13 January 2010

ကိုညီညီအောင်အမှု ပြင်ဆင်ခွင့် တင်သွင်းမည်

မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို စွဲဆိုထားသော ပုဒ်မများ အတွက် ရန်ကုန်တိုင်း တရားရုံးတွင် ပြင်ဆင်ခွင့်တင် ထားကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား စိစစ်ရေး ကတ်ပြား အတု ကိုင်ဆောင်မှု ပုဒ်မ (၄၆၈)၊ နိုင်ငံခြားငွေ စည်းကမ်း သတ်မှတ်ချက် ဖောက်ဖျက်မှုဆိုင်ရာ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁)၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) တို့ဖြင့် တရားစွဲဆိုထားခဲ့သည်။

ယင်းစွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃ ခုအနက် ပုဒ်မ (၄၆၈)ကို တိုင်းတရားရုံးတွင် ပြင်ဆင်ခွင့် တင်သွင်း ပြီးဖြစ်ကြောင်း ကျန်ရှိနေသည့် ပုဒ်မ(၂၄/၁)၊ ၆(၃) တို့အတွက်လည်း ပြင်ဆင်မှု တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။

“ပြစ်မှုဆိုင်ရာ ပုဒ်မ (၄၆၈)အတွက် တိုင်းတရားရုံးမှာပြင်ဆင်မှု မနေ့က တင်တယ်၊ စွဲချက်တင်တဲ့ ဥပဒေက မှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင်က အစိုးရဘက်က စွဲဆိုထားသည့်  နိုင်ငံသား မှတ်ပုံတင် အတုပြုလုပ်သုံးစွဲမှုဆိုင်ရာ ပုဒ်မဖြစ်သော စာရွက်စာတမ်း လိမ်လည် အတုပြုလုပ်သည့် ပုဒ်မ (၄၂၀)မှာ ပြုတ်သွားသည့် အတွက် အစိုးရဘက်က ရှေ့နေများကလည်း ပြင်ဆင်မှုတင်သွင်းရန် စီစဉ်နေသည်ဟု ကြားသိရကြောင်း၊ ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် တရားရုံး၌ အပြီးသတ်လျှောက်လဲချက်ပေးရန် ထပ်မံ ချိန်းဆို လိုက်ကြောင်း ၎င်းက ဆိုသည်။

အင်းစိန်ထောင်တွင်း တရားရုံးတွင် မနေ့က စစ်ဆေးခဲ့သော ကိုညီညီအောင်အမှုအတွက် ၎င်းတင်ပြထားသည့် သက်သေ များဖြစ်သည့် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် ဒေါ်စုစုကြည်တို့ ၂ဦး အနက် ဒေါ်စုစုကြည်ကိုသာ စစ်ဆေးခဲ့ကြောင်း သိရသည်။

“တရားရုံးကို သွားတယ် ဟိုကျတော့ တယောက်ပဲ စစ်မယ်ဆိုလို့ ဒေါ်စုစုကြည်ကို စစ်တယ်၊ အန်တီက အပေါက်ဝမှာ ထိုင်ကျန်ခဲ့တယ်၊ ပထမ ဦးဉာဏ်ဝင်းက မေးတယ်၊ နောက် အစိုးရ ရှေ့နေကလည်းသူလာတဲ့ အခါမှာနိုင်ငံခြားငွေ ပြဿနာဖြစ်ဖူးပါသလားပေါ့ စတာတွေ မေးတယ်” ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။

အမှုစစ်ဆေးပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ကိုညီညီအောင်နှင့် အနီးကပ် တွေ့ဆုံခွင့် ပေးခဲ့သည့် အတွက် ၀မ်းသာ ကြည်နှုးမိကြောင်း၊ ကျန်းမာရေး အခြေအနေမှာကောင်းမွန်နေသည်ဟု ဆိုကြောင်း ၎င်းက ဆက်ပြောသည်။

ကိုညီညီအောင်သည် ဒီဇင်ဘာလ အစောပိုင်းတွင် အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းသားများအပေါ် ဆက်ဆံရေး မတရားမှုကို မကျေနပ်သည့်အတွက် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း သတင်းများ ထွက်ပေါ် ခဲ့သည်။

၎င်းမှာ ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ တောခိုခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့သည်။ သူ အဖမ်းခံရပြီး ၃ ပတ်အကြာရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများ အတွက် တာဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာထဲတွင် စွပ်စွဲထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ (Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈) ကြိမ် ပြန်ခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။

ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် ၅ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၇ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရသည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.