17 January 2010

ရုပ်ရှင် အကယ်ဒမီပွဲ ကျင်းပရန် စီစဉ်နေ

၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို လာမည့်လ ပထမပတ်အတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဆိုအရ သိရသည်။

“ဖော်ဖော်ဝါရီ ပထမအပတ် စနေလောက်မှာ လုပ်ဖို့ရှိတယ်။ တရားဝင်တော့ ကျနော်တို့ဆီကို စာရောက်မလာသေးဘူး။ လုပ်မှာကတော့ အရင်နှစ်တွေလို နေပြည်တော်မှာပါပဲ။ အနုပညာရှင်တွေနဲ့ စာနယ်ဇင်းသမားတွေအတွက် အစည်းအရုံးက သွားဖို့ ကားတာဝန်ယူထားပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက မဇ္ဈိမကို ပြောသည်။

၂၀၀၇ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကိုလည်း နေပြည်တော် လဟာပြင်ဇာတ်ရုံ၌ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။

“ကျနော်တို့ လောကမှာ တစ်ပြေးနေတာတော့ မမို့ (မို့မို့မြင့်အောင်) လည်း ပြောကြတယ်၊ မခိုင် (ထွန်းအိနြင်္ဒာဗိုလ်) လည်း ပြောကြတယ်၊ ချစ်သုဝေလေးလည်း ပြောကြတာပဲ။ မင်းသားထဲကတော့ နေတိုးလည်း ပြောတယ်၊ ခန့်စည်သူလည်း ပြောတယ်၊ ကျော်ရဲအောင်လည်း ပြောနေကြတယ်။ ကျနော်ကတော့ မထင်တတ်ပါဘူး။ မှန်းရခက်လို့လေ။ အကယ်ဒမီပွဲ ဆိုတာကလည်း နတ်ကြီးသားဗျ” ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်ထူးချွန်ဆုများကို တနှစ်တာအတွင်း ရုံတင်ပြသခဲ့သော ဇာတ်ကားများအနက်မှ ဆုရွေးချယ်ရေးအဖွဲ့က ဓာတ်ပုံဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ တေးဂီတဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ ဇာတ်ကားဆု၊ အသံပိုင်းဆိုင်ရာဆု စသည့် သက်ဆိုင်ရာ အနုပညာနယ်ပယ် ကဏ္ဍအလိုက် ဆုပေါင်း ၁၁ ဆု ရွေးချယ်ပေးအပ်ခြင်း ဖြစ်သည်။

သို့သော် ပြီးခဲ့သည့်နှစ် ဆုပေးပွဲတွင် ပုံမှန်ချီးမြှင့်နေကျ ဆု ၁၁ ဆုအနက် အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ အသံပိုင်းဆိုင်ရာ ဆုတို့ကို ချီးမြှင့်ခြင်း မပြုဘဲ ဆု ၆ ဆုသာ ပေးခဲ့သည်။

“ဒီနှစ်လည်း မနှစ်ကလို ဖြစ်လာနိုင်တာပဲ။ ဘာလို့လဲဆိုတော့ ဟာသကား များတယ်လေ။ အကယ်ဒမီပေးရ ခက်တာလည်းပါသလို တချို့က သေချာရိုက်ပေမယ့် တချို့ကလည်း ပေါ့ပျက်ပျက် ရိုက်ထားတာတွေ ရှိတယ်လေ။ သူက အားစိုက်မှု ရာခိုင်နှုန်းများတဲ့ဘက်ကို ယိုင်သွားမှာပဲ” ဟု မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဆိုသည်။

၂၀၀၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု စာရင်းတွင် ဇာတ်ကား ၁၂ ကား ရွေးချယ်ထားပြီး ၎င်းတို့မှာ 'ကြိုးတန်း'၊ 'မြင့်မိုရ်ထက်က သရဖူ'၊ 'ငယ်သူမို့ မသိပါ'၊ 'အများနှင့် မသက်ဆိုင်သောသူ'၊ 'အမည်မဖော်လိုသူ အချစ်'၊ 'ဟော့ရှော့'၊ 'ရင်ခုန်နှင်းဆီ'၊ 'အချစ်က လန်းတယ်'၊ 'ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး'၊ 'အကယ်ဒမီရှော့ခ်'၊ 'ဒီဝါကျွတ်အမီ ခယ်မအမြန် အစွံထုတ်ရန်ရှိသည်'၊ 'ကဝေပျို၏ ပစ္စုပ္ပန်' တို့ ဖြစ်သည်။ ၎င်းဇာတ်ကားများအနက် ဇာတ်ကား ၈ ကားမှာ ဟာသဇာတ်လမ်းများ ဖြစ်သည်။

“တစ်ကြိုထဲမှာတောင် ဟာသကားက ရာခိုင်နှုန်း တဝက်ကျော်ကျော် ပါနေတဲ့အနေအထားက   မြန်မာ့ရုပ်ရှင်ဟာ အပျော်ဘက်ကို ဦးတည်နေတဲ့သဘောပေါ့။ လူတွေအားလုံး ပျော်ချင်၊ ရယ်ချင်နေကြတာပေါ့။ လူတွေက ပင်ပန်းကျပ်တည်းမှုတွေကြောင့် ဟာသဘက်ကို ထွက်ပေါက်တခုအဖြစ် သတ်မှတ်လာတဲ့သဘော ဖြစ်နိုင်ပါတယ်” ဟု ဒါရိုက်တာ မောင်မျိုးမင်းက ဆိုသည်။

မင်းသား နေတိုးသည် ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးသည့် 'မြင့်မိုရ်ထက်က သရဖူ' အမည်ရှိ မိဘမေတ္တာဘွဲ့ ဇာတ်ကားနှင့် မင်းသား ခန့်စည်သူသည် ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူး၍ ဝတ္ထု မင်းလူ၏ 'အများနှင့် မသက်ဆိုင်သောသူ' ဇာတ်ကားတွင် စိတ်မမှန်သူတဦးအဖြစ် သရုပ်ဆောင်ထားရာ ရုပ်ရှင်ပရိသတ်အကြား နှစ်ခြိုက်ခဲ့ကြသည်။

ကျော်ရဲအောင်၊ မိုမို့မြင့်အောင်နှင့် ထွန်းအိနြင်္ဒာဗိုလ်တို့သည် ဒါရိုက်တာ မီးပွား ရိုက်ကူးသည့် 'ကြိုးတန်း' အမည်ရှိ ဘဝသရုပ်ဖော် ဇာတ်ကားတွင် တံငါသည်များ၏ ဘဝကို ပီပြင်စွာ သရုပ်ဆောင်ထားကြသည်။
မဇ္ဈိမမှတဆင့်

No comments:

Post a Comment

မည်သည့်အကြံပေးစာကိုမဆို ဝေဖန်စာကိုမဆို ရေးသားနိုင်ပါသည်။မိတ်ဆွေတို့၏ အကြံပေးချက်များသည် ကျွန်တော်အတွက် အားအင်၊အကြံဥာဏ်သစ်များ ဖြစ်ပါသည်။

 

Copyright © 2009 ဒေါင်းဇာနည် All rights reserved.