18 January 2010

တက္ကစီ မီတာစနစ် အောင်မြင်မှုမရှိ



ရန်ကုန်မြို့ရှိ စီးတီးတက္ကစီ အများစုကို မီတာစနစ်ဖြင့် ပြေးဆွဲရန် ထုတ်ပြန် ထားသော်လည်း အောင်မြင်မှု မရှိသောကြောင့် ယာဉ်ပြေးဆွဲခွင့် ပိတ်သည်အထိ တင်းကျပ်သော အရေးယူမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့(CNG) ပြောင်းလဲ တပ်ဆင်ထားသည့် စီးတီးတက္ကစီများကို မီတာစနစ်ဖြင့် ပြေးဆွဲရန် ထုတ်ပြန်ထားပြီး အနီးစပ်ဆုံး ကျသင့်မည့် ဈေနှုန်း ဇယားများကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ၂၀၀၉ ခုနှစ် မတ်လ အတွင်း ထုတ်ပြန်ပေးခဲ့သည်။

ရန်ကုန်မြို့တွင်းတွင် စီးတီတက္ကစီ အစီးရေ စုစုပေါင်း ၁၅၀၀၀ ကျော်ခန့်ရှိရာ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့အထိ စာရင်းအရ ယာဉ် ၁၁၀၀၀ ကျော်ကို မီတာများ တပ်ဆင်ထားပြီးဖြစ်သည်။

မီတာစနစ်အရ ယာဉ်ပေါ်သို့ခရီးသည် စတက်လျှင် ကျပ် ၅၀၀၊ ခရီးစဉ် ၁ ကီလိုမီတာလျှင် ကျပ် ၁၅၀ နှုန်းနှင့် စောင့်ဆိုင်းခ အတွက် ၁ မိနစ် ၅၀ ကျပ်နှုန်း ကောက်ခံရန်ဖြစ်သည်။

သို့ရာတွင် အငှားယာဉ်မောင်းများအနေနှင့် မီတာစနစ်ဖြင့် မောင်းနှင်ပြေးဆွဲရသဖြင့် ၀င်ငွေလျော့နည်းလာသည်ဟု ယုဇန  ပလာဇာတွင် ဂိတ်ထိုးပြေးဆွဲနေသော အငှားယာဉ်မောင်း တဦးက ဆိုသည်။

“လူတွေက အထူးယာဉ်တွေ ပေါ်လာတော့ တက္ကစီ မစီးကြတော့ဘူး။ အဲဒီလိုဖြစ်နေရတဲ့အထဲ မီတာနဲ့မောင်းပါဆိုတော့ ဝင်ငွေက သိသိသာသာလျော့လာတယ်။ မီတာနဲ့မမောင်းရင်လည်း အဖမ်းခံရမယ်” ဟု ၎င်းကပြောသည်။

ယာဉ်ထိန်းရဲများမှာ စီးတီးတက္ကစီများကို တား၍ လိုက်ပါလာသည့် ခရီးသည်အား မီတာစနစ်ဖြင့် ငွေပေးခြေရခြင်း ဟုတ် မဟုတ်ကို စစ်ဆေးမေးမြန်းကြောင်းလည်း သိရသည်။

CNG ပြောင်းလဲ တပ်ဆင်ပြီးသော တက္ကစီများ၊ ကက၊ ခခ အက္ခရာ တက္ကစီများနှင့် ပါရမီ တက္ကစီများအားလုံးတွင် မီတာ စနစ်ဖြင့် ပြေးဆွဲခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရသည် ဖြစ်စေ၊ ခရီးသည်များက တိုင်ကြား၍ ဖြစ်စေ အရေးယူမည်ဖြစ်ကြောင်း ယာဉ် စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ အကြီးတန်း အရာရှိ တဦးကဆိုသည်။

“ပါရမီတက္ကစီတွေလည်း အရေးယူမယ်၊ အပြင်ကားတွေလည်း အရေးယူမယ်၊ အခုစီမံချက်က တော်တော်လေး ထိရောက်မှာပါ။ အဆင့် သုံးဆင့်အရေးယူမှာ” ဟု၎င်းကပြောသည်။

ပထမအကြိမ် အရေးယူခံရပါက စီမံခန့်ခွဲမှု နည်းလမ်းအရ ဒဏ်ငွေ ၁၁၅၀၀ ကျပ်နှင့် လိုင်စင်တလပိတ်သိမ်းမည် ဖြစ်ပြီး ဒုတိယ အကြိမ်အရေးယူခံရပါက ဒဏ်ငွေ ၃၁၅၀၀ ကျပ်နှင့် လိုင်စင် ၃ လပိတ်သိမ်းခံရမည် ဖြစ်ကာ တတိယအကြိမ် ဆိုလျှင် CNG ဓာတ်ငွေ့ ထုတ်ယူခွင့် စာအုပ် တလပိတ်သိမ်းခြင်း (သို့မဟုတ်) အငှားယာဉ် ပြေးဆွဲခွင့်ပိတ်သိမ်း၍ ယာဉ်နံပါတ်အနီမှ အနက်သို့ ပြောင်းလဲတပ်ဆင်သည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

“မီတာနဲ့က မကိုက်ဘူးဗျ။ အရင် ပါးစပ်ဈေးနဲ့ ၂၀၀၀ လောက် ဈေးခေါ်လို့ရတဲ့ ခရီးက မီတာနဲ့ဆိုရင် ၁၀၀၀၊ ၁၂၀၀ ၀န်းကျင်လောက်ပဲ ရတယ်။ တချို့တွေဆို မကိုက်လို့ မီးပွိုင့်ကြာကြာ မိတဲ့ လှည်းတန်းလို နေရာမျိုး ထိုးထားလိုက်တာ” ဟု အငှားယာဉ်မောင်းနှင်သူ ဦးအောင်မော်က ပြောသည်။

ယခုလက်ရှိတွင် မီတာအသုံးမပြုဘဲ မောင်းနှင်သော စီးတီးတက္ကစီ ၂၀၁၃ စီးကိုအရေးယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“အစိုးရက သူတို့ချထားတဲ့ စီမံကိန်း မအောင်မြင်တော့ ဖမ်းမယ်ဆီးမယ် ဆိုတဲ့နည်းနဲ့ ထိန်းချုပ်တာ။ မီတာ တပ်တုန်းကလည်း သူတို့ပဲ မတပ်မနေရဆိုပြီး တပ်ခိုင်းတာ။ ဘယ်ကားသမား၊ ဘယ်အုံနာမှ မတပ်ချင်ကြဘူး” ဟု အငှားယာဉ်များ တည်ထောင် ထားသူ တဦးကပြောသည်။
ဧရာဝတီမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.