ ကမောက်ကမ ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင် လေ့လာသူများက ပြောဆိုသည်။
ထို့အပြင် ပြည်တွင်းအခြေစိုက် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များက အသေးစိတ် စုံစမ်းဖော်ထုတ်ခွင့် မရရှိခြင်း၊ ပြည်ပအခြေစိုက် သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များနှင့် အလှမ်းကွာဝေးခြင်းတို့ကြောင့် ဧရာဝတီသည် အကာအကွယ်မဲ့လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာသူပညာရှင်များက သုံးသပ်ကြသည်။
စစ်အစိုးရက ဧရာဝတီမြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း (၇) ခုနှင့် မြစ်ဖြတ်တံတား (၈) စင်း တည်ဆောက်ခဲ့ပြီး ဧရာဝတီ၏အဓိက မြစ်လက်တက်များဖြစ်သော မြစ်ငယ်မြစ်၊ တာပိန်းမြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်တို့တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆည်တမံများ တည်ဆောက်ထားပြီးဖြစ်သည်။
ခေတ်ပြိုင်မှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.